Skip to main content

လူ့အခွင့်အရေးကို အစဉ်တန်ဖိုးထားလေးစား

လူ့အခွင့်အရေးသည် လူသားအားလုံးရပိုင်ခွင့်ရှိသည့် ပစ်ပယ်၍မရသော မွေးရာပါအခွင့်အရေးဖြစ်သည်။ သို့သော်လည်း မိမိတို့၏ အခွင့်အရေးများကို ရရှိခံစားရာ၌ သူတစ်ပါး၏အခွင့်အရေးများကိုလည်း လေးစားတန်ဖိုးထားပြီး ထိခိုက်နစ်နာဆုံးရှုံးမှုမရှိရလေအောင် ကျင့်သုံးခြင်းမှသာ လူ့အခွင့်အရေး၏ အရေးပါသော၊ အဓိပ္ပာယ်ရှိသည့် အနှစ်သာရကိုရရှိမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရခဲ့ပြီး ဧပြီလ ၁၉ ရက်နေ့တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။ လွတ်လပ်ရေးရပြီး များမကြာမီ ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံ၌ပြုလုပ်သည့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အတည်ပြုထုတ်ပြန်ရေးအဖွဲ့ဝင်နိုင်ငံများက မဲခွဲဆုံးဖြတ်ရာတွင် မြန်မာနိုင်ငံအနေဖြင့် ထောက်ခံမဲပေးခဲ့ သည်။ မဲခွဲဆုံးဖြတ်မှုရလဒ်အရ ကုလသမဂ္ဂအထွေထွေညီလာခံက ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို အတည်ပြုထုတ်ပြန်ခဲ့ရာထုတ်ပြန်ခဲ့သည့် ဒီဇင်ဘာလ ၁ဝ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံအသီးသီး၌ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အခမ်းအနားများကို ပြုလုပ်ကျင်းပကြပြီး မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ ပါဝင်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသည် လူ့အခွင့်အရေးကို တန်ဖိုးထားလေးစားပြီး ကုလသမဂ္ဂ၏ ပြဋ္ဌာန်းချက်များနှင့်အညီ တစိုက်မတ်မတ် ပါဝင်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသည် ဗြဟ္မစိုရ်တရားလက်ကိုင်ထားသော နိုင်ငံဖြစ်သည့်အပြင် တစ်ဦးအပေါ်တစ်ဦးမေတ္တာထားပြီး ရိုင်းပင်းကူညီလေ့ရှိသည့် ဓလေ့စရိုက်အစဉ်အလာများရှိသည်။ မြန်မာတို့၏ ဓလေ့ထုံးစံအစဉ်အလာအတိုင်း နိုင်ငံတော်အစိုးရအနေဖြင့် လူသားတိုင်းရရှိခံစားပိုင်ခွင့်ရှိသည့် အခွင့်အရေးများ၊ လူသားအချင်းချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းစဉ်များကို အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးသဘောတူစာချုပ်များဖြစ်သော စီးပွားရေး၊ လူမှုရေးနှင့်ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာသဘောတူစာချုပ်၊ အမျိုးသမီးများအပေါ်နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်နှင့် မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်တို့တွင် စာချုပ်ဝင်နိုင်ငံအဖြစ် ပါဝင်ချုပ်ဆိုခဲ့ပြီး  ယင်းစာချုပ် များနှင့်ဆက်စပ်သည့် နောက်ဆက်တွဲသဘောတူစာချုပ်အချို့တွင်လည်း ပါဝင်ချုပ်ဆိုခဲ့ကာ စာချုပ်ပါပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိသည်။

“လူသားအားလုံးသည် လွတ်လပ်သူများအဖြစ် မွေးဖွားလာကြပြီး ဂုဏ်သိက္ခာနှင့် အခွင့်အရေးများတန်းတူရည်တူရှိကြသည်”ဟူသည့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ်(၁)ပါ ဖော်ပြချက်သည် တန်ဖိုးထားလေးစားလိုက်နာရမည့် အချက်ဖြစ်သည်။ တန်းတူညီမျှရေးနှင့် ခွဲခြားဆက်ဆံမှုမရှိရေးတို့သည် လူ့အခွင့်အရေး၏ အခြေခံအကျဆုံးသော အနှစ်သာရများဖြစ်သည့်အတွက် ကဏ္ဍအသီးသီးတွင် မညီမျှမှုများနှင့် ခွဲခြားဆက်ဆံမှုများမရှိစေရေးကို ဆောင်ရွက်လျက်ရှိသည်။ ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံအနေဖြင့်လည်း ပြည်သူပြည်သားများ၏ လူ့အခွင့်အရေးများ တန်းတူခံစားရရှိနိုင်ရေးနှင့် မညီမျှမှုများလျော့ကျစေရေးတို့အတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အပါအဝင် အခြားသက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးတို့နှင့်အတူ ချိတ်ဆက်ပူးပေါင်း၍ အားထုတ်ကြိုးပမ်းလျက်ရှိသည်။

ပြည်သူများအနေဖြင့် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုအခွင့်အရေးများကို တန်းတူညီမျှ အပြည့်အဝခံစားရရှိပြီး လူမှုဘဝမြင့်မားလာစေရေးနှင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတစ်ဝန်းလုံးတည်ငြိမ်အေးချမ်းမှုရှိရေးမှာ အဓိကကျသည်။ နိုင်ငံအတွင်း ငြိမ်းချမ်းသာယာဝပြောရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပါသဘောတူညီချက်များကို အလေးထားအကောင်အထည်ဖော်လျက်ရှိပြီး တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့်များကို သာတူညီမျှရရှိခံစားနိုင်ရေးအတွက် မျှော်မှန်းကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အခွင့်အရေးအခြေအနေများ ဟန်ချက်ညီညီမြင့်မားလာစေရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ ပြည်သူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ သတင်းမီဒီယာအဖွဲ့အစည်းများအားလုံး ပါဝင်ဆောင်ရွက်ကြကာ တန်းတူညီမျှမှုရှိရေး၊ အားလုံးပါဝင်နိုင်ရေးနှင့်ခွဲခြားဆက်ဆံမှုမရှိရေးစသည့် လူ့အခွင့်အရေးစံနှုန်းများကို လေးစားလိုက်နာကျင့်သုံးဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။     ။

ကြေးမုံ,အယ်ဒီတာ့အာဘော်