မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ဖြစ်ပေါ်နေစဉ်ကာလတွင် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်ခဲ့သည်။ ထိုအခါ မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ၌ နိုင်ငံရေးပယောဂများ ဝင်ရောက်လွှမ်းမိုးပြီး ကျန်းမာရေးကဏ္ဍ ယိုင်လဲလုနီးပါးဖြစ်ပေါ်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်သူများမှာ အားကိုးရာမဲ့ပြီး အခက်အခဲ များဖြစ်ခဲ့ရာ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့များက လိုအပ်သည့်နေရာများ၌ အရေးပေါ်ကူညီကုသပေးခဲ့သည်။
လိုအပ်နေသော အခြေခံပြည်သူ့ကျန်းမာရေးကို ဖြည့်ဆည်းစောင့်ရှောက်ပေးရာ၌ သူနာပြုလုပ်ငန်းသည် အခြေခံကျသည့်ကဏ္ဍဖြစ်သည်။ ပြည်သူ့ကျန်းမာရေးအတွက် အရေးပေါ်လိုအပ်နေချိန်တွင် နိုင်ငံတော်အပေါ် သစ္စာစောင့်သိသည့် ကျန်းမာရေးဝန်ထမ်းများ၏ ကြိုးပမ်းစွမ်းဆောင်ခဲ့မှုများကို အသိအမှတ်ပြုရမည်ဖြစ်သည်။ ယခုအခါ အခြေခံပြည်သူ့ကျန်းမာရေး ကဏ္ဍအတွက် လိုအပ်နေသည့် လူ့စွမ်းအားအရင်းအမြစ်များကို ပြန်လည်ဖြည့်ဆည်းပေးနေပြီဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ သူနာပြုတက္ကသိုလ်နှစ်ခု၊ သူနာပြုသင်တန်းကျောင်း ၂၇ ကျောင်း၊ သားဖွားသင်တန်းကျောင်း ၂၃ ကျောင်း၊ နှီးနွှယ်သင်တန်းကျောင်း သုံးကျောင်းအပါအဝင် သင်တန်းကျောင်း ၅၃ ကျောင်းတို့မှ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးလျက်ရှိရာ လက်ရှိတွင် သင်တန်းသား သင်တန်းသူ ၃၆၅၂ ဦး သင်ကြားလျက်ရှိသည်။
သားဖွားသင်တန်းကျောင်းများတွင် (ပထမနှစ်) ဘက်စုံသားဖွား ဒီပလိုမာ သင်တန်းသူ ၅၂၁ ဦး တက်ရောက်သင်ကြားနေပြီး သူနာပြုတက္ကသိုလ်(မန္တလေး)တွင် သူနာပြုသိပ္ပံဘွဲ့ ကျောင်းသား ကျောင်းသူ ၅၀၀ ခန့် တက်ရောက်သင်ကြားနေသည်။ သူနာပြုတက္ကသိုလ်(ရန်ကုန်)တွင် တက်ရောက်သင်ကြားနေသော သူနာပြု သိပ္ပံဘွဲ့ ကျောင်းသား ကျောင်းသူ ၅၁၇ ဦးခန့်ရှိပြီး ၂၀၂၃ ခုနှစ်တွင် တက်ရောက်သင်ကြားမည့် (ပထမနှစ်) သူနာပြု-သားဖွားဒီပလိုမာ သင်တန်းသား သင်တန်းသူ ၄၀၄၅ ဦး ရှိသည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ်အတွင်း၌ သစ်လွင် သူနာပြုများအဖြစ် ခန့်အပ်တာဝန်ပေးသည့် သူနာပြုသားဖွား ဒီပလိုမာအောင်မြင်သူ ၁၅၇ ဦး အပါအဝင် သူနာပြုသားဖွားဒီပလိုမာ သုံးနှစ်သင်တန်းမှ ၈၄၃ ဦးနှင့် သူနာပြုသိပ္ပံဘွဲ့ရရှိသူ ၄၂ ဦး စုစုပေါင်း ၈၈၅ ဦးကို သစ်လွင်သူနာပြုများအဖြစ် တာဝန်ပေးအပ်နိုင်ခဲ့သည်။
၂၀၂၃ ခုနှစ်တွင် သူနာပြုသားဖွား မွေးထုတ်ပေးနိုင်မည့်ဦးရေမှာ သူနာပြု သားဖွားဒီပလိုမာ သုံးနှစ်သင်တန်းတွင် ၁၈၄၆ ဦး၊ သူနာပြုသိပ္ပံဘွဲ့(ပုံမှန်)သင်တန်း တွင် ၃၇ ဦး၊ ဘက်စုံသားဖွားဒီပလိုမာ နှစ်နှစ်သင်တန်းတွင် ၁၇၇ ဦး စုစုပေါင်း ၂၀၆၀ ရှိပြီး ၎င်းတို့အားလုံး သင်တန်းပြီးဆုံးပါက ကျန်းမာရေးဝန်ကြီးဌာနတွင် သစ်လွင် သားဖွားသူနာပြုများအဖြစ် တာဝန်ပေးခန့်အပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အနေဖြင့် ကုသရေးဦးစီးဌာနအောက်ရှိ ဆေးရုံများတွင် တာဝန်ထမ်းဆောင်နေသော သူနာပြုများအား ပညာရှင်ချီးမြှင့်စရိတ်နှင့် ညစာစားစရိတ် များကို ခံစားခွင့်ပြုပေးထားသည်။ ထို့အပြင် ဝတ်စုံစရိတ်၊ စားစရိတ်များကိုလည်း ခေတ်နှင့်အညီ ပြင်ဆင်တိုးမြှင့်ပေးခဲ့သည်။ ရာထူးတိုးအခွင့်အလမ်းအဖြစ် သူနာပြုဆရာမကြီးများအား အရာရှိလစာတိုးမြှင့်ပေးခြင်းကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံရပ်ခြားသို့ သူနာပြုစုခြင်းအတတ်ပညာများ လေ့လာဆည်းပူးခွင့်ပြုခြင်းနှင့် နေထိုင်ရန် ဝန်ထမ်းအိမ်ရာများကိုလည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်လူသားအရင်းအမြစ်များဖြစ်လာစေရန် နိုင်ငံတော်အစိုးရက များစွာရင်းနှီးမြှုပ်နှံမွေးထုတ်ပေးလျက်ရှိရာ ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် နိုင်ငံတော်အပေါ်တွင် သစ္စာစောင့်သိ ရန်လိုအပ်သည်။ နိုင်ငံတော်အစိုးရက ကျန်းမာရေးဝန်ထမ်းများအား အတတ်နိုင်ဆုံး ဖြည့်ဆည်းထောက်ပံ့ပေးလျက်ရှိပြီး နိုင်ငံတော်က ပေးအပ်သောနိုင်ငံ့တာဝန်နှင့် ပြည်သူများ၏အကျိုးအတွက် အနည်းဆုံး နိုင်ငံ့တာဝန် သုံးနှစ် ထမ်းဆောင်ရန်လိုအပ်သည်။ ကျန်းမာရေးဝန်ထမ်းများသည် ပြည်သူအားလုံးကို ကျန်းမာရေးစောင့်ရှောက်မှုပေးရန် တာဝန်ပေးထားသူများဖြစ်၍ နိုင်ငံရေးအရောင်အသွေး မရောယှက်ဘဲ ပြည်သူကို ကြည်ဖြူစွာကုသစောင့်ရှောက်ပေးရန်လိုအပ်သည်။ မည်သည့်အခြေ အနေတွင်မဆို လူနာများကိုတာဝန်မဲ့စွာ စွန့်ခွာသွားခြင်းမပြုလုပ်ဘဲ သူနာပြုကျင့်ဝတ်များနှင့်အညီ ကျင့်ကြံနေထိုင်လုပ်ကိုင်ကြရန် လိုအပ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်က မွေးထုတ်ပေးခဲ့သော ကျန်းမာရေးဝန်ထမ်းများသည် နိုင်ငံ့တာဝန်ကို အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ထမ်းရွက်ရာ၌ တာဝန်ကျရာဒေသအသီးသီးတွင် ပြည်သူလူထုကို နွေးထွေးပျူငှာစွာ ပြုစုကုသစောင့်ရှောက် ပေးခြင်းဖြင့် မွန်မြတ်သည့်ဂုဏ်ကို ထာဝရထိန်းသိမ်း မြှင့်တင်ကြရမည် ဖြစ်ပါကြောင်း။ ။