Skip to main content

အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများ ဖော်ဆောင်

ရေရှည်ကောင်းမွန်မျှတသည့် စီးပွားရေးတိုးတက်မှု ဖော်ဆောင်ခြင်းကို အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှု၊ အစိမ်းရောင်စီးပွားရေးဟုဆိုကြသည်။ အစိမ်းရောင် စီးပွားရေးသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများကို ဆောင်ကြဉ်းလာမည့်ပုံစံဖြစ်သည့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ရွေးချယ်နိုင်မည့် အခွင့်အလမ်းကောင်း များစွာရှိနေသည်။ ထို့ကြောင့် အစိမ်းရောင်စီးပွားရေး လမ်းကြောင်းများကို ရွေးချယ်ကြရမည်ဖြစ်သည်။

ဤကမ္ဘာမြေသည် လူသားအားလုံးသာမက သက်ရှိအားလုံး လုံခြုံစိတ်ချစွာ နေထိုင်နိုင်သည့် အိမ်ကြီးသဖွယ်ဖြစ်သည်။ သက်ရှိအားလုံးအတွက် အကျိုးပြု ဝန်ဆောင်မှုများဖြစ်သည့် ရေ၊ သစ်ပင်၊ သီးနှံ၊ ဇီဝမျိုးစုံမျိုးကွဲ နှင့်ပတ်ဝန်းကျင်စသည့် ဤကမ္ဘာမြေမှ ဖန်တီးပေးထားသော သဘာဝအရင်းအနှီးများမှာ လူသားတို့၏ အလွန်အကျွံ အသုံးပြုမှုများကြောင့် တဖြည်းဖြည်း ကုန်ခန်းလာပြီဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုးပြီးနိုင်ငံများသာမက ဖွံ့ဖြိုးဆဲနိုင်ငံများပါ စီးပွားရေးတိုးတက်လာမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှု ဟန်ချက်ညီမျှတရေးတွင် စိန်ခေါ်မှုများစွာ ရှိနေဆဲဖြစ်သည်။

လူသားတို့အနေဖြင့် လူ့သဘောအရ ကိုယ်ကျိုးစီးပွားကိုသာ ရှေ့တန်းတင် လေ့ရှိ၍ ရှေရှည်အကျိုးကို အနည်းငယ်မျှသာ ထည့်သွင်းစဉ်းစားလေ့ရှိသည်။ စီးပွားရေးတိုးတက်မှုနှုန်း မြန်ဆန်စွာဖြစ်ထွန်း လာရေးအတွက် သဘာဝသယံဇာတများကို အလွန်အကျွံအသုံးချမှုနှင့် ပတ်ဝန်းကျင်ထိခိုက်မှုရှိသည့် စီးပွားရေးပုံစံမျိုးကိုသာ ရွေးချယ်တတ်ကြသည်။ ရေရှည်အကျိုးဆက်များကို ထည့်သွင်းစဉ်းစား လေ့မရှိသောကြောင့် လူသားများနှင့် သက်ရှိများအားလုံး ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ် နေသည်။ သို့ရာတွင် နိုင်ငံအစိုးရများနှင့် သက်ဆိုင်ရာများက ပတ်ဝန်းကျင်ထိခိုက်မှု ကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများကိုသိရှိကြ၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းသည့် ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်လာကြသည်။

ယင်းသည် အစိမ်းရောင်စီးပွားရေးဆီသို့ ခြေလှမ်းဦးတည်တက်လှမ်းနေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများသည် သဘာဝတရား၏တန်ဖိုးနှင့် လူသားများအား ထောက်ပံ့ပေးနေသည့် အကျိုးကျေးဇူးများအား သိသာလာရန်နှင့် လူများ၊ သဘာဝများနှင့် စီးပွားရေးကို အထောက်အကူပြုမည့် မူဝါဒနှင့်ရင်းနှီးမြှုပ်နှံမှု များတိုးတက်လာစေဖို့အတွက် အစိုးရ၊ ပုဂ္ဂလိက၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့်အတူ သက်ဆိုင်ရာပညာရှင်များပါ ပါဝင်လုပ်ဆောင် နေကြပြီဖြစ်သည်။ မကြာသေးမီက မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများက အစိမ်းရောင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံသည် အာရှဒေသတွင်း နိုင်ငံများနည်းတူ ဂေဟစနစ်အခြေပြုဖွံ့ဖြိုးရေးဆိုင်ရာ အခွင့်အလမ်းများစွာရှိသည်။ ရာသီဥတုပြောင်းလဲမှု၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုထိန်းချုပ်ရေးအတွက် ဒေသတွင်းနိုင်ငံများနှင့်အတူ ဖြေရှင်းဆောင်ရွက် လျက်ရှိသည်။ မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ရာသီဥတု ပြောင်းလဲမှုလျှော့ချရေးနှင့် ကာဗွန်မျှခြေရရှိရေးဆိုင်ရာ ခိုင်မာသည့်မူဝါဒနှင့် မဟာဗျူဟာအစီအစဉ်များချမှတ်ပြီး ဆောင်ရွက်လျက်ရှိသည်။ ပါရီသဘောတူညီချက်အရအမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျော ညီထွေဖြစ်စေရေးလုပ်ငန်းအစီအစဉ် (NDCs)” ကို ၂၀၂၁ ခုနှစ်တွင် တင်ပြခဲ့ပြီး ၂၀၃၀ ပြည့်နှစ် ကာဗွန်ထုတ်လုပ်မှု လျှော့ချရေးရည်မှန်းချက်များရရှိရေးအတွက် သဘာဝအခြေပြု ဖြေရှင်းရေး နည်းလမ်းများဖြစ်သည့် အမြဲတမ်းသစ်တောနယ်မြေများ၊ သဘာဝထိန်းသိမ်းရေးနယ်မြေများ၊ သစ်တောစိုက်ခင်းများ တိုးမြှင့်တည်ဆောက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် အစိမ်းရောင်စီးပွားရေးမူဘောင် ရေးဆွဲထားပြီး သန့်ရှင်းသော စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆက်လက်အရှိန်မြှင့်တင် ဆောင်ရွက်နိုင်ရေးနှင့် ဒေသတွင်းရှိပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရေးအတွက် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာမိတ်ဖက်နိုင်ငံများနှင့် အမြဲတမ်း ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ဖြစ်လျက်ရှိသည်။ ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန် မျှခြေရရှိရေးဆိုင်ရာ ရည်မှန်းချက်ပြည့်မီရေးအတွက် ကာဗွန်ကင်းစင်သည့်လျှပ်စစ် ကားထုတ်လုပ်ရေးကဏ္ဍ၊ အစိမ်းရောင်အဆောက်အအုံများ ဖွံ့ဖြိုးရေးနှင့် စွမ်းအင်ချွေတာရေးကဏ္ဍ၊ အစိမ်းရောင်သယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် စွန့်ပစ်အမှိုက်များ လျှော့ချရေးကဏ္ဍစသည့် နယ်ပယ်လေးခုကို စတင်ဆောင်ရွက်နေပြီဖြစ်သည်။

သို့ဖြစ်ရာ သက်ရှိများအားလုံး ရှင်သန်ရပ်တည်နေသော ဤကမ္ဘာမြေအိမ်ကြီးတွင် ထာဝရအဓွန့်ရှည်စွာ ရပ်တည်နေထိုင်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ပြည်သူအားလုံးတို့က အစိမ်းရောင်စီးပွားရေးလှုပ်ရှားမှုတွင် တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။           
အယ်ဒီတာ့အာဘော်