နေပြည်တော် ဒီဇင်ဘာ ၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများအား ရန်ကုန်မြို့၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) မင်္ဂလာခန်းမ၌ တွေ့ဆုံသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ရန်ကုန်မြို့တော်ဝန်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)မှ ဗဟိုအလုပ်အမှုဆောင်များ၊ ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ကဏ္ဍအလိုက် လိုအပ်ချက်များအား တင်ပြဆွေးနွေး
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက အသင်းချုပ် စတင်တည်ထောင်ခဲ့မှု၊ အသင်းချုပ်အားဖွဲ့စည်းထားရှိမှု၊ အသင်းချုပ်၏ညီနောင်အသင်းအဖွဲ့များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စိစစ်လက်ခံမှု၊ အသင်းချုပ်၏လည်ပတ်နေမှု၊ အသင်းချုပ်၏မူဝါဒများနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် UMFCCI ဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဖြစ်သူ ဦးရဲမင်းအောင်နှင့် တက်ရောက်လာကြသည့် ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများကအသင်းအဖွဲ့အလိုက် ဖွဲ့စည်းဆောင်ရွက်ထားရှိမှု၊ ကဏ္ဍအလိုက်မှပို့ကုန်များကို ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး နိုင်ငံတကာအသိအမှတ်ပြုဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ဆောင်ရွက်ရန်လိုအပ်မှု၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီနည်းစနစ်များအသုံးပြုဆောင်ရွက်ရန်လိုအပ်မှု၊ စက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်အရင်းအနှီး၊ ကျွမ်းကျင်လုပ်သားများ၊ နည်းပညာစသည်တို့တွင် ကူညီဆောင်ရွက်ပေးစေလိုမှု၊ လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများတင်သွင်းရာတွင် ကုန်ပစ္စည်းအရည်အသွေးပြည့်မီမှု စစ်ဆေးပေးနိုင်ရန်နှင့် ကုန်သွယ်ခွန်ကောက်ခံမှုအား သက်သာသောနှုန်းထားဖြင့် ခွင့်ပြုပေးစေလိုမှု၊ စက်မှုလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်လုပ်သားနှင့် အတတ်ပညာရှင်လူသားအရင်းအမြစ်များလိုအပ်မှု၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်ယူမှုတွင် ပုဂ္ဂလိကကဏ္ဍအားပေးကူညီစေလိုမှုနှင့် လျှပ်စစ်စွမ်းအင်သုံးသယ်ယူပို့ဆောင်ရေးယာဉ်များနိုင်ငံအတွင်း အသုံးပြုမှုတွင်ကျယ်လာစေရေးဆောင်ရွက်လျက်ရှိမှု၊ ပြည်တွင်းထုတ်ကုန်ပစ္စည်းများအား ဈေးကွက်ရရှိရေးကုန်စည်ပြပွဲများ တိုးမြှင့်ဆောင်ရွက်ရန်လိုအပ်မှု၊ ပြည်သူများအလုပ်အကိုင်ကောင်းမွန်စွာရရှိရေး၊ ပြည်ပပို့ကုန်များဈေးကွက်ပိုမိုရရှိရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစိုးရနှင့်စီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်ရန်လိုအပ်မှု၊ ICT ဆိုင်ရာသွင်းကုန်ပစ္စည်းများ အခွန်နှုန်းသက်သာစွာဖြင့်ရရှိရေး ကန့်သတ်ချက်များ ဖြေလျှော့ပေးစေလိုမှု၊ ကျောက်မျက်ရတနာရောင်းချပွဲများတွင် နိုင်ငံခြားငွေဖြင့်ရောင်းချသည့် ပြပွဲများအပြင် မြန်မာကျပ်ငွေဖြင့်ရောင်းချသည့် ပြပွဲများကိုလည်း စီစဉ်ဆောင်ရွက်ပေးစေလိုမှု စသည်တို့နှင့်ပတ်သက်၍ လိုအပ်ချက်များ အသီးသီးအကြံပြုဆွေးနွေးတင်ပြကြသည်။
ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး
ထို့နောက် တက်ရောက်လာကြသူများ၏ ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာ ကံဇော်၊ ဦးလှမိုး၊ ဒေါက်တာ ချာလီသန်း၊ ဦးအောင်နိုင်ဦးတို့က နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးရင်းနှီးမတည်ငွေနှင့် လိုအပ်ချက်များအား တတ်နိုင်သရွေ့ နိုင်ငံတော်မှဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိမှု၊ လိုင်စင်များနှင့်ပတ်သက်၍ အချိန်နှင့်တပြေးညီ အမြန်ဆုံးရရှိအောင် ဆောင်ရွက်ပေးလျက်ရှိမှု၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်ထုတ်ကုန်လုပ်ငန်းများအတွက်လိုအပ်သည့် နည်းပညာနှင့်အရင်းအနှီးများကို သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် လိုအပ်သည်များဆောင်ရွက်ပေးလျက်ရှိမှု၊ လျှပ်စစ်စွမ်းအင်သုံးသယ်ယူပို့ဆောင်ရေးယာဉ်များ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဝန်ကြီးဌာနများမှလည်း ကဏ္ဍအလိုက်ဆောင်ရွက်လျက်ရှိမှုနှင့် စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်နေမှု စသည်ဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက်အသီးသီး ပြန်လည်ဆွေးနွေးပြောကြားကြသည်။
စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)သည် ဖွဲ့စည်းတည်ထောင်မှုနှစ်ပေါင်း ၁၀၀ ကျော်ရှိပြီဖြစ်ပြီးအမှီအခိုကင်းသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ အစိုးရအဆက်ဆက်အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သကဲ့သို့ မိမိတို့အနေဖြင့်လည်း နိုင်ငံဖွံဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်ထုတ်လုပ်မှုများရှိမှသာလျင် ရောင်းဝယ်မှုများနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အနေဖြင့် စီမံဆောင်ရွက်ပေးရကြောင်း၊ ထုတ်ကုန်များရရှိရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)ကိုအခြေခံသည့်လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ့လူဦးရေ၏ ၇၅ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေပြည်သူများ ဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်ကြကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်မှု၊ ရောင်းဝယ်မှုများကိုဆောင်ရွက်ခြင်းသည် အကျိုးများစွာဖြစ်ထွန်းစေပြီး နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။
MSME လုပ်ငန်းများ၏ ရည်ရွယ်ချက်သည် ပြည်တွင်းစီးပွားရေးအားပေးရန်၊ သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်ပစ္စည်းများကို တိုးမြှင့်တင်ပို့နိုင်ရန်ဖြစ်ကြောင်း၊ ပြည်တွင်းစီးပွားရေးကိုအားပေးရန်အတွက် ကုန်ထုတ်လုပ်မှုများကို ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း၊ ဒီမိုကရေစီပထမအစိုးရနှင့် ဒုတိယအစိုးရသက်တမ်းတို့တွင် ပြည်တွင်းကုန်ထုတ်လုပ်မှုထက် ပြည်ပမှသွင်းကုန်တင်သွင်းမှုကို ဦးစားပေးခဲ့ခြင်းကြောင့် ကုန်သွယ်မှုလိုငွေများရှိခဲ့ကြောင်း၊ ပြည်တွင်းမှထုတ်လုပ်သည့် ထုတ်ကုန်များကိုဦးစားပေး၍ ဆောင်ရွက်ခြင်းသည် ပိုမိုအကျိုးဖြစ်ထွန်းစေကြောင်း၊ ပြည်တွင်းစီးပွားရေးတိုးတက်ရန်အတွက် လူတစ်စု၏စီးပွားတိုးတက်ရေးထက် လူအများစီးပွားရေး တိုးတက်ရန်လည်းလိုကြောင်း၊ ထို့ကြောင့် အများစုအကျိုးရှိနိုင်သည့် စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။
ခေတ်အဆက်ဆက်တွင် နိုင်ငံ့စီးပွားရေးတိုးတက်ရေးအတွက် စနစ်အမျိုးမျိုးဖြင့်ဆောင်ရွက်ခဲ့ကြကြောင်း၊ တပ်မတော်အစိုးရလက်ထက်တွင် ဈေးကွက်စီးပွားရေးစနစ်ဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှစ၍ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်လှမ်းချိန်၌ ဈေးကွက်စီးပွားရေးစနစ်ပိုမိုပီပြင်လာခဲ့ကြောင်း၊ သို့သော် နိုင်ငံတော်အစိုးရအနေဖြင့် ပုဂ္ဂလိကမှမလုပ်နိုင်သည့် အချို့သောစီးပွားရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေရကြောင်း၊ မိမိတို့၏ရည်ရွယ်ချက်မှာ ပုဂ္ဂလိကစီးပွားရေးကို အားပေးလိုခြင်းဖြစ်ကြောင်း၊ သို့သော်စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စည်းကမ်းပိုင်းဆိုင်ရာအရ အစိုးရတစ်ရပ်၏ ထိန်းကြောင်းမှုဖြင့်လည်းကင်း၍ ရနိုင်မည်မဟုတ်သောကြောင့် ယခုမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များ အသင်းအနေဖြင့်လည်း နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း။
မိမိတို့နိုင်ငံတွင် ထုတ်ကုန်ပစ္စည်းနည်းပါးမှုကြောင့် ရောင်းဝယ်မှုနည်းပါးခြင်းဖြစ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းများကိုအရည်အသွေးပြည့်မီစွာဖြင့် အရည်အတွက်များပြားစွာထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ရှိပြီးဖြစ်သည့်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် သယံဇာတပစ္စည်းများမှ ထုတ်ကုန်ပစ္စည်းများကို ထိရောက်စွာအသုံးချ၍ အကျိုးရှိစွာ အသုံးပြုမည်ဆိုပါကမိမိတို့နိုင်ငံ၏ စီးပွားရေးကဏ္ဍမှာတိုးတက်လာမည်ဖြစ်ကြောင်း။
နိုင်ငံတော်မှထုတ်ချေးပေးသည့် ချေးငွေနှင့်ပတ်သက်၍ ဖွံ့ဖြိုးရေးအရချေးငွေများရှိသကဲ့သို့ စီးပွားရေးအရထုတ်ချေးပေးသည့် ချေးငွေများရှိကြောင်း၊ နိုင်ငံတော်မှတတ်နိုင်သမျှ ရင်းနှီးမြှုပ်နှံငွေများထုတ်ချေးပေးလျက်ရှိကြောင်း၊ နိုင်ငံအတွင်းငွေကြေးလည်ပတ်သုံးစွဲမှုများ များပြားမှသာလျှင် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် အားပေးဆောင်ရွက်လျက်ရှိကြောင်း။
ကုန်ထုတ်လုပ်မှုလုပ်ငန်းတွင် သွင်းအားစုများလိုအပ်သဖြင့် ရရှိအောင်ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း စီမံကိန်းများအနက်အချို့မှာ အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ခဲ့ရသဖြင့် လျှပ်စစ်ဓာတ်အားလုံလောက်မှုမရှိသေးကြောင်း၊ ထို့ကြောင့်နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် လေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူ စပါးခွံလောင်စာသုံး Gastifire ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကိုလည်း လက်တွေ့အသုံးချနိုင်မည်ဆိုပါက အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ဓာတ်မြေဩဇာနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ဓာတ်မြေဩဇာစက်ရုံများရှိပြီးအဆိုပါစက်ရုံများလည်ပတ်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျမွေးမြူပြီးထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများကို ဇီဝမြေဩဇာများအဖြစ် အသုံးချနိုင်ကြောင်း၊ အလားတူအီးအမ်ဘိုကာချီကဲ့သို့သော သဘာဝမြေဩဇာများကိုလည်း အသုံးပြုဆောင်ရွက်၍ရကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း လေးရပ်စလုံးပြည့်စုံကောင်းမွန် နေရန် လိုကြောင်း၊ ထို့ကြောင့်သက်ဆိုင်ရာအဖွဲ့အစည်းများမှ ကြိုးပမ်းဆောင်ရွက်ပေးမည်ဆိုပါက စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။
ထို့ပြင် မွေးမြူရေးလုပ်ငန်းများကိုလည်း အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ခွင့်ပြုပေးထားသည့်မြေနေရာများတွင် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဖြင့်ဆောင်ရွက်ပြီး အကျိုးရှိစွာအသုံးချကြစေလိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးထွက်ကုန်ပစ္စည်းများဖြင့် လူသုံးကုန်ပစ္စည်းနှင့် စားသောက်ကုန်ပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သဖြင့် နိုင်ငံအတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ ပြည်တွင်းလိုအပ်ချက်ပြည့်မီအောင်ထုတ်လုပ်ပြီး ၎င်းထက်ပိုမိုထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း။
လူသားအရင်းအမြစ်ကောင်းများရရှိရေး
လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ပြည်သူများ ပညာရည်မြင့်မားရေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သက်ဆိုင်ရာပညာရပ်များအလိုက် ကျွမ်းကျင်ပညာရှင်များမွေးထုတ်ပေးနိုင်ရေး ဘာသာရပ်များအလိုက်သင်တန်းကျောင်း များဖွင့်လှစ်သင်ကြားပေးလျက်ရှိသကဲ့သို့ ပုဂ္ဂလိကအနေဖြင့်လည်း ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးမည်ဆိုပါက နိုင်ငံတော်အနေဖြင့် အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပညာရေးအတွက်ရင်းနှီးမြှုပ်နှံမှုသည်များစွာကြီးမားပြီး နိုင်ငံအတွက် အကျိုးများစွာဖြစ်ထွန်းနိုင်သည့် ရင်းနှီးမြှုပ်နှံမှုပင်ဖြစ်ကြောင်း၊ ဘာသာရပ်အလိုက်ပညာရပ်များကို အမှန်တကယ်ကျွမ်းကျင်ပိုင်နိုင်သည်အထိ သင်ကြားလေ့ကျင့်ပေးရန်လိုကြောင်း။
သယံဇာတများကို အကျိုးရှိရှိ ထုတ်ယူသုံးစွဲ၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အားပေးဆောင်ရွက်
မိမိတို့နိုင်ငံတွင် စက္ကူလိုအပ်ချက်များစွာရှိပြီး သစ်နှင့်ဝါးသယံဇာတများကို စနစ်တကျထုတ်ယူအသုံးပြု၍ ၎င်းတို့မှ စက္ကူပျော့ဖတ်များထုတ်လုပ်၍ရကြောင်း၊ ပြည်တွင်း၌ စက္ကူပျော့ဖတ်နှင့် စက္ကူထုတ်လုပ်ခြင်းလုပ်ငန်းများကိုဆောင်ရွက်မည် ဆိုပါကနိုင်ငံတော်အနေဖြင့် အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်တွင်းမှထွက်ရှိသည့်ရာဘာများဖြင့် လူသုံးကုန်ပစ္စည်းများကိုထုတ်လုပ်ရန်လိုကြောင်း၊ အလားတူချည်နှင့် ချည်ထည်များကို နှစ်စဉ်ပြည်ပမှ တင်သွင်းနေရမှုများရှိသဖြင့် ပြည်တွင်း ဝါစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် အားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ အထည်ချုပ်လုပ်ငန်းများနှင့်ပတ်သက်၍ ယခုထက်ပိုမိုတိုးတက်အောင်ဆောင်ရွက်ကြရန်လိုကြောင်း၊ အထည်ချုပ်လုပ်ငန်းသည် အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်ကြောင်း၊ လုပ်သားများ၏ လစာငွေများနှင့် ရပိုင်ခွင့်များကိုလည်း မှန်မှန်ကန်ကန်ရရှိအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ လုပ်သားများကျွမ်းကျင်မှုရှိစေရေးနှင့် စက်ပစ္စည်းများ တိုးတက်မှုရှိအောင်ဆောင်ရွက်နိုင်မည်ဆိုပါက ထုတ်ကုန်ပစ္စည်းများ အရည်အသွေးပိုမိုတိုးတက်ကောင်းမွန်လာပြီး ဝယ်လိုအားမြင့်တက်လာမည်ဖြစ်ကြောင်း။
ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းများအတွက်လိုအပ်သည့် သံမဏိများထုတ်လုပ်နိုင်ရန်အတွက် ကုန်ကြမ်းပစ္စည်းများရှိပြီးဖြစ်ကြောင်း၊ ပြည်တွင်း၌ သံမဏိထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက မည်သည့်တိုင်းရင်းသားလုပ်ငန်းရှင်များကိုမဆို အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင်လူသုံးကုန်ပစ္စည်းများကို ပြည်ပမှအများဆုံးမှာယူသုံးစွဲနေရသဖြင့် နိုင်ငံခြားငွေသုံးစွဲမှုများ များပြားလျက်ရှိကြောင်း၊ ထို့ကြောင့် လူသုံးကုန်ပစ္စည်းများကို ပြည်တွင်း၌ထုတ်လုပ်ပြီး ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချမည်ဆိုပါက တိုင်းပြည်အတွက်များစွာ အကျိုးရှိစေနိုင်မည်ဖြစ်ကြောင်း။
ဘဏ်လုပ်ငန်းနှင့်ပတ်သက်၍ မိမိတို့စတင်တာဝန်ယူချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် ဘဏ်လုပ်ငန်းများရပ်တန့်ခဲ့ရကြောင်း၊ သို့သော် ယခုအခါဘဏ်လုပ်ငန်းများ ပြန်လည်လည်ပတ်လာပြီဖြစ်ကြောင်း၊ ဘဏ်လုပ်ငန်းဆောင်ရွက်သူများအနေဖြင့်လည်း လုပ်ငန်းများကို မှန်မှန်ကန်ကန်ဖြင့် စနစ်တကျဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ နိုင်ငံအတွက်ဘဏ်လုပ်ငန်းသည်အရေးကြီးသဖြင့် ဘဏ်များပြိုလဲမှုမရှိစေရေး နိုင်ငံတော်မှထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း။
ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်းကိုအထောက်အကူပြုနိုင်သည့် ရပ်ရွာများသန့်ရှင်းသာယာလှပရေးအတွက် အမြဲမပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံအတွက်များစွာအကျိုးဖြစ်နိုင်မည်ဖြစ်ကြောင်း၊
မိမိတို့နိုင်ငံတွင် ဆေးဝါးလိုအပ်မှုများရှိသဖြင့် အချို့သောဆေးဝါးများမှလွဲ၍ ထုတ်လုပ်နိုင်သည့် ဆေးဝါးများကိုလိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ အလားတူမိမိတို့နိုင်ငံမှ ပြည်ပနိုင်ငံများသို့သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူသူများ များပြားလျက်ရှိကြောင်း၊ ပြည်တွင်း၌ပုဂ္ဂလိက ဆေးရုံလုပ်ငန်းများဆောင်ရွက်မည်ဆိုပါက ပြည်သူများအတွက် များစွာအထောက်အကူပြုမည်ဖြစ်၍ ဆောင်ရွက်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း
နိုင်ငံစီးပွားတိုးတက်ရေးအတွက် ယခုတက်ရောက်လာကြသည့်အဖွဲ့အစည်းမှ အများဆုံးဆောင်ရွက်နေခြင်းဖြစ်သဖြင့် နိုင်ငံရေးကင်းရှင်းစွာဖြင့် နိုင်ငံ့အကျိုးကိုကြည့်၍ အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)မှ ဗဟိုအလုပ်အမှုဆောင်များ၊ ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။