Skip to main content

နည်းပညာအသုံးပြု လူကုန်ကူးမှုတိုက်ဖျက်

လူကုန်ကူးခံရမှုများနှင့် အရေးယူဆောင်ရွက်မှုများကို နေ့စဉ်မြင်တွေ့ကြားသိ နေရသည်။ လူကုန်ကူးမှုသည် လူအချင်းချင်းစာနာမှုကင်းမဲ့စွာဖြင့် ခေါင်းပုံဖြတ် အမြတ်ထုတ်သော ခေတ်သစ်ကျေးကျွန်စနစ်ဖြစ်၍ လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရန်နှင့် လူကုန်ကူးမှုကျူးလွန်သူများအား ဖော်ထုတ်အရေးယူနိုင်ရန် အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်လျက်ရှိသည်။

လူကုန်ကူးမှုကျူးလွန်သူများကို ရှာဖွေဖော်ထုတ်၍ အရေးယူမှုများ စဉ်ဆက်မပြတ်ပြုလုပ်လျက်ရှိသော်လည်း လူကုန်ကူးခံရသည့်ပြဿနာများမှာ ဖြစ်ပွားနေ ဆဲဖြစ်သည်။ အဓိကမှာ ဆင်းရဲမွဲတေမှု၊ အသိပညာဗဟုသုတနည်းပါးမှု၊ နည်းပညာ ထွန်းကားမှုတို့ကြောင့် လူကုန်ကူးမှုပြဿနာအရှိန်အဟုန်မြင့်မားနေသည်ဟုဆိုနိုင် သည်။ မကြာသေးမီက ပွဲစားများမှတစ်ဆင့် အွန်လိုင်းပေါ်တွင် ဈေးရောင်းသည့် အလုပ်ကို လစာကောင်းကောင်းရရှိမည်ဟု လိမ်ညာလှည့်ဖြားခေါ်ဆောင်သွားပြီး နယ်စပ်မြို့တစ်မြို့ရှိ ဒုစရိုက်ဂိုဏ်းတစ်ခုသို့ ရောင်းစားခြင်းခံရသည့်သတင်းတစ်ပုဒ်ကို စိတ်မကောင်းဖွယ်ကြားသိရသည်။

မြန်မာနိုင်ငံအနှံ့မှ ငယ်ရွယ်သူအမျိုးသား၊ အမျိုးသမီးတို့သည် အလုပ်အကိုင်ရလိုမှုဖြင့် အုပ်စုအလိုက် နယ်စပ်မြို့သို့ရောက်ရှိသွားရာမှ လိမ်ညာခံရသည့်အဖြစ်ဆိုးနှင့်ကြုံကြရသည်။ လူကုန်ကူးမှုပြဿနာသည် ပြည်တွင်း၌သာမက နယ်စပ်ဒေသနှင့် ပြည်ပနိုင်ငံသို့ပင် ပျံ့နှံ့ရောက်ရှိကြုံတွေ့နေသည်။ သတင်းအချက်အလက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုအပေါ် လူကုန်ကူးမှုကျူးလွန်သူများ၏ အမြတ် ထုတ်အသုံးချနေမှုများကို တားဆီးနှိမ်နင်းရန်အတွက် စိန်ခေါ်မှုများနှင့်ကြုံတွေ့လျက်ရှိရာ UNODC က နည်းပညာကိုအသုံးပြု၍ လူကုန်ကူးမှုများအား တားဆီး ကာကွယ်ရန် တိုက်တွန်းထားသည်။

လူကုန်ကူးခံရသူများ၏ တွေ့ကြုံခံစားရမှုများအပေါ် အခြေခံသည့် တုံ့ပြန်မှုနည်းလမ်းများ၊ စုံစမ်းဖော်ထုတ်အရေးယူခြင်းများကို နည်းပညာအသုံးပြု၍ ရှာဖွေဖော်ထုတ်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်သည်။ နယ်စပ်ဒေသ အိမ်နီးချင်းနိုင်ငံများမှ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့အစည်းများနှင့် နီးကပ်စွာပူးပေါင်း ဆောင်ရွက်ပြီး နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုများကို ပူးပေါင်းစုံစမ်းဖော်ထုတ်မှုများ မြှင့်တင်ရန်နှင့် အွန်လိုင်းနည်းပညာအသုံးချဆောင်ရွက်မှုများ တိုးမြှင့်ဖော်ဆောင်ရန် လိုအပ်ပေသည်။ မကြာသေးမီက ပြည်ပနိုင်ငံတစ်နိုင်ငံတွင် လူကုန်ကူးခံရသော မြန်မာအမျိုးသမီးများအား သတင်းအချက်အလက်နှင့် နည်းပညာအသုံးပြု၍ ကယ်တင်နိုင်ခဲ့သည့်ရလဒ်ကောင်းများရှိသည်။

လူကုန်ကူးသူများက ဆိုရှယ်မီဒီယာကိုအသုံးပြု၍ လိမ်လည်စုဆောင်းသည့် အန္တရာယ်များ ဖြစ်ပေါ်လာသဖြင့် ကျူးလွန်သည့်မှုခင်းများကို စုံစမ်းဖော်ထုတ်နိုင်ရန် နည်းပညာဆိုင်ရာ အထောက်အကူပစ္စည်းများ အပြန်အလှန်ဖလှယ်ခြင်း၊ နိုင်ငံအသီးသီး၏ မတူကွဲပြားသော လူကုန်ကူးမှုဥပဒေများနှင့် ပြည်တွင်းရှိတည်ဆဲဥပဒေများ၊ တရားခံများ၏ ပြောင်းလဲအသုံးပြုလာသည့် ကျူးလွန်ပုံကျူးလွန်နည်းများနှင့် နည်းပညာတိုးတက်မှုတို့ကြောင့် မှုခင်းများစုံစမ်းဖော်ထုတ်ရန် ခက်ခဲခြင်း ကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းများဖော်ထုတ်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးခြင်းကြောင့် ဖြစ်ပေါ်လာသော လူကုန်ကူးမှုများ လျော့ပါးစေ ရေးအတွက် မှန်ကန်သော အလုပ်သမားစုဆောင်းမှု၊ တရားဝင်အလုပ်အကိုင်ရှာဖွေ ရေးလုပ်ငန်းများ ပိုမိုအားကောင်းလာစေရေးတို့ကို ကျင်းပလျက်ရှိသော မဲခေါင်မြစ်ဝှမ်းဒေသတွင်း လူကုန်ကူးမှုပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးအဆင့်အစည်း အဝေး၌ တိုက်တွန်းထားသည်။

မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးခံရနိုင်ခြေ အန္တရာယ်အများဆုံးရှိသော လူ့အသိုင်းအဝိုင်းများအတွင်းရှိ လူငယ်လူရွယ်များကို လူကုန်ကူးမှုနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းများနှင့်ပူးပေါင်းလက်တွဲကာ အသိပညာပေးခြင်းနှင့် ကာကွယ် စောင့်ရှောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ပြီးခဲ့သည့်နှစ်ကာလအတွင်း လူကုန်ကူးမှု ဖြစ်ပွားနိုင်ခြေမှ ကာကွယ်တားဆီးနိုင်မှု ၈၁ မှုနှင့် ကျူးလွန်ခံရနိုင်ခြေရှိသူ အမျိုးသား ၄၆၈ ဦး၊ အမျိုးသမီး ၃၇၂ ဦး စုစုပေါင်း လူငယ်လူရွယ် ၈၄၀ တို့ကို ကြိုတင်ကာကွယ်တားဆီးနိုင်ခဲ့သည်။ ပြည်ပနိုင်ငံများတွင် လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသားများကိုလိုအပ်သည့် ကူညီထောက်ပံ့မှုများ ရရှိအောင်ဆောင်ရွက် ခဲ့ရာ ယခုနှစ် တတိယသုံးလပတ်အတွင်း တရုတ်နိုင်ငံမှခြောက်ဦး၊ ကမ္ဘောဒီးယား နိုင်ငံမှ ၂၅ ဦး စုစုပေါင်း ၃၁ ဦးတို့ကို မြန်မာနိုင်ငံသို့ အဆင်ပြေစွာ ပြန်လည်ရောက်ရှိ နိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့သည်။

သို့ဖြစ်ရာ လူကုန်ကူးမှုသည် နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ပြဿနာများ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်၍ လူကုန်ကူးမှုပြဿနာများကို ပိုမိုထိရောက်စွာ တားဆီးကာကွယ် တိုက်ဖျက်အရေးယူနိုင်ရန်အတွက် ပြည်တွင်းရှိ အဖွဲ့အစည်းများအချင်းချင်း၊ ဒေသတွင်းနိုင်ငံများအချင်းချင်း ပူးပေါင်းချိတ်ဆက်၍ နည်းပညာကို အသုံးပြုပြီး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း။          ။