Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခရစ်တော်မွေးနေ့(ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော် ဒီဇင်ဘာ ၂၃

မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကတ်သလစ်ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံခရစ်တော်သာသနာပြန့်ပွားမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့က စုပေါင်းကျင်းပပြုလုပ်သည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်)ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ Holy Cathedral Church ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြို့တော်ဝန်၊ မြန်မာနိုင်ငံ ခရစ်ယာန်ကောင်စီမှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံကက်သလစ်သာသနာမှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်မှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံခရစ်တော်သာသနာပြန့်ပွားမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ်မှ ဆရာတော်ကြီးများ၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာဝင်များ၊ ကက်သလစ်လူငယ်အဖွဲ့များနှင့် ခရစ်ယာန်ဘာသာဝင်ရပ်မိရပ်ဖများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Holy Cathedral Church သို့ ရောက်ရှိကြရာ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုနှင့် သင်းအုပ်ဆရာကြီးများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက်အခမ်းအနားကို စတင်ကျင်းပပြီး သိက္ခာတော်ရဆရာစောစံအောင် (MCMC)က ခရစ္စမတ်ဆုတောင်းပြီး “ယေရှုကြွလာတော်ကျူး” ဓမ္မသီချင်းကို သံပြိုင်သီဆိုချီးမွှမ်းကြသည်။ ထို့နောက် သိက္ခာတော်ရဆရာ စောစမ်စန်(MBC)က ခရစ်ယာန်အဖွဲ့ချုပ်ကြီးကိုယ်စား ကြိုဆိုနှုတ်ဆက်စကားပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ခရစ္စမတ်နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ခရစ်ယာန်ဘာသာဝင်များအနေဖြင့် ခရစ္စမတ်ပွဲတော်ဝတ်ပြုကိုးကွယ်မှုအစီအစဉ်များကို နှစ်စဉ်ဒီဇင်ဘာလတွင် ကျင်းပကြလေ့ရှိပါကြောင်း၊ အထူးသဖြင့် နှစ်စဉ် ဒီဇင်ဘာလ ၂၅ ရက်ကို ခရစ္စမတ်နေ့အဖြစ်သတ်မှတ်ပြီး ကျင်းပလာခြင်းဖြစ်သည့်အတွက် ခရစ်ယာန်ဘာသာဝင်များ၏ ထူးကဲကြီးမြတ်သည့် နေ့ထူးနေ့မြတ်ဖြစ်ကြောင်းကိုလည်း ဂုဏ်ပြုပြောကြားလိုပါကြောင်း၊ ယခုကဲ့သို့ ခရစ္စမတ်ပွဲတော် နေ့ထူးနေ့မြတ်အခါသမယတွင် ခရစ်ယာန်ဘာသာဝင်များနှင့်အတူ ပါဝင်ဆင်နွှဲရသည့်အတွက် များစွာဂုဏ်ယူပါကြောင်းနှင့် ခရစ်ယာန်ဘာသာဝင်များအားလုံးနှင့်တကွ မြန်မာနိုင်ငံသူနိုင်ငံသားများအပါအဝင် ကမ္ဘာသူ၊ ကမ္ဘာသားများအားလုံး ခရစ်တော်၏ မေတ္တာတရားနှင့် ငြိမ်းချမ်းသာယာရှိကြပါစေဟု ထပ်လောင်းဆန္ဒပြုမေတ္တာပို့သအပ်ပါကြောင်း။

ခရစ္စမတ်ပွဲတော် ဝတ်ပြုကိုးကွယ်မှုဆောင်ရွက်ခြင်း၏ အနှစ်သာရသည် လူသားမျိုးနွယ်များအပေါ် ဘုရားရှင်၏ ကြီးမားလှသည့် မေတ္တာတရားများ၊ ချစ်ခြင်းတရားများ၊ ကရုဏာတရားများကို မျှဝေပေးခြင်း၊ ပြသပေးခြင်းဖြစ်ပါကြောင်း၊ တစ်ဦးအပေါ်တစ်ဦး မေတ္တာတရား၊ ချစ်ခြင်းတရားများဖြင့် ခရစ္စမတ်၏အနှစ်သာရကို လူသားအားလုံးက တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာ ငြိမ်းချမ်းသာယာ ဝပြောသည့်လူ့အဖွဲ့အစည်း၊ အသိုက်အဝန်းမှသည် အေးချမ်းသာယာသည့် ကမ္ဘာကြီးအဖြစ်ရောက်ရှိလာနိုင်မှာဖြစ်ပါကြောင်း။

ကမ္ဘာပေါ်တွင် ကိုးကွယ်မှုဘာသာများစွာရှိပြီး အဓိကဘာသာကြီး (၄)ခုအဖြစ် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာတို့ကို သတ်မှတ်ထားကြပါကြောင်း၊ မည်သည့်ဘာသာကိုကိုးကွယ်သည်ဖြစ်စေဘာသာတိုင်းသည် လူသားများအတွက် လောကီအကျိုး၊ လောကုတ္တရာကောင်းကျိုး၊ ငြိမ်းချမ်းမှု၊ မေတ္တာတရား၊ ချစ်ခြင်းတရား၊ ကရုဏာတရားများကိုသာ ညွှန်ပြပေးနေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ဘာသာတရားများ၏ ညွှန်ပြမှုအဆုံးအမများကို လိုက်နာကျင့်သုံး၊ ကျင့်ကြံကြမည်ဆိုပါက ငြိမ်းချမ်းသာယာသည့် လူ့အသိုက်အဝန်း၊ ငြိမ်းချမ်းသာယာဝပြောသည့် နိုင်ငံအဖြစ်တည်ရှိနေမည်မှာ ဧကန်မလွဲဖြစ်ပါကြောင်း။

မြန်မာနိုင်ငံတွင်ဘာသာကြီး (၄)ခုအပြင် အခြားသောဘာသာများကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားပါကြောင်း၊ နိုင်ငံတော်အနေဖြင့် အသိအမှတ်ပြုထားသည့်ဘာသာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်လျက်ရှိပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအခြေခံမူများပုဒ်မ ၃၄ တွင် “ငြိမ်ဝပ်ပိပြားရေးနှင့်သော်လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင့်တရားနှင့်သော်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့်သော်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြားပြဋ္ဌာန်း ချက်တို့နှင့်သော်လည်းကောင်းမဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာသာသနာရေးတွင် လွတ်လပ်စွာယူဆနိုင်သောအခွင့်အရေး၊ လွတ်လပ်စွာဆောင်ရွက်နိုင်သော အခွင့်အရေးတို့ကို အညီအမျှ ရရှိစေရမည်” ဟု ပြဋ္ဌာန်းထားပါကြောင်း။

မြန်မာနိုင်ငံတွင် အများဆုံးကိုးကွယ်မှုရှိနေသည့် ဗုဒ္ဓဘာသာနှင့်အတူ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့်အခြားသော ဘာသာဝင်များသည် ရှေးနှစ်ပေါင်း ပဝေသဏီထဲကပင် အတူတကွနေထိုင်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ မည်သည့်ဘာသာကိုမျှ ထိခိုက်နစ်နာစေခြင်း၊ ခွဲခြားဆက်ဆံခြင်းမရှိဘဲ လူမျိုးမရွေး၊ ဘာသာမရွေး အပြန်အလှန် လေးလေးစားစား ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးဖြင့် နိုင်ငံတော်၏ကောင်းကျိုးများကို ညီအစ်ကိုမောင်နှမရင်းစိတ်ထားနှင့် တည်ဆောက်ခဲ့ကြပါကြောင်း၊ ဆက်လက်ပြီးတည်ဆောက်ကြရန် လိုအပ်သကဲ့သို့ ဘာသာရေးကိုအလွဲသုံးစားပြုပြီး မိမိတို့နိုင်ငံသားများအချင်းချင်း၏အကြားတွင် စည်းလုံးညီညွတ်မှုပျက်ပြားအောင်၊ ပြိုကွဲအောင်လုပ်ဆောင်နေမှုများကိုလည်း အစဉ်သတိပြုကာကွယ်ကြရန်လိုအပ်သည်ကိုလည်း ပြောကြားလိုပါကြောင်း။

ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး အနည်းငယ်ပြောကြားလိုပါကြောင်း၊ ဘာသာတရားတိုင်းသည် ငြိမ်းချမ်းမှုကိုအခြေပြုထားသဖြင့် လူ့အဖွဲ့အစည်းတိုင်းတွင်လည်း ငြိမ်းချမ်းမှုလိုအပ်သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ငြိမ်းချမ်းရေးတံခါးများ အမြဲဖွင့်လှစ်ထားသကဲ့သို့ တပ်မတော်အနေဖြင့်လည်း ငြိမ်းချမ်းရေးအတွက် အမြဲအသင့်ရှိနေပါကြောင်း၊ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းအရ နိုင်ငံတော်ကိုတာဝန်ယူအုပ်ချုပ်သည့်အစိုးရတိုင်းသည် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါကြောင်း။

မိမိတို့အစိုးရ လက်ထက်တွင်လည်း ငြိမ်းချမ်းရေးအတွက်လုပ်ငန်းစဉ်များချမှတ်ပြီး အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ကြွရောက်လာကြသည့် ခရစ်ယာန်ဘာသာဂိုဏ်းပေါင်းစုံအသီးသီးမှ ဆရာတော်ကြီးများနှင့် ဘာသာပေါင်းစုံက အကြီးအကဲများအနေဖြင့်လည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းရေးရရှိနိုင်ရေးအတွက်မိမိတို့တတ်နိုင်သည့် ဘက်ကတတ်နိုင်သမျှနည်းလမ်းများနှင့် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်ဆောင်ရွက်ပေးကြပါရန်ပြောကြားလိုပါကြောင်း၊ မိမိတို့နိုင်ငံအတွက် အမျိုးသားရေးမျှော်မှန်းချက်(၂)ရပ်မှာ တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံပေါများရေးတို့ ဖြစ်ပါကြောင်း။

ဘာသာသာသနာ၏ အဓိကအဆုံးအမမှာ “သာယာဝပြောခြင်း” ဖြစ်သည့် အတွက်တိုင်းပြည်သာယာဝပြောရေးအတွက် မိမိဆန္ဒပြုသည့် ငြိမ်းချမ်းရေးနှင့်အတူ လူသားအားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ထပ်မံတိုက်တွန်းလိုပါကြောင်း၊ စည်းကမ်းတကျ နေထိုင်လုပ်ကိုင်ခြင်းသည် သာယာဝပြောမှုကိုရစေမည်ဖြစ်ပါကြောင်း၊ စားရေရိက္ခာဖူလုံပေါများခြင်းသည်လည်း တိုင်းပြည်သာယာ ဝပြောခြင်းကို တိုက်ရိုက်အထောက်ကူပြုပါကြောင်း၊ ထို့ကြောင့် နိုင်ငံအဝှမ်းရှိ ရဟန်းရှင်လူအားလုံးကိုယ်စီ ထိန်းသိမ်းကြိုးစားလုပ်ဆောင်သွားကြရန်လိုပါကြောင်း။

၂၀၂၂ ခုနှစ်အတွက်ကျင်းပသည့် ခရစ္စမတ်နေ့ထူးနေ့မြတ် အခါသမယမှစ၍ မြန်မာနိုင်ငံ၌အဓိကလိုအပ်နေသည့် တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေးတို့ အမြန်ရောက်ရှိနိုင်ရေးနှင့် ဘာသာတရားအားလုံး ငြိမ်းချမ်းစွာအတူလက်တွဲ နေထိုင်ရေးဆိုသည့်ကောင်းမြတ်သောအခွင့်အရေးများကို နိုင်ငံသားများအားလုံးရရှိနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြပါဟု တိုက်တွန်းပြောကြားလိုပါကြောင်း။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ ကျော်ကာလက ခရစ်တော်မွေးဖွားသည့် ညအခါသမယတွင် ကောင်းကင်တမန်များက သိုးထိန်းနေသည့် သိုးထိန်းများကို ကိုယ်ထင်ရှားပြပြီး “ရှင်လုကာအခန်းကြီး ၂ အခန်းငယ် ၁၄” တွင် ဖော်ပြထားသည့် “Peace on Earth and Good will toward men” “မြေကြီးပေါ်တွင်လည်း ငြိမ်သက်ခြင်းရှိစေသတည်း၊ လူတို့အား မေတ္တာကရုဏာရှိစေသတည်း” ဟု ပြောကြားချက်အတိုင်း ယနေ့ဝတ်ပြုကိုးကွယ်မှုအစီအစဉ်ကို ဦးဆောင်ကျင်းပသည့် မြန်မာနိုင်ငံခရစ်ယာန်ကောင်စီအပါအဝင် ခရစ်ယာန်ဘာသာဂိုဏ်းပေါင်းစုံမှ ဆရာတော်ကြီးများနှင့် ဆရာတော်များ၊ ပြည်ထောင်စုအဆင့်ဌာနဆိုင်ရာလူကြီးမင်းများ၊ တပ်မတော်အရာရှိကြီးများ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့မှလူကြီးမင်းများ၊ အထူးဧည့်သည်တော်များနှင့် နိုင်ငံသူနိုင်ငံသားများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး မေတ္တာတရားပွားများနိုင်ကြပါစေ၊ ပျော်ရွှင်ခြင်း၊ ရွှင်လန်းခြင်း၊ ငြိမ်သက်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ဝမ်းမြောက်ခြင်းနှင့်အတူ ခရစ္စမတ်၏ ကောင်းခြင်းမင်္ဂလာအဖြာဖြာ ခံစားနိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် Sr. Daisy(CBCM)က သမ္မာကျမ်းစာကိုလည်းကောင်း၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ဦးမြတ်ဆန်းက အပြန်အလှန်ဖတ်ကြားခြင်းကိုလည်းကောင်း၊ သာသနာပိုင်ချုပ်ကြီး စတီဗင်သန်းမြင့်ဦးက ခရစ္စမတ်ဒေသနာတော်ကိုလည်းကောင်း အသီးသီးဖတ်ကြားကြသည်။

ထို့နောက် သိက္ခာတော်ရဆရာ ဒေါက်တာမျိုးဝင်းနှင့် သိက္ခာတော်ရဆရာ ဒေါက်တာအေးမင်းတို့က ကျေးဇူးတင်စကားနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအတွက် အထူးဆုတောင်းခြင်းတို့ကိုဆောင်ရွက်ကြပြီး “တိတ်ဆိတ်ညသန့်ရှင်းညကျူး” ဓမ္မသီချင်းကို သံပြိုင်သီဆိုချီးမွမ်းကြသည်။

ယင်းနောက် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက ခရစ္စမတ်သတင်းကောင်းနှင့် ဆုမွန်စကားမျှဝေပြောကြားရာတွင် မင်္ဂလာရှိသော ခရစ္စမတ်အခါသမယတွင် ခရစ်ယာန်ဘာသာဝင်များသာမက ကမ္ဘာပေါ်ရှိလူသားအားလုံး ခရစ္စမတ်၏ကောင်းခြင်းမင်္ဂလာတို့ဖြင့် ပြည့်စုံပါစေကြောင်း၊ မြန်မာပြည်သူပြည်သား အားလုံးစစ်မှန်သည့် ငြိမ်းချမ်းရေးရရှိကြပြီး ခန္ဓာစိတ်ဝမ်းငြိမ်းချမ်းကြပါစေကြောင်း၊ ဘာသာရေး၊ စီးပွားရေး၊ လူမှုရေးမှအစအလုံးစုံတို့တွင် အဆင်ပြေချောမွေ့ကြပါစေကြောင်း၊ ငြိမ်းချမ်းသာယာဝပြောပြီး ဝမ်းမြောက်ခြင်းများနှင့် ပြည့်ဝနိုင်ကြပါစေကြောင်းဖြင့် ခရစ္စမတ်ဆုတောင်းပေးသည်။

ယင်းနောက် ခရစ္စမတ်အခါသမယ မိတ်သဟာယညစာစားပွဲဖြစ်မြောက်ရေးနှင့် ပါဝင်ပေးခဲ့သူများအားလုံးအတွက် ကျေးဇူးတော်ချီးမွှမ်းခြင်းဆောင်ရွက်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့အားဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို၊ သာသနာပိုင်ချုပ်ကြီး စတီဗင်သန်းမြင့်ဦးနှင့် သိက္ခာတော်ရဆရာ ဒေါက်တာအေးမင်းတို့က ခရစ္စမတ်အမှတ်တ ရမေတ္တာလက်ဆောင်ပန်းချီကားကိုပေးအပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ခရစ္စမတ်အထိမ်းအမှတ်လက်ဆောင်နှင့်အလှူငွေများ ပြန်လည်ပေးအပ်သည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကတ်သလစ်ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံခရစ်တော်သာသနာပြန့်ပွားမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့က တည်ခင်းဧည့်ခံသည့် မိတ်သဟာယညစာကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။