Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်မတော်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့အခမ်းအနားနှင့် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော် ဒီဇင်ဘာ ၁၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တပ်မတော်(လေ)၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့အခမ်းအနားတွင် နိုင်ငံတော်နှင့် တပ်မတော်၏ လေကြောင်းစွမ်းပကား မြင့်မားစေရန်အတွက် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတက်သင် လေတပ်စခန်းဌာနချုပ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(လေ)များနှင့်ဇနီးများ၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(ရေ)များ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ လေတပ် စခန်းဌာနချုပ်မှူးများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အခမ်းအနားစတင်ရန် ခွင့်ပြုချက်တောင်းပြီးချိန်တွင် (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(လေ) နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သည့် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနားကို ဂုဏ်ပြုသောအားဖြင့် တပ်မတော်(လေ)မှ စမ်းသပ်ထုတ်လုပ်သည့် MTX-1A အပါအဝင် PT-6 လေယာဉ် ၁၅ စီးဖြင့် အင်္ဂလိပ်အက္ခရာ 75 ပုံစံ အုပ်ဖွဲ့ပျံသန်း၍ ရှုရပ်မဏ္ဍပ်၏ ရှေ့တူရူမှ ပျံသန်းဝင်ရောက်ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ပျံသန်းအလေးပြုခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသည် (၇၅)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည့် တပ်မတော်(လေ)၏ စိန်ရတုနှစ်ပတ်လည်နေ့ အခမ်းအနားဖြစ်ကြောင်း၊ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့် ယနေ့တွင် တပ်မတော်(လေ)အတွက် အားသစ်လောင်းမည့် လေယာဉ်/ ရဟတ်ယာဉ်အသစ်များကို တစ်ပါတည်း တပ်တော်ဝင်ပေးသွားမည်ဖြစ်ကြောင်း၊ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ဆိုသည်မှာ ကြုံတောင့်ကြုံခဲ ဂုဏ်ယူစရာနေ့ထူးနေ့မြတ်ဖြစ်သည့်အတွက် အခမ်းအနားကို ကြွရောက်လာကြသည့် ဧည့်သည်တော်များ၊ ၇၅ နှစ်တာကာလအတွင်း တပ်မတော်(လေ)ကို ဦးဆောင်ခဲ့ကြသည့် အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(လေ)များ၊ တပ်မတော်(လေ)တွင် ဦးဆွေးဆံမြေ့ တာဝန်ထမ်းဆောင်နေကြသည့် အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များနှင့် အငြိမ်းစားစစ်မှုထမ်းအားလုံး ကိုယ်စိတ်နှလုံးသုံးပါးလုံး ချမ်းမြေ့သာယာပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သပါကြောင်း။

တပ်မတော်သည် လွတ်လပ်ရေးနှင့်အတူပေါက်ဖွားလာသည့် မျိုးချစ်တပ်မတော်ဖြစ်သကဲ့သို့ တိုင်းရင်းသားညီအကိုမောင်နှမများဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုတပ်မတော်လည်းဖြစ်ကြောင်း၊ နိုင်ငံတော်အပေါ်ကျရောက်လာနိုင်သည့် ပြည်တွင်း၊ ပြည်ပအန္တရာယ်များကို ကာကွယ်တားဆီးရန် အဓိကတာဝန်ရှိသည့် အဖွဲ့အစည်းလည်းဖြစ်ကြောင်း၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အတွက် ပြည်သူများနှင့်လက်တွဲပြီး အသက်၊‌ သွေး၊ ချွေးပေါင်းများစွာ ပေးဆပ်ဆောင်ရွက်ခဲ့ကြသည်ကို ခေတ်အဆက်ဆက် အထင်အရှားတွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့အစဉ်အလာကြီးမားသည့် ပြည်ထောင်စု တပ်မတော်ဆိုသည်မှာ တပ်မတော်(ကြည်း)၊ တပ်မတော်(ရေ)နှင့် တပ်မတော်(လေ) ဟူသည့် ညီနောင်တပ်ဖွဲ့ ၃ ခု ညီညွတ်စွာပေါင်းစုတည်ထောင်ထားသည့် နိုင်ငံလက်ရုံးအဖွဲ့အစည်းမျိုးကိုသာ ခေါ်ဆိုရမည့်အမည်နာမဖြစ်သည်ကို ဦးစွာပြောကြားလိုကြောင်း။

တပ်မတော်(လေ) ဖြစ်တည်လာပုံနှင့်ပတ်သက်ပြီး အနည်းငယ်ပြောကြားလိုကြောင်း၊ လေကြောင်းပျံသန်းမှုပညာရပ်သည် မြန်မာနိုင်ငံကို ဒုတိယကမ္ဘာစစ်မတိုင်မီ နယ်ချဲ့လက်အောက်ရှိနေစဉ်ကပင် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း၊ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းက လေတပ်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကာကွယ်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် တပ်ဖွဲ့တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပြီး လေတပ်ဖွဲ့စည်းနိုင်ရေး ခြေလှမ်းတစ်ရပ်အဖြစ် ဖြစ်ပေါ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင် ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်တွင် တပ်မတော်(လေ)အက်ဥပဒေကို ပြဋ္ဌာန်းခြင်းဖြင့် တပ်မတော်(လေ)ကို စတင်သန္ဓေတည်မွေးဖွားလာခဲ့ကြောင်း၊ တပ်မတော်(လေ) စတင်ဖွဲ့စည်းခဲ့သည့်အချိန်မှစပြီး ပြည်တွင်းသောင်းကျန်းမှုများ တိုင်းပြည်အနှံ့ပေါ်ပေါက်လာခဲ့သည့်အတွက် စီမံခန့်ခွဲမှု၊ လေ့ကျင့်မှုနှင့် ဖွဲ့စည်းမှုများပြုလုပ်နေဆဲ၌ပင် တိုက်ခိုက်ရေးတာဝန်များကို မဖြစ်မနေထမ်းဆောင်ရန် ဖြစ်လာခဲ့ရကြောင်း၊ Burma Air Force – BAF ကနေ Myanmar Air Force – MAF အဖြစ် ၁၉၉၀ ပြည့်နှစ်တွင် အမည်ပြောင်းလဲခဲ့ကြောင်း၊ ယခုစိန်ရတု ကာလပြည့်မြောက်သည့်နှစ်၌ စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံးတိုက်လေယာဉ်များ ရရှိပိုင်ဆိုင်လာခြင်းဖြင့် တပ်မတော်(လေ)အတွက် ထူးခြားသည့်အားအင်သစ်များ ဆောင်ကြဉ်းပေးလာခြင်းပင်ဖြစ်ကြောင်း။

စက်မှုလက်မှုအပိုင်းတွင် ခေတ်မီလေယာဉ်/ရဟတ်ယာဉ်နှင့် လက်နက်စနစ်များ၊ အထောက်အကူစနစ်များကို ပြည်တွင်း၌ပင် တတ်နိုင်သမျှ ပြုပြင်ထိန်းသိမ်းပြင်ဆင်ခြင်းများ ဆောင်ရွက်နိုင်ရေး လေယာဉ်နှင့် အင်ဂျင်ပြင်ဆင်ရေးအလုပ်ရုံများ၊ Universal Service Support Center များ၊ အစိတ်အပိုင်းထုတ်လုပ်ရေးအလုပ်ရုံများ ဖြည့်ဆည်းတပ်ဆင်ပေးခဲ့ကြောင်း၊ ထို့ကြောင့် ခေတ်မီစတုတ္ထမျိုးဆက်တိုက်လေယာဉ် များအထိ ပြည်တွင်း၌ ပုံမှန်စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်နေပြီဖြစ်ကြောင်း။

တပ်မတော်တွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ တာဝန်ထမ်းဆောင်လျက်ရှိပြီး အမျိုးသားများသာမက အမျိုးသမီးများပါ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်ကို တွေ့ရမည် ဖြစ်ကြောင်း၊ တပ်မတော်(လေ)၌ ၁၉၅၄ ခုနှစ်ကတည်းက အမျိုးသမီးအုပ်ချုပ်မှုအရာရှိ ၄ ဦး ရှိခဲ့ပြီးဖြစ်သည်ကို တွေ့ရကြောင်း၊ ၁၉၅၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်တွင် ဗိုလ်ဒေါ်လှသန်းက စက်မဲ့ဂလိုက်ဒါကို တစ်ဦးတည်းမောင်းနှင်ပြသခဲ့ခြင်းဖြင့် တပ်မတော်(လေ)၏ အမျိုးသမီးများ သမိုင်းကဏ္ဍသစ်ကို ဖွင့်လှစ်ခဲ့ကြောင်း။

ထို့နောက်ပိုင်းတွင် အမျိုးသမီးများ၏ကဏ္ဍ တိမ်မြုပ်ခဲ့ရသော်လည်း ၂၀၁၄ ခုနှစ်မှစပြီး အမျိုးသမီးများကို နိုင်ငံတော်ကာကွယ်ရေးတာဝန်များထမ်းဆောင်ရန် ပြန်လည်စီစဉ်ခဲ့ရာ ယခုအချိန်တွင် အုပ်ချုပ်မှုပိုင်းသာမက တိုက်လေသူရဲ၊ သယ်ယူပို့ဆောင်ရေးလေသူရဲနှင့် ရဟတ်ယာဉ်လေသူရဲ စသည်ဖြင့် တပ်မတော်(လေ)၏ ပျံသန်းရေးဆိုင်ရာကဏ္ဍမျိုးစုံအထိ အမျိုးသားလေသူရဲများနှင့်တန်းတူ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်လျက်ရှိကြောင်း။

တပ်မတော်(လေ)သမိုင်းတစ်လျှောက် ကြုံတွေ့ခဲ့ရသည့်တိုက်ပွဲများကို ပြန်ကြည့်မည်ဆိုပါက လေတပ်ဦးစီးချုပ်မှစ၍ လေသူရဲငယ်များအထိ အဆင့်အတန်းအားလုံးသည် နိုင်ငံတော်အတွက် အသက်ကိုပဓာနမထားဘဲ မျိုးချစ်စိတ်၊ စွန့်လွှတ်စွန့်စားစိတ်များဖြင့် ပေးဆပ်သက်သေပြခဲ့ကြသည်ကို ဂုဏ်ယူဖွယ်တွေ့ရှိရမည်ဖြစ်ကြောင်း၊ မဲခေါင်စစ်ဆင်ရေးကာလတွင် စွန့်လွှတ်စွန့်စားရင်း အသက်ပေးခဲ့ရသည့် လေသူရဲဒုဗိုလ်ပီတာ ကို နိုင်ငံတော်က “သူရ” ဘွဲ့ ချီးမြှင့်ပေးခဲ့ကြောင်း၊ အလားတူ ၁၉၇၇ ခုနှစ် ခြူးရွှေ- ပန်ကောက် တိုက်ပွဲကာလအတွင်း ရဲဝံ့စွန့်စားစွာတိုက်ခိုက်ရင်း ဗိုလ်မှူးအုန်းခိုင် ကျဆုံးခဲ့ရကြောင်း၊ ၎င်း၏ ပြောင်မြောက်သည့် သတ္တိနှင့်ရဲရင့်မှုများအတွက် နိုင်ငံတော်က “သူရ” ဘွဲ့ ချီးမြှင့်ပေးခဲ့ကြောင်း။

စွမ်းဆောင်နိုင်မှုများနှင့် အောင်မြင်မှုများသည် တပ်မတော်(လေ)ကို စတင်တည်ထောင်စဉ်ကစပြီး အခုအချိန်အထိ လက်ဆင့်ကမ်းတာဝန်ထမ်းဆောင်ခဲ့ကြသည့် အရာရှိ/စစ်သည်များ၏ မဆုတ်မနစ် စွမ်းစွမ်းတမံ ဆောင်ရွက်မှုများနှင့် စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်များကြောင့်သာဖြစ်ကြောင်း၊ ထိုကဲ့သို့ မြင့်မြတ်သည့်ဂုဏ်ဒြပ်များနှင့် အသက်ကိုပဓာနမထားဘဲ ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြသည့် စံပြုထိုက်သည့် သူရဲကောင်းစစ်သည်တော်များကို တပ်မတော်ဆိုင်ရာ စွမ်းရည်ဘွဲ့တံဆိပ်များ ပေးအပ် ချီးမြှင့်ခဲ့ရာ သီဟသူရဘွဲ့ ၁ ဦး၊ သူရဘွဲ့ ၂၆ ဦး၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ချီးမြှင့်ခံရသူ ၁၁၇ ဦးအထိ ချီးမြှင့်ခံရသည်ကို ဂုဏ်ယူဖွယ်တွေ့ရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ မြင့်မြတ်သည့် အစဉ်အလာကောင်းများကို လေးစားတန်ဖိုးထားပြီး လက်ဆင့်ကမ်းအမွေ ဆက်လက်ထိန်းသိမ်းသွားကြရန်လည်း တိုက်တွန်းမှာကြားလိုကြောင်း။

(၇၅)နှစ်တာကာလခရီးကို ဖြတ်သန်းလာခဲ့ပြီးသည့် ယနေ့အချိန်တွင် တပ်မတော်(လေ)သည် မျိုးဆက်သစ်လေသူရဲများဖြင့် စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံးတိုက်လေယာဉ်များ၊ နည်းဗျူဟာမြောက် သယ်ယူပို့ဆောင်ရေးလေယာဉ်များဖြင့် အဆင့်မြင့်တိုက်လေယာဉ်/ ရဟတ်ယာဉ်များကို အားမာန်အပြည့်မောင်းနှင်ပျံသန်းနိုင်ကြပြီဖြစ်ကြောင်း၊ နည်းပညာသုတေသနပြု စမ်းသပ်ထုတ်လုပ်နိုင်မှုအပိုင်းတွင်လည်း MTX-1A လေယာဉ်နှင့် SR-1 UAV များကို ကိုယ်တိုင်စမ်းသပ်ထုတ်လုပ်နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း။

တပ်မတော်(လေ)အနေဖြင့် စိန်ရတုခရီးကာလအတွင်း နိုင်ငံတော်ကာကွယ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးများအပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီရှာဖွေကယ်ဆယ်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး စသည့် ကဏ္ဍအသီးသီးတွင် ကျရာနေရာမှ ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ၇၅ နှစ်တာကာလအတွင်း နိုင်ငံတော်၏ ကျရာတာဝန်များကို ဦးဆွေးဆံမြေ့ တာဝန်ထမ်းဆောင်ခဲ့ကြသူများ၊ တာဝန်ထမ်းဆောင်ဆဲ တပ်မတော်(လေ) တပ်ဖွဲ့ဝင်များအားလုံးကို ဂုဏ်ပြုမှတ်တမ်းတင်ကြောင်းကို ပြောကြားလိုကြောင်း။

ယနေ့ တပ်တော်ဝင်မည့် လေယာဉ်၊ ရဟတ်ယာဉ်များ၏ စွမ်းပကားများ ထပ်မံပေါင်းစပ်လိုက်မည်ဆိုပါက တပ်မတော်(လေ)အနေဖြင့် မဟာဗျူဟာမြောက် အလှမ်းမီစစ်ဆင်နိုင်မှုအပြင် ရေငုပ်သင်္ဘော တန်ပြန်စစ်ဆင်နိုင်မှုများပါ ဆောင်ရွက် နိုင်မည်ဖြစ်သည့်အတွက် ဝေဟင်၊ မြေပြင်၊ ရေပြင်နှင့် ရေအောက် Dimension လေးခုလုံးတွင် စွမ်းအားပြည့် စစ်ဆင်နိုင်တော့မည်ဖြစ်ကြောင်း။

စိန်ရတုကာလအထိ သမိုင်းအဆက်ဆက် တိုင်းပြည်တာဝန်များကို ကျရာအခန်းကဏ္ဍမှ ကျေပွန်အောင်ထမ်းဆောင်နိုင်ခဲ့သည့် တပ်မတော်(လေ)၏ အစဉ်အလာကောင်းများကို မျိုးဆက်သစ်များက ဆက်လက်ထိန်းသိမ်းပြီး တို့တာဝန်အရေးသုံးပါးကို အစဉ်ဦးထိပ်ထားကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများတွင် တစ်တပ်တစ်အား ဆက်လက်ပါဝင်ဆောင်ရွက်သွားကြရန်၊ တပ်မတော်(လေ)မှ အရာရှိ၊ စစ်သည်အားလုံးသည် တပ်မတော်ရှိ အခြားသောညီနောင်တပ်ဖွဲ့များနှင့် ကျောချင်းကပ်၊ ရင်ချင်းအပ်ပြီး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြရန်၊ နောင်တော်သူရဲကောင်းစစ်သည်တော်များ၏ စွမ်းဆောင်နိုင်ခဲ့မှုများအတွက် ဂုဏ်ယူသင်ခန်းစာယူပြီး နောင်တော်များကဲ့သို့ ပေးအပ်လာမည့် တာဝန်နှင့်ဝတ္တရားများကို ဦးလည်မသုန် ကျေပွန်စွာဆက်လက်ထမ်းရွက်ကြရန်၊ ယခု တပ်တော်ဝင်ပေးလိုက်သည့် လေယာဉ်များကို စစ်သည်တော်ကျင့်ဝတ်ပါ “မိမိလက်နက်ကို ခင်မင်မြတ်နိုးပါ” ဟူသည့်အတိုင်း စည်းကမ်းစနစ်တကျ မြတ်နိုးစွာကိုင်တွယ်ပျံသန်းပြီး တပ်မတော်၏ဂုဏ်ကို မြှင့်တင်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။

(၇၅) နှစ်တာကာလတစ်လျှောက် နိုင်ငံတော်နှင့် တပ်မတော်အတွက် ကျရာကဏ္ဍအသီးသီးမှ တာဝန်ကျေပွန်အောင် မှတ်ကျောက်တင်ဆောင်ရွက်ခဲ့ကြသည့် တပ်မတော်(လေ) မိသားစုများအားလုံးကို ချီးကျူးဂုဏ်ပြုမှတ်တမ်းတင်ကြောင်းနှင့် အနာဂတ်ကာလတွင်လည်း ကျရာတာဝန်များကို စွမ်းစွမ်းတမံ ဆက်လက်ကြိုးပမ်းထမ်းဆောင်သွားကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်က လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားပြီးနောက် စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်က လေယာဉ်၊ ရဟတ်ယာဉ်များအား တပ်တော်ဝင်အဖြစ် ကြေညာသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်က လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အထိမ်းအမှတ် လေယာဉ်ရုပ်များ ပေးအပ်ခဲ့သည်။

ထို့နောက် လေယာဉ်၊ ရဟတ်ယာဉ်များ သရုပ်ပြအုပ်ဖွဲ့ပျံသန်းအလေးပြုခြင်းနှင့် ကျွမ်းထိုးသရုပ်ပြပျံသန်းခြင်းများပြသကြရာ ဦးစွာ အချိန်ကိုက်ပျံသန်းအလေးပြုခြင်း အစီအစဉ်အရ သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် ၁ စီးက နိုင်ငံတော်အလံကိုချိတ်ဆွဲပြီး တိုက်ခိုက်ရေးရဟတ်ယာဉ် ၃ စီးတို့က တပ်မတော်(ကြည်း၊ ရေ၊ လေ) အလံများကိုချိတ်ဆွဲလျက် Composite Trail Formation ခေါ်အတန်းလိုက်အုပ်ဖွဲ့ပုံစံဖြင့် ပျံသန်းခြင်း၊ အမျိုးအစားမတူညီသည့် ရဟတ်ယာဉ် ၄ စီးတို့က Composite Box Formation အုပ်ဖွဲ့ပုံစံဖြင့် ပျံသန်းအလေးပြုခြင်း၊ အပေါ့စားသယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ဖြင့် Hoist စွမ်းရည်ပြသခြင်း၊ သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်ဖြင့် Bambi Bucket အသုံးပြု၍ မီးငြိမ်းသတ်မှုအားသရုပ်ပြခြင်း၊ အမျိုးအစားမတူညီသော ကင်းထောက်လေယာဉ် ၁ စီး၊ သယ်ယူပို့ဆောင်ရေးလေယာဉ် ၂ စီးတို့ဖြင့် Composite Arrow Head Formation အုပ်ဖွဲ့ပုံစံ ပျံသန်းအလေးပြုခြင်းများ ဆောင်ရွက်ကြသည်။

ဆက်လက်ပြီး အမျိုးအစားမတူသည့် သယ်ယူပို့ဆောင်ရေးလေယာဉ် ၃ စီး တို့က Composite Arrow Head Formation အုပ်ဖွဲ့ပုံစံဖြင့် ပျံသန်းအလေးပြုခြင်း၊ မြွေဟောက်အုပ်ဖွဲ့မှ ဂျက်တိုက်လေယာဉ် ၁ စီး နှင့် အမောင်းသင်ဂျက်တိုက်လေယာဉ် ၃ စီးတို့သည် Composite Box Formation အုပ်ဖွဲ့ပုံစံဖြင့် ပျံသန်းအလေးပြုပြီး အမောင်းသင်ဂျက်တိုက်လေယာဉ် ၃ စီးမှ တပ်မတော်(လေ)ကို ကိုယ်စားပြုသည့် အဝါရောင်၊ အဖြူရောင်၊ အပြာရောင် မီးခိုးတန်း Smoke Trail များကို ထုတ်လွှတ်လျက်ပျံသန်းခြင်း၊ ဗုံးကြဲလေယာဉ် ၁ စီးနှင့် အပေါ့စားဂျက်တိုက်လေယာဉ် ၄ စီးတို့သည် Composite Arrow Head Formation အုပ်ဖွဲ့ပုံစံဖြင့်ပျံသန်းအလေးပြုခြင်း၊ ဘက်စုံသုံးဂျက်တိုက်လေယာဉ် ၁ စီးနှင့် ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ် ၄ စီး တို့သည် Composite Arrow Head Formation အုပ်ဖွဲ့ပုံစံဖြင့်ပျံသန်းအလေးပြုခြင်း၊ ဘက်စုံသုံးတိုက်ခိုက်ရေးလေယာဉ် ၆ စီးတို့က Wedge Formation အုပ်ဖွဲ့ပုံစံဖြင့်လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ပျံသန်းအလေးပြုခြင်းများဆောင်ရွက်ခဲ့ကြပါသည်။

ထို့နောက် ဘက်စုံသုံးဂျက်တိုက်လေယာဉ်ဖြင့် ပျံသန်းအလေးပြုပြီး လှုပ်ရှားစစ်ကစားနိုင်မှု စွမ်းရည်ပြသပျံသန်းရာ ဂျက်တိုက်လေယာဉ်သည် High Speed Flight ဖြင့် သရုပ်ပြပျံသန်းပြီး ရန်သူ့ထံမှ တန်ပြန်ပစ်ခတ်လာနိုင်သော လေကြောင်းရန်ကာကွယ်ရေးလက်နက်များအား ရှောင်ရှားပျံသန်းရာတွင် အသုံးပြုသည့် စစ်ကစားမှုပုံစံ Combat Turn ဖြင့် လေယာဉ်အား ရေပြင်ညီအနေအထားမှ ညာဘက်သို့ ရုတ်ချည်းကွေ့၍ ဆွဲတင်ရသည့် စစ်ကစားမှုပုံစံအား သရုပ်ပြခြင်း၊ Level 8 ဟုခေါ်သည့် အင်္ဂလိပ်အက္ခရာ ၈ ပုံသဏ္ဍန် ရေပြင်ညီကွေ့ဝိုက်ပျံသန်း သရုပ်ပြခြင်း၊ မိမိလေယာဉ်နောက်မှ ထပ်ချပ်မကွာလိုက်လာသော ရန်သူကို လှည့်စားသည့် အနေဖြင့် ဘယ် သို့မဟုတ် ညာသို့ Aileron Roll ပြုလုပ်ကာ စစ်ကစားမှုပြုလုပ်ပျံသန်းခြင်း၊ တိုက်လေယာဉ်တစ်စီးအတွက် Radius of Turn ကျဉ်းကျဉ်းကွေ့နိုင်ခြင်းအားဖြင့် လေယာဉ်ချင်း စီးချင်းထိုးစစ်ကစားချိန်တွင် အားသာမှုရရှိစေနိုင်ရန်ပြုလုပ်သည့် Maximum Banking Turn အား သရုပ်ပြပျံသန်းခြင်းများနှင့် အမြန်နှုန်းအနိမ့်ဆုံးဖြင့် စွမ်းရည်ပြရန်အတွက် Slow Flight ပျံသန်းခြင်းများအားဆောင်ရွက်၍ လေယာဉ်မောင်းစွမ်းရည်များအား ပြသခဲ့ကြသည်။

၎င်းနောက် စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံးအကြီးစားတိုက်လေယာဉ်ဖြစ်သည့် Su-30 SME တိုက်လေယာဉ် ၁ စီးဖြင့် ပျံသန်းအလေးပြုပြီး ၎င်းတိုက်လေယာဉ်၏ အဆင့်မြင့် လှုပ်ရှားစစ်ကစားမှု (High Performance Maneuver) များအား စွမ်းရည်ပြပျံသန်းခြင်းများ ဆောင်ရွက်သည်။

ထိုသို့ စွမ်းရည်ပြသရာတွင် Tail Slide ဟုခေါ်သော ဒေါင်လိုက်ပျံတက်ပြီး အမြန်နှုန်း Zero သို့လျှော့ချကာ အောက်သို့ ဒေါင်လိုက်ပြန်လည်လျှောကျသည့် ပျံသန်းမှုပုံစံအား သရုပ်ပြခြင်း နှင့် Flap Spin ဟုခေါ်သည့် ရေပြင်ညီအပြားလိုက် လည်ကျသောပျံသန်းမှုပုံစံအား သရုပ်ပြသသည်။ Flap Spin Maneuver သည် သာမန်ဂျက်တိုက်လေယာဉ်များ မပြုလုပ်နိုင်သော ပျံသန်းမှုအမျိုးအစားဖြစ်ပြီး Su-30 တိုက်လေယာဉ်တွင်မူ လေယာဉ်၏ အင်ဂျင်ပိုင်း၊ ကိုယ်ထည်ပိုင်းနှင့် ပျံသန်းမှုထိန်းသိမ်းသည့်စနစ်များကို အဆင့်မြင့်နည်းပညာများနှင့် ပေါင်းစပ်ပြုလုပ်ထားသောကြောင့် Flap Spin Maneuver ကို ဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းနောက် လိုအပ်သောအမြင့်သို့ အမြန်ဆုံးတက်ရောက်လိုသည့် အချိန်တွင်လည်းကောင်း၊ အမြန်နှုန်းလျော့နည်းနေစဉ်တွင် လေယာဉ်၏ဦးတည်ရာလမ်းကြောင်းအား ရုတ်ချည်းပြောင်းလဲလိုသော အချိန်တွင်လည်းကောင်း အသုံးပြုရသည့် စစ်ကစားမှုပုံစံအမျိုးအစားဖြစ်သော လေယာဉ်အား အပေါ်သို့ရုတ်ချည်းဒေါင်လိုက်ဆွဲတင်ပြီး တဆက်တည်းတွင် အောက်သို့ရုတ်တရက်ပြန်လည်စိုက်ဆင်းသည့် Zoom & Dive with 900 Maneuver အား သရုပ်ပြပျံသန်းခြင်း၊ မိမိလေယာဉ်၏နောက်မှ အနီးကပ်လိုက်ပါလာသည့် ရန်သူ့လေယာဉ်ကို မိမိ၏မြင်ကွင်း၊ ပစ်ကွင်းရှေ့သို့ ပြန်လည်ရောက်ရှိစေပြီး အမြန်ဆုံးပြန်လည်တိုက်ခိုက်နိုင်သည့် စစ်ကစားမှုပုံစံဖြစ်သော High AOA Roll အား သရုပ်ပြပျံသန်းခြင်းနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အမြန်နှုန်း 100 Km/hr ခန့်နှင့်ပျံသန်းသော Slow Flight ဖြင့် အလေးပြုပျံသန်းခြင်းများ ဆောင်ရွက်၍ လေယာဉ်မောင်းစွမ်းရည်များအား ပြသခဲ့ကြသည်။

ဆက်လက်၍ Su-30 တိုက်လေယာဉ်သည် မည့်သည့်အခြေအနေ၊ အမြန်နှုန်း၊ အမြင့်ပေတွင်မဆို လေယာဉ်ကွင်းသို့ ရုတ်ချည်းဆင်းသက်နိုင်စွမ်းရှိခြင်းအား Maximum Banking Turn & Loop for Landing Maneuver ဖြစ်သည့် လေယာဉ်ပြေးလမ်းအတိုင်းပျံသန်းလာပြီး ရုတ်တရက်ကွေ့ကာ တစ်ဆက်တည်းပင် ဒေါင်လိုက်အပေါ်သို့ဆွဲတင်၍ Loop ထိုးပြီး လေယာဉ်ပြေးလမ်းသို့ ပြန်လည်ဆင်းသက်သော ပျံသန်းမှုစွမ်းရည်အား ပြသပျံသန်းခဲ့သည်။

ထို့နောက် ဇီဝီတဒါနငှက်လွှတ်ခြင်းဆောင်ရွက်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက တပ်မတော်(လေ)၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ငှက်အကောင်ရေ ၇၅ ကောင်တို့အား ဘေးမဲ့လွှတ်ပေးကြပြီးနောက် တပ်တော်ဝင်လေယာဉ်၊ ရဟတ်ယာဉ်များအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။ ၎င်းနောက် တပ်တော်ဝင် လေယာဉ်၊ ရဟတ်ယာဉ်များအား လှည့်လည်ကြည့်ရှုကြပြီး အမှတ်ရစုပေါင်းဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် သရုပ်ပြအုပ်ဖွဲ့ပျံသန်းမှုတွင်ပါဝင်သော လေသူရဲများအား ဂုဏ်ပြုနှုတ်ဆက်စကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။

ယနေ့ ကျင်းပပြုလုပ်သည့် လေယာဉ်၊ ရဟတ်ယာဉ်များတပ်တော်ဝင်ခြင်း အခမ်းအနားတွင်ပါဝင်သည့် Su-30 SME လေယာဉ်သည် စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံး အကြီးစားတိုက်လေယာဉ်ဖြစ်ပြီး တပ်မတော်(လေ)အတွက် ပထမဦးဆုံးစတင်အသုံးပြုသည့် Heavy Fighter အမျိုးအစားဖြစ်ကြောင်းသိရှိရသည်။

FTC 2000 G လေယာဉ်သည် ဘက်စုံသုံးအပေါ့စားတိုက်ခိုက်ရေး လေယာဉ်အမျိုးအစားဖြစ်ပြီး ဝေဟင်-ဝေဟင်စစ်ဆင်ခြင်း၊ ဝေဟင်-မြေပြင်စစ်ဆင်ခြင်း၊ အနီးကပ် လေကြောင်းပစ်ကူပေးခြင်း၊ ပိုင်းဖြတ်တိုက်ခိုက်ခြင်း၊ လက်နက်တပ်ဆင်ကင်းထောက်ခြင်း တာဝန်များကို ထမ်းဆောင်နိုင်ကြောင်း၊ Ka-28 ရေငုတ်သင်္ဘောတိုက်ဖျက်ရေး ရဟတ်ယာဉ်သည် ပင်လယ်ပြင်ကင်းထောက်ခြင်း၊ ပင်လယ်ရေမျက်နှာပြင်အောက်ရှိ ရေငုတ်သင်္ဘောများအား ရှာဖွေတိုက်ခိုက်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်းတာဝန်များကို ထမ်းဆောင်နိုင်ကြောင်း၊ FT-7 ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ်နှင့် K-8W လေယာဉ် များသည် အမောင်းသင်ဂျက်တိုက်လေယာဉ်နှင့် အပေါ့စားတိုက်ခိုက်ရေးလေယာဉ် အမျိုးအစားများဖြစ်ပြီး ဝေဟင်-ဝေဟင်စစ်ဆင်ခြင်း၊ ဝေဟင်-မြေပြင်စစ်ဆင်ခြင်း၊ အနီးကပ် လေကြောင်းပစ်ကူပေးခြင်း၊ ပိုင်းဖြတ်တိုက်ခိုက်ခြင်း၊ လက်နက်တပ်ဆင် ကင်းထောက်ခြင်းနှင့် လွှဲပြောင်းသင်တန်းပို့ချခြင်း တာဝန်များကိုထမ်းဆောင်နိုင်ကြောင်း၊ Y-8 လေယာဉ်သည် သယ်ယူပို့ဆောင်ရေး လေယာဉ်အမျိုးအစားဖြစ်ပြီး အဓိကပုဂ္ဂိုလ်သယ်ပို့ခြင်း၊ ခရီးသည်သယ်ပို့ခြင်း၊ ကုန်ပစ္စည်းများသယ်ပို့ခြင်း၊ ကုန်ပစ္စည်းများသယ်ဆောင်ခြင်း၊ လေထီးခုန်ခြင်း၊ ပင်လယ်ပြင်ကင်းထောက်ခြင်း၊ ရှာဖွေကယ်ဆယ် ခြင်း တာဝန်များကို ထမ်းဆောင်နိုင်ကြောင်းသိရှိရပြီး တပ်မတော်(လေ)အတွက် အားသစ်လောင်းသည့်အနေဖြင့် ထပ်မံ၍ တပ်တော်ဝင်ခြင်းဖြစ်ကြောင်းသိရှိရသည်။

ယခုကဲ့သို့ တပ်မတော်(လေ)၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့အခမ်းအနားတွင် ဝေဟင်နှင့် မြေပြင်ကိုသာမက ရေပြင်ကိုပါကာကွယ်နိုင်သည့် စွမ်းဆောင်ရည်ရှိသော လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်နိုင်ခဲ့ခြင်းသည် နိုင်ငံတော်နှင့် တပ်မတော်အတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်းတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် တပ်မတော်(လေ)၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့နှင့် လေယာဉ်/ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနားအထိမ်းအမှတ်အဖြစ်ပြုလုပ်သည့် ဂုဏ်ပြုပြခန်းများ၊ လေတပ်စခန်းဌာနချုပ်အသီးသီးမှ ဒေသထွက်အမှတ်တရပစ္စည်းအရောင်းဆိုင်များနှင့် ဒေသထွက်ရိုးရာမုန့်အရောင်းဆိုင်ခန်းများ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အထိမ်းအမှတ်ပြခန်းနှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်များ ဖွင့်ပွဲအခမ်းအနားအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးသည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ တပ်မတော်(လေ)၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့အထိမ်းအမှတ် ပြခန်းအတွင်းပြသထားသည့် လေကြောင်းသမိုင်းမှတ်တမ်းများ၊ ခေတ်အဆက်ဆက်အသုံးပြုခဲ့သည့် တပ်မတော်(လေ)ဝတ်စုံများ၊ တပ်မတော်(လေ)သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ ကာကွယ် ရေးဦးစီးချုပ်(လေ) တာဝန်ထမ်းဆောင်ခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ သမိုင်းဝင် လေယာဉ်၊ ရဟတ်ယာဉ်များနှင့် ၎င်းတို့ဆင်နွဲခဲ့သည့် တိုက်ပွဲမှတ်တမ်းများ၊ လေယာဉ်၊ ရဟတ်ယာဉ်များတွင် အသုံးပြုလျက်ရှိသည့် Avionics ပစ္စည်းများ၊ ခေတ်မီမျိုးဆက်သစ် တိုက်ခိုက်ရေးလေယာဉ်ပုံစံငယ်များနှင့် လေသူရဲအသုံးအဆောင်ပစ္စည်းများ၊ တပ်မတော်(လေ)တွင်အသုံးပြုလျက်ရှိသည့် လက်နက်၊ ခဲယမ်းများ၊ တပ်မတော်(လေ)မှ စွမ်းရည်ဘွဲ့တံဆိပ်ရရှိခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ လေယာဉ်၊ ရဟတ်ယာဉ်များ၊ တပ်တော်ဝင်အခမ်းအနား မှတ်တမ်းဓာတ်ပုံများ၊ တပ်မတော်(လေ) အရာရှိ၊ စစ်သည်၊ အစားခန့်များအား လေ့ကျင့်ပျိုးထောင်မှုမှတ်တမ်းဓာတ်ပုံများ၊ တပ်မတော်(လေ)၏ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာမှတ်တမ်းဓာတ်ပုံများ၊ တပ်မတော်(လေ)၏ တိုးတက်ပြောင်းလဲလာမှုမှတ်တမ်းဓာတ်ပုံများ၊ ကာကွယ်ရေးဦးစီးချုပ်(လေ) အဆက်ဆက်က ဆုရလေသူရဲများအား ဆုချီးမြှင့်ပေးအပ်သည့် မှတ်တမ်းဓာတ်ပုံများ၊ တပ်မတော်(လေ)မှ ထုတ်လုပ်ထားသည့် လေကြောင်းအီလက်ထရောနစ်ဆိုင်ရာ စက်ပစ္စည်းများအား လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့်အဖွဲ့ဝင်များသည် တပ်မတော်(လေ)၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အထိမ်းအမှတ်စာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးကြပြီးနောက် လေတပ်စခန်းဌာနချုပ်များအလိုက် အမှတ်တရပစ္စည်းအရောင်းဆိုင်နှင့် မြန်မာ့ရိုးရာစားသောက်ဖွယ်ရာအရောင်းဆိုင်၊ စာအုပ်အရောင်းဆိုင်နှင့် တပ်မတော်မှထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များအား ဆက်လက်ကြည့်ရှုအားပေးပြီး အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။