Skip to main content

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားနိုင်ငံ Victory Day of Great Patriotic War (၇၅) နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားသို့တက်ရောက်

နေပြည်တော် ဇွန် ၂၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ မော်စကို မြို့ရှိ ကရင်မလင်နန်းတော် ရင်ပြင်နီ၌ ကျင်းပသည့် Victory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားသို့ ပါဝင်တက်ရောက်သည်။

အဆိုပါ စစ်ရေးပြအခမ်းအနားသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အပါအဝင် လွတ်လပ်သော ဓနသဟာယ အဖွဲ့ဝင်နိုင်ငံများ၏ အထွတ်အမြတ်ထားရာ အခမ်းအနားတစ်ခုဖြစ်ပြီး ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာဒီမာပူတင်၊ ကာကွယ်ရေးဝန်ကြီး Army General Sergei Kuzhuge-tovich Shoigu၊ စစ်ဘက်အရပ်ဘက်မှ အကြီးအကဲများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင် များ၊ နိုင်ငံပေါင်း ၁၂ နိုင်ငံမှ သမ္မတများ၊ နိုင်ငံပေါင်း ၁၇ နိုင်ငံမှ တပ်မတော်အကြီးအကဲများ၊ ကာကွယ်ရေးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြပြီး ပွဲကြည့်စင်နှင့် နေရာထိုင်ခင်းများအား Social Distancing Rules များ အတိုင်း နေရာယူကြသည်။

ရှေးဦးစွာ စစ်ရေးပြ အခမ်းအနား၌ ပါဝင်ချီတက်ကြမည့် လူဦးရေ ၁၄၀၀၀ ခန့် ပါဝင်သည့် စစ်ရေးပြစစ်ကြောင်း၊ တပ်ခွဲများက စစ်ရေးပြ ကျင်းပမည့်နေရာသို့ ရောက်ရှိနေရာယူကြပြီး နောက် ကာကွယ်ရေးဝန်ကြီး Army General Sergei Kuzhugetovich Shoigu က တပ်ခွဲ စစ်ကြောင်းများအား လိုက်လံ ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်ထံသို့ အလေးပြု တန်းအပ်ရာ သမ္မတက မိန့်ခွန်း ပြောကြားသည်။

ယင်းနောက် စစ်ရေးပြအစီအစဉ်အတိုင်း စစ်ရေးပြမှူး ရုရှားတပ်မတော် ကြည်းတပ်ဦးစီးချုပ် Colonel General Oleg Solyukov ဦးဆောင်၍ စစ်ကြောင်းတပ်ခွဲများ၊ ယာဉ်ယန္တရား တပ်ခွဲ များ၊ စစ်တီးဝိုင်းတပ်ခွဲများက စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုကြပြီး ရုရှားတပ်မတော် လေမှ လေယာဉ်၊ ရဟတ်ယာဉ်များကလည်း လေယာဉ်ကျွမ်းကျင်မှု အလှပြများဖြင့် ပျံသန်း အလေးပြုကြသည်။ အဆိုပါ စစ်ရေးပြစစ်ကြောင်း၊ တပ်ခွဲများ၌ ပြည်ပနိုင်ငံ ၁၃ နိုင်ငံမှ တပ်ဖွဲ့ဝင် ၁၄၀၀ ခန့်သည်လည်း စစ်ရေးပြတွင် ပါဝင်ဆင်နွှဲခဲ့ကြသည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတသည် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာ သွားခဲ့ပြီး Victory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

၁၉၃၉ ခုနှစ်မှစတင်ခဲ့သော ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားပြီးနောက် ၁၉၄၅ ခုနှစ်၊ မေ ၈ ရက်တွင် နာဇီတို့သည် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့၌ မဟာမိတ်တပ်များနှင့် ဆိုဗီယက် ပြည်ထောင်စုထံ စစ်ရှုံးကြောင်း အညံ့ခံ လက်မှတ် ရေးထိုးခဲ့ကြောင်း၊ အချိန်ကွာခြားချက်အရ လက်မှတ် ရေးထိုးသည့်နေ့သည် မော်စကိုတွင် မေ ၉ ရက်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ထိုနေ့ကို အစွဲပြု၍ ဆိုဗီယက်ပြည်ထောင်စုတွင် Victory Day အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ယခုနှစ် မေ ၉ ရက်တွင် ပြည့်မြောက်သည့် (၇၅)နှစ်မြောက် Victory Day ကို ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားမှုကြောင့် ရွှေ့ဆိုင်းခဲ့ပြီး ယခုအခါတွင် အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ပြီဖြစ်၍ ၁၉၄၅ ခုနှစ်တွင် ပထမဦးဆုံး Victory Day ကျင်းပခဲ့သည့် ဇွန် ၂၄ ရက်ကို ဂုဏ်ပြုသော အားဖြင့် ယနေ့တွင် ယခုကဲ့သို့ ပြန်လည်ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ Victory Day of Great Patriotic War အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားများကို ရုရှား ဖက်ဒရေးရှင်းနိုင်ငံမှ စစ်မှု ထမ်းများ၊ နိုင်ငံသားများ မျိုးချစ်စိတ်ဓာတ် ရှင်သန်တက်ကြွစေရန် ရုရှားနိုင်ငံရှိ မြို့အသီးသီး တွင်လည်း ခမ်းနားကြီးကျယ်စွာ ကျင်းပပြုလုပ်လေ့ရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်