Skip to main content

စုစည်းညီညွတ်သည့်အားကိုတည်ဆောက်၍ ဒေသနှင့်တိုင်းပြည်ကို ကာကွယ်စောင့်ရှောက် ကြရမည်

နေပြည်တော် ဒီဇင်ဘာ ၁၄

ဒေသခံတိုင်းရင်းသားများဖြင့် ပါဝင်ဖွဲ့စည်းထားသည့် တပ်များဖြစ်သဖြင့် ဒေသခံများနှင့်တပ် စည်းလုံးညီညွတ်မှုရှိရမည်ဖြစ်ပြီး စုစုစည်းစည်းဖြင့် ညီညီညွတ်ညွတ်ရှိရမည်ဖြစ်ကြောင်း၊ စုစည်းညီညွတ်သည့်အင်အားရှိမည်ဆိုပါက မည်သူမှမိမိတို့၏ တပ်ရင်းတပ်ဖွဲ့ကို ထိခိုက်အောင် ဆောင်ရွက်၍ရနိုင်မည်မဟုတ်ကြောင်း၊ အလားတူ ဒေသတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများအားလုံး အတူတကွစုစည်းညီညွတ်စွာ နေထိုင်မည် ဆိုပါက ဒေသကို မည်သူမျှထိ၍ရမည်မဟုတ်သဖြင့် စည်းလုံးခြင်း၏အားကို တည်ဆောက် ကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပူတာအိုတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တပ်နယ်ခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နှင့် တာဝန်ရှိသူများ၊  ပူတာအိုတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

စုစည်းညီညွတ်သည့် အားကို တည်ဆောက်

ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာတွင် ပူတာအိုဒေသသည် သွားရေး လာရေး ကန့်သတ်ချက်ရှိသည့်နေရာတစ်ခုဖြစ်ပြီး  ရာသီမရွေးသွားလာနိုင်ရေးအတွက် လမ်းပန်း ဆက်သွယ်မှု ပိုမိုအဆင်ပြေချောမွေ့စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပူတာအို ဒေသအတွင်း ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ဒေသတွင်တာဝန် ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံများ အားလုံး စည်းလုံးညီညွတ်စွာဖြင့် နေထိုင်ကြရန်လိုကြောင်း၊ နယ်မြေခံတပ်ဖြစ်သဖြင့် တပ်မတော်သားများနှင့် မိသားစုဝင်များတွင် ဒေသခံတိုင်းရင်းသားများနှင့်တိုင်းရင်းသူများပါဝင် ကြောင်း။

အမျိုးသမီးများသည် မိခင်စိတ်ရှိကြပြီး ၎င်း၏မိသားစုကို ကာကွယ်လိုသည့်စိတ် အခြေခံရှိပြီးဖြစ်ကြောင်း၊ အချို့သောဒေသများရှိတပ်ရင်းတပ်ဖွဲ့များသို့ လက်နက်ကိုင် အဖွဲ့များက အလစ်အငိုက် လာရောက်တိုက်ခိုက်ခဲ့ချိန်တွင် တပ်မတော်သားမိသားစုဝင် အမျိုးသမီးများအနေဖြင့် မိမိတို့၏သားသမီးများနှင့် မိမိတပ်ကိုမထိခိုက်အောင် ကာကွယ်လိုသည့်စိတ်ဖြင့် လာရောက်တိုက်ခိုက်သူများကို ရွပ်ရွပ်ချွံချွံ ပြန်လည် တိုက်ခိုက်ခဲ့ကြသည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း၊ မိခင်စိတ်နှင့် ဖခင်စိတ်ကို ပေါင်းစပ်လိုက်မည်ဆိုပါက မိသားစုတစ်ခုသည် စည်းလုံးညီညွတ်သည့်အားရှိသည့် မိသားစုတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း၊ ပူတာအိုဒေသတွင်လည်း အဆိုပါစိတ်ဓာတ်များ ရှိအောင် တည်ဆောက်သွားကြရန်လိုပြီး စုပေါင်းသည့်အားဖြင့် စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ပူတာအိုဒေသသည် အေးမြသည့်ဒေသဖြစ်သဖြင့် ရာသီဥတုနှင့်ကိုက်ညီပြီး မိမိတို့စားရေးကို အထောက်အကူပြုနိုင်သည့် စားပင်သီးနှံများကို စိုက်ပျိုးရန်လိုကြောင်း၊ အလားတူ မွေးမြူရေးလုပ်ငန်းများကိုလည်း အောင်မြင်ဖြစ်ထွန်းအောင် တတ်နိုင်သမျှ ဆောင်ရွက်နိုင်သည့် အခြေအနေရှိသောကြောင့် တပ်ဌာနချုပ်များတွင် တာဝန်ထမ်းဆောင်သူများအနေဖြင့် တပ်ပိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုလည်း အောင်မြင်ဆောင်ရွက်မည်ဆိုပါက စားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။

စည်းကမ်းစနစ်တကျရှိပြီး စစ်ရေးအသိ၊ စစ်ရေးသတိ အမြဲရှိရမည်

တပ်မတော်တွင် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာညွှန်ကြားချက်များ ရှိပြီးဖြစ်ကြောင်း၊ စည်းကမ်းတကျရှိစေရန်နှင့် စည်းစနစ်ကျနစေရန်အတွက် အမိန့်နှင့်ညွှန်ကြားချက်များ ထုတ်ပြန်ထားရှိခြင်းဖြစ်ကြောင်း၊ စစ်စည်းကမ်းများနှင့်အညီ နေထိုင်ကျင့်ကြံနေထိုင်ရန် လိုအပ်သကဲ့သို့ ကိုယ်ပိုင်အချိန်များတွင်လည်း စည်းကမ်းရှိစွာဖြင့် လွတ်လပ်စွာ နေထိုင်ရန် ခွင့်ပြုပေးထားကြောင်း၊ ဝတ်စားဆင်ယင်မှုနှင့်ပတ်သက်၍ သတ်မှတ်ဝတ်စုံများ ဝတ်ဆင်ရာတွင် စနစ်တကျရှိရန်လိုအပ်သကဲ့သို့ အရပ်ဝတ် ဝတ်ဆင်ရာတွင်လည်း သေသပ်မှု ရှိရန်လိုကြောင်း၊ စစ်စည်းကမ်းကောင်းမွန်ပြီး အမိန့်နာခံမှုရှိခြင်းသည် စစ်သည်တစ်ဦးချင်း၏ ဘဝအတွက် ကောင်းမွန်သည့် အလေ့အကျင့်တစ်ခုပင်ဖြစ်ကြောင်း၊ မိမိတို့နေ့စဉ် လုပ်ဆောင်နေရသည့် လုပ်ငန်းစဉ်များကို မှန်မှန်ကန်ကန်ဆောင်ရွက်၍ စည်းကမ်း၊ ကျင့်ဝတ်များနှင့်အညီ နေထိုင်လုပ်ကိုင်မည်ဆိုပါက လေ့ကျင့်သားပြည့်ဝပြီး အရည်အသွေး ပြည့်ဝသည့်စစ်သည်များ ဖြစ်လာမည်ဖြစ်ကြောင်း။

စစ်သည်တစ်ဦးချင်းအနေဖြင့် မိမိတို့ကိုင်ဆောင်နေရသည့် လက်နက်များ၊ အသုံးအဆောင် ပစ္စည်းများကို ကျွမ်းကျင်စွာအသုံးချနိုင်ရန်အတွက် အမြဲလေ့ကျင့်နေရန်လိုကြောင်း၊ သို့မှသာ စစ်မြေပြင်တွင် လက်နက်များကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ထိရောက်စွာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း၊ အလားတူ တာဝန်ထမ်းဆောင်ချိန်ကာလများတွင် သတိဖြင့် နေထိုင်လုပ်ကိုင် ဆောင်ရွက်ကြရန်လိုကြောင်း၊ စစ်မြေပြင်၌ အချိန်၊ ရာသီဥတု၊ မြေအနေအထားတို့အပေါ်တွင် မူတည်၍ အလစ်အငိုက်တိုက်ခိုက်ကြခြင်းဖြစ်သဖြင့် သွားသတိ၊ လာသတိ၊ စားသတိ၊ နေသတိဖြင့် နေထိုင်လုပ်ကိုင်ဆောင်ရွက်ကြရန်လိုကြောင်း။

ပညာရေးအားပေးမြှင့်တင်

စစ်သည်တစ်ဦးချင်း၏ သတ်မှတ်အချိန်အတွင်း ရာထူးတိုးတက်ရေးအတွက် သတ်မှတ်ချက်များ ချမှတ်ဆောင်ရွက်ပေးထားကြောင်း၊ မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှုများတွင် တာဝန် ကျေပွန်ခြင်း၊ စည်းကမ်းတကျရှိပြီး အမိန့်နာခံတတ်မှုရှိခြင်းတို့သည် မိမိတို့၏ အဆင့်တိုးမြှင့်ရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်သဖြင့် ဘဝတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ရရှိထားသည့် ရာထူးအဆင့်နှင့် လျော်ညီထိုက်တန်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊   သုတ၊ ရသများပြည့်စုံနေစေရန်အတွက် စာပေများကို ဖတ်ရှုလေ့လာနေရန်လိုကြောင်း၊ ထိုသို့ လေ့လာနိုင်ရန်အတွက် တပ်ရင်း၊ တပ်ဖွဲ့များအလိုက် စာကြည့်တိုက်များ ဖွင့်လှစ်ပေးထားကြောင်း၊ စာပေဖတ်ရှုခြင်းသည် မိမိတို့ဘဝအတွက် များစွာ အထောက်အကူပြုနိုင်သဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုများအားလုံး အမြဲမပြတ် ဖတ်ရှုလေ့လာ နေရန်လိုကြောင်း၊ အလားတူ တပ်မတော်သားမိသားစုဝင်များ၏ သားသမီးများ ပညာရည်မြင့်မားရေးအတွက် တပ်မတော်မှ အားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ မိမိတို့ ကိုယ်တိုင်ကလည်း အားပေးဆောင်ရွက်ကြရန်လိုကြောင်း။

ထို့ပြင် ပူတာအိုဒေသသည် ဝေးလံခေါင်ဖျားပြီး ရာသီဥတုအေးမြသည့် ဒေသဖြစ်သဖြင့် ကျန်းမာရေးကို အလေးထားနေထိုင်ရန်လိုကြောင်း၊ ကျန်းမာရေးကို အထောက်အကူ ဖြစ်စေသည့် ကိုယ်လက်လှုပ်ရှား အားကစားများဆောင်ရွက်ရန်နှင့် မိမိဘဝအတွက် အကျိုးမရှိသည့် အသောက်အစားနှင့်အပျော်အပါးများကို ဆင်ခြင်တုံတရားဖြင့် ထိန်းသိမ်းနေထိုင်ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် မှာကြားပြီး အရာရှိ၊ စစ်သည်၊ မိသားစု များ၏ လိုအပ်ချက်များကို မေးမြန်းသည်။

စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တပ်နယ်မှူးကလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ တပ်နယ်မှူး၏ဇနီးကလည်းကောင်း အသီးသီး လက်ခံရယူ ကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။