Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်လူငယ်နှင့် စာပေအနုပညာပြပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်

နေပြည်တော် ဒီဇင်ဘာ ၂၆

၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပြပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ဖွင့်လှစ်ပေးသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများနှင့် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများ၊ အနုပညာရှင်များ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ သာမဏေများနှင့် သီလရှင်များတက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဒေါက်တာညွန့်ဖေနှင့် ဦးမင်းသိန်ဇံတို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေ အနုပညာပြပွဲကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် အခမ်းအနားသို့တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပြပွဲ ပြခန်းများနှင့် “ကြီးမြတ်သောမြန်မာ” မှတ်တမ်း ရုပ်ရှင်ရိုက်ကူးခဲ့မှု မှတ်တမ်းပြခန်းတို့ကို ၂ နာရီခွဲကြာ စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် လူငယ်နှင့်စာပေအနုပညာပြပွဲ အခမ်းအနား ဒုတိယပိုင်းကို ညီလာခံခန်းမ၌ ဆက်လက်ကျင်းပရာ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ နေပြည်တော် မှ ကျောင်းသား၊ ကျောင်းသူများက “သွေးရင်းများပီပီ” တေးသီချင်း၊ အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်း၊ နေပြည်တော်မှ ကျောင်းသား၊ ကျောင်းသူများက “ပြည်မြန်မာ” တေးသီချင်း၊ အမှတ်(၂၀) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် အနုပညာရှင်များက “ဇာတိမာန်” တေးသီချင်း၊ အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်း၊ ပျဉ်မနားမှ ကျောင်းသား၊ ကျောင်းသူများက “ထာဝရမြန်မာ” တေးသီချင်း၊ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်း၊ နေပြည်တော်မှ ကျောင်းသား၊ ကျောင်းသူများက “ပြည်ထောင်စုအင်အား” တေးသီချင်း၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ထာဝရငြိမ်းချမ်းရေး” တေးသီချင်း၊ မြန်မာပြည်သိန်းတန်က “လွတ်လပ်ရေးတေးသံ” တေးသီချင်း၊ တင်မောင်ဆန်းမင်းဝင်းနှင့်အဖွဲ့က “တာဝန်ကိုယ်စီထိန်းသိမ်းမည်” တေးသီချင်းတို့ဖြင့် သီဆိုကပြဖျော်ဖြေကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ကပြဖျော်ဖြေခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အနုပညာရှင်များကို ဂုဏ်ပြုပန်းခြင်းနှင့် ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။

အဆိုပါ ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပြပွဲကို ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် စာအုပ်စာစောင်များကို တန်ဖိုးထားဖတ်ရှုလိုစိတ် ဖြစ်ပေါ်လာစေရန်နှင့် စာပေ၏အကျိုးကျေးဇူး ကိုသိရှိနိုင်စေရန်၊ ရုပ်ရှင်အနုပညာမှတစ်ဆင့် မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားစေရေး၊ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများ၊ ကိုလိုနီလက်အောက်ခံဘဝတွင် တွေ့ကြုံခံစားရမှုများကို သိမြင်စေကာ မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကို လေးစားတန်ဖိုးထားတက်စေရန်၊ ဓာတ်ပုံအနုပညာပြပွဲမှတစ်ဆင့် မြန်မာနိုင်ငံ၏ အေးချမ်းတည်ငြိမ်မှု၊ သာယာလှပမှု၊ ဖွံ့ဖြိုးတိုးတက်မှုများ၊ ချစ်စဖွယ်ကျေးလက်ဒေသအလှအပများကို သိရှိခံစားပြီး မိမိတို့၏တိုင်းဒေသကြီး/ပြည်နယ်များအပေါ် မြတ်နိုးတန်ဖိုးထားစိတ်များ ဖြစ်ပေါ်လာစေရန်၊ ပြခန်းများခင်းကျင်းပြသမှုများမှတစ်ဆင့် ဝန်ကြီးဌာနအသီးသီး၏ လုပ်ငန်းဆောင်ရွက်ချက်များကို အလွယ်တကူသိမြင်နိုင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြပွဲကို ဒီဇင်ဘာ ၂၈ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြပွဲတွင် ဝန်ကြီးဌာနအသီးသီးမှ ပြခန်းပေါင်း ၆၂ ခန်း ဖွင့်လှစ်ပြသထားပြီး စာအုပ်၊ စာစောင်ပြခန်းများနှင့် စားအုပ်အရောင်းဆိုင်များ၊ “ကြီးမြတ်သောမြန်မာ” မှတ်တမ်းရုပ်ရှင်ရိုက်ကူးခဲ့မှု မှတ်တမ်းပြခန်းများကို စိတ်ပါဝင်စားဖွယ်ဖြစ်အောင် ခင်းကျင်းပြသဖွင့်လှစ်ထားရှိပြီး ကျောင်းသား၊ ကျောင်းသူများနှင့်စိတ်ပါဝင်စားသူ ပြည်သူများအနေဖြင့် လာရောက်လေ့လာနိုင်ကြောင်း သတင်းရရှိသည်။