နေပြည်တော် ဒီဇင်ဘာ ၁၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား ပူတာအိုလေဆိပ်ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။
ဒေသ၏ ထူးခြားသည့် ဝိသေသများကို အသုံးချ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် ပူတာအိုဒေသသည် ဝေးလံခေါင်းပါးသည့် ဒေသတစ်ခုဖြစ်ကြောင်း သွားလာမှုများ အဆင်ပြေချောမွေ့စေရေး အတွက် နိုင်ငံတော်မှ ဦးစားပေးဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသခံများ အနေဖြင့်လည်း မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်နိုင်သည့်ဘက်မှ ဆောင်ရွက်ကြရန်လိုကြောင်း၊ ပူတာအိုဒေသသည် ထူးခြားသည့်ဝိသေသရှိသည့် ဒေသတစ်ခု ဖြစ်ပြီး အေးမြသည့်ရာသီဥတုရှိကာ သဘာဝအလှတရားများဖြင့် ပြည့်စုံနေသည့် ဒေသတစ်ခု ဖြစ်ကြောင်း၊ ထို့ကြောင့် ပူတာအိုဒေသကို ခရီးသွားဒေသအဖြစ်ဆောင်ရွက်၍ ဒေသဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်နိုင်ကြောင်း၊ ဒေသ၏ထူးခြားမှုအဖြစ် ခရီးသွားများကို ဆွဲဆောင် နိုင်သည့် ကျောက်လုံးများကို စီ၍ကာရံထားသည့် ကျောက်စီခြံစည်းရိုးများလည်းရှိကြောင်း၊ အဆိုပါ ကျောက်လုံးစီခြံစည်းရိုးများကို လမ်းအလိုက်၊ ရပ်ကွက်အလိုက် စည်းကမ်းသတ်မှတ် ချက်များချမှတ်ကာ စနစ်တကျလှပသပ်ရပ်စွာဖြင့် ထူးခြားသည့်မြင်ကွင်းတစ်ခုအဖြစ် ဆောင်ရွက်ပြီး ဒေသ၏ Land Mark တစ်ခုအဖြစ် ပြည်တွင်း၊ ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်ကြောင်း၊ အလားတူ ဒေသ၏လူမှုပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်လှပစေရေး ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ မျက်စိပသာဒဖြစ်စေရေးအတွက်လည်း ပန်းအလှပင်များကို စနစ်တကျစိုက်ပျိုးရန်လိုကြောင်း။
စနစ်ကျနသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အားပေးမြှင့်တင်
ဒေသတွင်းဆန်ဖူလုံမှုရှိရန်လည်း တစ်ဧကချင်းအထွက်နှုန်းများ တိုးတက်အောင်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ Eating Quality ကောင်းမွန်သည့် အထွက်တိုးစပါးများကိုလည်း စိုက်ပျိုးရန်လိုကြောင်း၊ ၎င်းအပြင် စားရေးအတွက် အထောက်အကူပြုစေမည့် ဒေသနှင့် ကိုက်ညီသော ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများကိုလည်း ဖူလုံအောင်စိုက်ပျိုးကြရန် လိုကြောင်း၊ ဒေသအတွင်းစားရေးကို အထောက်အကူပြုစေမည့် မွေးမြူရေးလုပ်ငန်းများကို လည်း စနစ်တကျဖြင့် မွေးမြူဆောင်ရွက်ရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းအတွက် လိုအပ်သည့် တိရစ္ဆာန်အစာများကိုလည်း ဒေသတွင်းစိုက်ပျိုးထုတ်လုပ်နိုင်သကဲ့သို့ မွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများကိုလည်း ဇီဝမြေဩဇာအဖြစ် စိုက်ပျိုးရေး လုပ်ငန်းများတွင် အသုံးပြု၍ရကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ပြီး အခြားဒေသများနှင့် ပြည်ပသို့ တင်ပို့ရောင်းချခြင်းဖြင့် ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူပြုစေမည်ဖြစ်ကြောင်း။
ဂရိတ်ဖရုကဲ့သို့ ပူတာအိုဒေသတွင်သာ ကောင်းမွန်စွာထွက်ရှိသည့် အသီးများလည်းရှိပြီး အဆိုပါအသီးများ အရည်အသွေးကောင်းမွန်စွာဖြင့် အရေအတွက်များများ စိုက်ပျိုးထုတ်လုပ် နိုင်ရေးအတွက် နည်းပညာများဖြင့် စနစ်တကျသုတေသနပြု စိုက်ပျိုးရန်လိုကြောင်း၊ အလားတူ လက်ဖက်နှင့်ကော်ဖီများကိုလည်း စိုက်ပျိုးနိုင်သည့်ဒေသဖြစ်ခြင်းကြောင့် စိုက်ပျိုးမှု လုပ်ငန်းများ ယခုထက်ပိုမိုတိုးတက်အောင်မြင်အောင် ဆောင်ရွက်၍ ပြည်တွင်းပြည်ပ ခရီးသွားများကို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မည်ဆိုပါက ပူတာအို ဒေသသည် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။
ပညာရည်မြင့်မားခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည်
ပညာရည်မြင့်မားခြင်းသည် ဒေသများနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ချရသည့် အာမခံချက်ပင်ဖြစ်ကြောင်း၊ ပူတာအိုဒေသမှ ပညာတတ်များပေါ်ထွန်းခဲ့သည့် အစဉ်အလာ ကောင်းများရှိပြီးဖြစ်၍ ထိုအစဉ်အလာကို ဆက်လက်ထိန်းသိမ်းနိုင်ရန်လိုကြောင်း၊ ထို့ကြောင့် ပူတာအိုဒေသတွင်းရှိ ကျောင်းနေအရွယ်ကလေးငယ်များ ပညာရည်မြင့်မားတိုးတက်စေရေး အားလုံးဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ပညာရေးဝန်ထမ်းများမှပေးသည့် ပညာရေးသည် မိမိတို့ကလေးငယ်များ၏ အနာဂတ်ဘဝအထောက်အပံ့ကို များစွာ ဖြစ်စေနိုင်သောကြောင့် ပညာရေးဝန်ထမ်းများကိုလည်း အားပေးစောင့်ရှာက်ရန်လိုအပ်ကြောင်း၊ မိမိတို့၏ ကလေးငယ်များ၏ အနာဂတ်ဘဝခရီးတစ်လျှောက်လုံး ပူပင်ကြောင့်ကျကင်းစွာဖြင့် နေထိုင်နိုင်ရေးနှင့် ဘဝတိုးတက်ရေးအတွက် ပညာရေးကို အင်ပြည့်အားပြည့်ဖြင့် အားပေးပြီး လမ်းမှန်ကိုရောက်အောင် အားပေးဆောင်ရွက်ကြစေလိုကြောင်း၊ သို့မှသာ တစ်ဦးချင်း ပညာရည်မြင့်မားမှုမှ ဒေသတွင်းပညာရည်မြင့်မားမှုကိုဖြစ်ပေါ်စေပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူပြုစေမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။