နေပြည်တော် ဇွန် ၈
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Covid ရောဂါ မကူးဖို့အတွက် ရောဂါပိုးရှိသူနဲ့ ခွာခွာနေရမယ်ဆိုတာ Covid နဲ့ပတ်သက်လို့ အစောဆုံး သိရတဲ့အချက် တစ်ခု ဖြစ်ပါကြောင်း၊ ဘယ်သူ့မှာ ရောဂါပိုးဝင်နေပြီလဲဆိုတာ ကြည့်ရုံနဲ့ မသိနိုင်တော့ လူတိုင်းနဲ့ ဝေးဝေး နေရမယ်ဆိုတဲ့ သဘောဖြစ်သွားပါကြောင်း ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာမှ ယနေ့တွင် ရေးသား ဖော်ပြထားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က Covid နဲ့ပတ်သက်လို့ အခေါက်ခေါက်အခါခါ သတိပေး နေရတော့ ဖတ်ရတဲ့ သူတွေကို အားနာလာပါကြောင်း၊ ဒါပေမယ့်လည်း Facebook သုံးရတာကိုက covid ကိစ္စအတွက်ဖြစ်ပါကြောင်း၊ နောက်ပြီး စိတ္တဗေဒပညာရှင်တွေက လူတစ်ယောက် စွဲစွဲမြဲမြဲ မှတ်သွားဖို့ အကြိမ် (၂၀၀)လောက်ပြောရတယ်လို့ ဆိုပါကြောင်း၊ မိမိပြောတာ အကြိမ်(၂၀၀) တော့ မရှိသေးပါဘူး ထင်ပါကြောင်း။
အခုပြောမဲ့စကားကတော့ မိမိပြောတာထက် ကျန်းမာရေးဝန်ကြီးက ပြောတာလို့ ဆိုရမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးနဲ့ ကျန်းမာရေးဝန်ထမ်းတွေ စိတ်ပူနေရတဲ့ covid ကာကွယ်ရေး အတွက် အလိုအပ်ဆုံးနဲ့ လုပ်ရအခက်ခဲဆုံးကိစ္စတစ်ခုဖြစ်ပါကြောင်း။
Social distancing ဆိုတဲ့ အသုံးအနှုန်းနဲ့ မိမိတို့တွေ ဒီနှစ်မှ အကျွမ်းတဝင်ဖြစ်လာတာ ဖြစ်ပါ ကြောင်း၊ စကားလုံးရွေးတာနဲ့ ပတ်သက်လို့ကလည်း ဆွေးနွေးစရာရှိပါကြောင်း၊ Covid ရောဂါ မကူးဖို့အတွက် ရောဂါပိုးရှိသူနဲ့ ခွာခွာနေရမယ်ဆိုတာ Covid နဲ့ပတ်သက်လို့ အစောဆုံး သိရတဲ့ အချက်တစ်ခုဖြစ်ပါကြောင်း၊ ဘယ်သူ့မှာ ရောဂါပိုးဝင်နေပြီလဲဆိုတာ ကြည့်ရုံနဲ့ မသိနိုင်တော့ လူတိုင်းနဲ့ ဝေးဝေးနေရမယ်ဆိုတဲ့ သဘောဖြစ်သွားပါကြောင်း၊ ဒါကြောင့် ‘လူမှုရေး ဆက်ဆံရာမှာ ခွာခွာနေခြင်း’လို့ အဓိပ္ပါယ်ရောက်တဲ့ social distancing ဆော်ဩသံဟာ တစ်ကမ္ဘာလုံး ပျံ့နှံ့သွား ပါကြောင်း။
အချို့က social distancing အစား ‘ခန္ဓာကိုယ်အရ ခွာခွာနေခြင်း’ လို့ အဓိပ္ပါယ်သက် ရောက်တဲ့ physical distancing ဆိုတဲ့ အသုံးအနှုန်းက ပိုပြီးသင့်တော်တယ်လို့ ယူဆကြောင်း၊ ဘယ်အသုံးအနှုန်းကိုပဲ ရွေးရွေး၊ လုပ်ရတာကတော့ သိပ်မလွယ်တဲ့ကိစ္စဖြစ်ပါကြောင်း၊ တစ်သက် တာ အလေ့အကျင့်အရ လူသားများအကြား အထိအတွေ့ကတော့ ရှိနေတတ်တာပဲဖြစ်ပါကြောင်း၊ ဒါဟာ မိမိတို့ ကျန်းမာရေးကို တာဝန်ယူရတဲ့ဝန်ကြီးဌာနအတွက် စိုးရိမ်စရာဖြစ်ပါကြောင်း၊ အထူး သဖြင့် စျေးတွေမှာ social / physical distancing ကို လားလားမှ ဂရုမစိုက်သလို တိုးနေကြတာက ရောဂါပျံ့ဖို့ အားပေးနေသလိုဖြစ်နေပါကြောင်း။
မိမိတို့ကို အင်မတန်ဂရုစိုက်တဲ့ ကျန်းမာရေးဝန်ကြီး စိတ်သက်သာစေဖို့ ကြိုးစားပြီး ညွှန်ကြားချက်များနဲ့အညီ ခွာခွာနေကြစေလိုပါကြောင်း၊ စျေးရောင်း၊ စျေးသွားသူများ အထူး ဂရုစိုက်စေချင်ပါကြောင်း၊ Maskတပ်ဖို့၊ လက်ဆေးဖို့လည်း မမေ့ရန် လိုပါကြောင်း။
(၂၀၁)ကြိမ်အထိ ...... ဟု ရေးသားဖော်ပြထားသည်။