Skip to main content

အဂတိကင်းစင်သည့် အသိုက်အဝန်းဖန်တီး

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်နေ့ကကျင်းပရာ အခမ်းအနားသို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပြီး မိန့်ခွန်းပြောကြားရာ၌ “အဂတိလိုက်စားမှုများသည် အသွင်အမျိုးမျိုးဆောင်ပြီး ဖြစ်ပေါ်နေခြင်းဖြစ်သည့်အတွက် ဥပဒေကြောင်းအရသာမက ကောင်းမွန်သော ကိုယ်ကျင့်တရားထွန်းကားရေး နည်းလမ်းအရပါ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းသာမက အများပြည်သူနှင့်လည်း သက်ဆိုင်သည့် အကြောင်းအရာဖြစ်သည့်အတွက် အားလုံးပါဝင်ဆောင်ရွက်ကြရန် လိုအပ်သည် ဟု တိုက်တွန်းပြောကြားခဲ့သည်။

အဂတိလိုက်စားမှုသည် လူ့အသိုက်အဝန်းများကြားတွင် အစဉ်အဆက်ဖြစ်ပေါ်နေသော ပြဿနာတစ်ရပ်ဖြစ်သည်။ အဂတိလိုက်စားမှုသည် လူတစ်ဦးတစ်ယောက်တစ်ဖွဲ့ ကိုယ်ကျိုးစီးပွားအတွက် အများပြည်သူအကျိုးစီးပွားကို ထိခိုက်စေသည့် အမှုကိစ္စဖြစ်သည့်အပြင် အဂတိလိုက်စားမှု တာရှည်လာခြင်းကြောင့် တိုင်းပြည်အကျိုးစီးပွား ထိခိုက်နစ်နာမှုများဖြစ်လာရပေသည်။ အဂတိလိုက်စားမှုသည် တိုင်းပြည်အကျိုးစီးပွား ယုတ်လျော့စေသည့်ကိစ္စဖြစ်သည့်အတွက် “အဂတိလိုက်စားမှုများလေလေ ဆင်းရဲနွမ်းပါးမှုများလေလေ၊ ဆင်းရဲနွမ်းပါးမှုများလေလေ အဂတိလိုက်စားမှုများလေလေ ဖြစ်သည်။ ထို့ကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို မဟာဗျူဟာစီမံချက် (၂၀၂၂-၂၀၂၅) ရေးဆွဲချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေသည်။

အဂတိလိုက်စားမှုသည် လာဘ်ပေးလာဘ်ယူခြင်းထက် ပိုမိုကျယ်ဝန်းပေသည်။ တစ်စုံတစ်ယောက်သည် ခြိမ်းခြောက်ငွေညှစ်ခြင်း၊ လိမ်လည်ခြင်း၊ နိုင်ငံတော်ပိုင် ဘဏ္ဍာနှင့် ပစ္စည်းများကို အလွဲသုံးစားပြုခြင်း၊ မလျော်ဩဇာသုံး၍ မဲဆွယ်ခြင်း၊ မိမိမိသားစုနှင့် ဆွေမျိုးကောင်းစားရေးဝါဒအသုံးပြုခြင်း၊ မိမိနှင့်နီးစပ်အဆင်ပြေသူ ကောင်းစားရေးဝါဒရှိခြင်းတို့သည် အဂတိလိုက်စားမှုမြောက်သည့် အပြုအမူများဖြစ်သည်။ အဂတိလိုက်စားမှုသည် နိုင်ငံတော်ပိုင်၊ အများပြည်သူပိုင် ငွေကြေးပစ္စည်း၊ အခွင့်အရေးများဖြစ်သဖြင့် အဓိကအားဖြင့် လုပ်ပိုင်ခွင့်ရှိသူများသာမက ပါဝင်ဆက်နွှယ်သောလူများနှင့်လည်း ပတ်သက်ပေသည်။ နိုင်ငံတော်ကပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတစ်ရပ်ရပ်ကို ဖောက်ဖျက်ပြီး နိုင်ငံတော်၏ငွေကြေး၊ ပစ္စည်းနှင့်ပိုင်ဆိုင်မှုများကို ထိခိုက်နစ်နာစေပါက အဂတိလိုက်စားမှုမြောက်မည်ဖြစ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး၏ အနှစ်သာရသည် အများပြည်သူတို့၏ အကျိုးစီးပွားကို ကာကွယ်ပေးရန်နှင့် အဂတိကင်းစင်သည့် လူ့အဖွဲ့အစည်းဖြစ်စေရန် ရည်ရွယ်သည်။ ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်အစိုးရနှင့် ပြည်သူများအကြား ပေါင်းကူးတံတားသဖွယ် ဆက်သွယ်ပေါင်းစပ်ပြီး ယုံကြည်မှုတည်ဆောက်ပေးရသူများဖြစ်သည်။ ကောင်းမွန်သည့်အုပ်ချုပ်ရေးကို ပုံဖော်ရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များသည် အရေးပါသကဲ့သို့ ပြည်သူ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၏ စည်းကမ်းလိုက်နာမှု၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်စောင့်ထိန်းမှုများမှ လမ်းချော်လွဲမှားသွားစေသည့် အဓိကအချက်မှာ အဂတိလိုက်စားမှုကို ပြုလုပ်ခြင်းဖြစ်သည်။ အဂတိလိုက်စားမှု လျော့နည်းကျဆင်းရေးကို ဆောင်ရွက်ရာတွင် စုံစမ်းစစ်ဆေးအရေးယူမှုတစ်ခုတည်းဖြင့် ဆောင်ရွက်ပါက လုံလောက်မှုမရှိပေ။

အဂတိလိုက်စားမှုကို လုံးဝလက်မခံသည့် ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာစေရေးနှင့် အကျင့်ပျက်ခြစားမှုများ မရှိစေရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် အသိပညာပေးရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များကိုပါ အချိန်နှင့်တစ်ပြေးညီ အလေးထားလုပ်ဆောင်သွားရန် လိုအပ်ပေမည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာစီမံချက်တွင် တားဆီးကာကွယ်ခြင်း၊ အသိပညာပေးခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူခြင်းဟူသည့် လုပ်ငန်းစဉ်သုံးရပ်ကို ဟန်ချက်ညီညီ ပေါင်းစပ်လုပ်ကိုင်နိုင်ရန် ရေးဆွဲထားသည်။ မြန်မာတို့၏ ဘာသာတရားတွင် မကောင်းမှုတို့ကို အနည်းငယ်မျှပင် မပြုလုပ်မိရန် အသိပေးထားသည်။ မကောင်းမှုတို့ကို အနည်းငယ်မျှ စတင်ပြုလုပ်မိပါက စွဲမြဲသောအလေ့အထဖြစ်လာနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ အဂတိလိုက်စားမှုသည် ထိုနည်းအတိုင်း မကောင်းမှုဖြစ်၍ စွဲမြဲသွားသောအလေ့အထကို ဖျောက်ဖျက်ပစ်ရန်ခက်ခဲပြီး စတင်ကတည်းက မကောင်းမှုတို့ကို မပြုလုပ်မိစေရန် ကြိုးစားရမည်ဖြစ်သည်။

သို့ဖြစ်ရာ အဂတိကင်းစင်သည့် ယဉ်ကျေးမှု၊ အဂတိကင်းစင်သည့် လူ့အဖွဲ့အစည်း၏ အခြေခံမူသဘောတရားများ ပြန့်ပွားစေရေးအတွက် “ကျောင်းသား လူငယ် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး အသိပညာပေးအစီအစဉ်ကို လုပ်ဆောင်နေပြီဖြစ်ရာ အနာဂတ်တွင် ဖြောင့်မတ်သော၊ ကိုယ်ကျင့်တရားပြည့်ဝသော နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေရန်အတွက် အလေးထားဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း။ ။