Skip to main content

လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်

မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမအပေါင်းတို့သည် မိမိတို့၏ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဓလေ့ထုံးတမ်း အစဉ်အလာများကို နှစ်ပေါင်းထောင်ချီ ထိန်းသိမ်းစောင့်ရှောက်ကြပြီး မရှိအတူရှိအတူ အေးအတူပူအမျှ စုပေါင်းနေထိုင်ခဲ့ကြသည့် သမိုင်းကြောင်းအစဉ်အလာကောင်းများရှိခဲ့ပြီး ရှေးပဝေသဏီကာလကပင် ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းဖြင့် ကမ္ဘာ့ အလယ်တွင် လွတ်လပ်ဝင့်ထည်၍ အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် တင့်တယ်စွာ ရပ်တည်ခဲ့ကြသည်။

တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်း ရံဖန်ရံခါအခန့်မသင့်သည့်အခါ ပဋိပက္ခများရှိခဲ့သော်လည်း ပြည်ထောင်စုဖွား ညီအစ်ကိုမောင်နှမများဟူသည့် အသိစိတ်ဓာတ်ဖြင့် ပြန်လည်သင့်မြတ်ပူးပေါင်းကြကာ အကျိုးတူနေထိုင်ခဲ့ကြသည်။ နှစ်ပေါင်းထောင်ချီကြာလာခဲ့သည့် သမိုင်းကြောင်းတစ်လျှောက်၌ ပြည်ထောင်စုအပေါ် ကျရောက်လာသည့် ပြည်ပအန္တရာယ်တို့ကိုလည်း တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ပူးပေါင်းလက်တွဲ၍ တွန်းလှန်တိုက်ထုတ်ခဲ့သည့် သမိုင်းကြောင်းအစဉ်အလာများရှိခဲ့သည်။ သို့ရာတွင် ကမ္ဘာတစ်ဝန်းလွှမ်းမိုးကြီးစိုးလာသော ကိုလိုနီစနစ်ဆိုးကြောင့် မြန်မာနိုင်ငံသည်လည်း အချို့နိုင်ငံများကဲ့သို့ (၁၉)ရာစု နှောင်းပိုင်းမှစ၍ ကိုလိုနီနယ်ချဲ့တို့၏ မတရားကျူးကျော်သိမ်းပိုက်ခြင်းကိုခံခဲ့ရပြီး နိုင်ငံတော်၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာလက်လွတ်ဆုံးရှုံးခဲ့ရသည်။

နှစ်ပေါင်းထောင်ချီ၍ အေးအတူပူအမျှ အတူတကွစုစည်းနေထိုင်လာခဲ့ကြသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှများသည် စည်းလုံးညီညွတ်သော ပြည်ထောင်စုစိတ်ဓာတ်နှင့် တိုင်းပြည်ကို ချစ်မြတ်နိုးသော ပြင်းပြသည့်မျိုးချစ် စိတ်ဓာတ်တို့ဖြင့် ကိုလိုနီနယ်ချဲ့တို့ကို သက်စွန့်ကြိုးပမ်းတွန်းလှန်တိုက်ထုတ်ခဲ့သည်။ စည်းလုံးညီညွတ်သော အမျိုးသားအားမာန်များဖြင့် လွတ်လပ်ရေးရရှိရန် ကြိုးပမ်းအားထုတ်ခဲ့ရာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံတော်အဖြစ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ယခုအခါ စည်းလုံးညီညွတ်သော ပြည်ထောင်စုစိတ်ဓာတ်အခိုင်အမာစိုက်ထူနိုင်ခဲ့မှုနှင့် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့သည်မှာ (၇၅)နှစ်မြောက် စိန်ရတုကာလသို့ပင် ရောက်ရှိလာပြီဖြစ်သည်။

နှစ်ပေါင်းထောင်ချီကာ အဓွန့်ရှည်တည်တံ့ခိုင်မြဲခဲ့သည့် ပြည်ထောင်စုကြီး၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာဆုံးရှုံးသွားခဲ့ရသည်မှာ ရက်ပိုင်းလပိုင်းမျှသာ ကြာမြင့်သော်လည်း ဆုံးရှုံးသွားသည့်လွတ်လပ်ရေးကို ပြန်လည်ရရှိအောင် နှစ်ပေါင်းများစွာ၊ အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရသည်ကို သင်ခန်းစာယူရမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံတွင် တိုင်းရင်းသားလူမျိုးအားလုံးပိုင်ဆိုင်သည့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာဆုံးရှုံးရသည်ထက် အခြားကြီးမားသည့်ဆုံးရှုံးမှုမရှိနိုင်သောကြောင့် ပြည်ထောင်စုကြီးအဓွန့်ရှည်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲစေရန် နိုင်ငံသားအားလုံး ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ရှိသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးပြန်လည်ရရှိပြီးနောက် နယ်ချဲ့တို့၏ နှစ်ပေါင်းတစ်ရာကျော် သွေးခွဲအုပ်ချုပ်ခဲ့မှုအကျိုးဆက်ကြောင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်းအကြား ယုံကြည်မှုများလျော့နည်းခဲ့ပြီး သံသယစိတ်များရှိလာသောကြောင့် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပေါ်လာကာ အဆိုးသံသရာတွင် နစ်မျောခဲ့သည်။ ပြည်တွင်းငြိမ်းချမ်းရေးကိုထိပါးလာခဲ့သည်။ ထိုအချိန်တွင် နိုင်ငံရေးအယူအဆနှင့် အာဃာတများကြီးမားမှုကြောင့် နိုင်ငံရေးအကွဲအပြဲများနှင့် ပဋိပက္ခများဖြစ်ပေါ်လာခဲ့သည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို တစိုက်မတ်မတ်မပြုလုပ်နိုင်ဘဲ နိုင်ငံရေးဝဲဂယက်ထဲတွင် နစ်မျောနေရသဖြင့် ဖွံ့ဖြိုးမှုနောက်ကျသော နိုင်ငံ ဖြစ်လာခဲ့သည်။

မျက်မှောက်ကာလတွင်လည်း အဆိုပါပြဿနာများကို ဆက်လက်ဖြေရှင်းနေရဆဲဖြစ်၍ ပြည်ထောင်စုကြီး အဓွန့်ရှည်ကြာတည်တံ့ခိုင်မြဲရေး၊ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်တိုင်းရင်းသားပြည်သူအားလုံး လွတ်လပ်ရေး၏အသီးအပွင့်များကို အားလုံးတန်းတူ မျှဝေခံစားနိုင်ရန်အတွက် စည်းလုံးညီညွတ်မှုကိုရေရှည်တည်တံ့ခိုင်မြဲအောင် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။ အတိတ်က ကိုလိုနီလက်ဟောင်းများ၏ ဆိုးမွေများကို ဖြေရှင်းနေရသည့်ကာလတွင် မျက်မှောက်ကာလ၌ ကိုလိုနီလက်သစ်များ၏ ဩဇာခံနိုင်ငံဖြစ်အောင် သွေးခွဲနှောင့်ယှက်ဖျက်ဆီးမှုများလည်း သတိပြုရမည်ဖြစ်သည်။

သို့ဖြစ်ရာ အတိတ်ကာလက ခါးသီးသောအတွေ့အကြုံများနှင့် မျက်မှောက်ကာလ တိုင်းပြည်ပြိုကွဲအောင်ဖန်တီးမှုများကိုဆင်ခြင်ပြီး မိမိနိုင်ငံ၊ မိမိလူမျိုးနှင့် ဘာသာသာသနာယဉ်ကျေးမှုတို့အပေါ်စောင့်သိပြီး ရင့်ကျက်သည့် အမျိုးသားရေးစိတ်ဓာတ်ဖြင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို နိုင်ငံသားတိုင်းက သမိုင်းပေးတာဝန်အဖြစ်ထမ်းရွက်ပြီး လွတ်လပ်ရေးကို ထာဝရတည်တံ့ခိုင်မြဲနေစေရန် ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်ပါကြောင်း။ ။

ကြေးမုံ,အယ်ဒီတာ့အာဘော်