Skip to main content

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု တည်တံ့ခိုင်မြဲရေး ဂုဏ်ထူးဆောင်တံဆိပ် ပေးအပ်ချီးမြှင့်

နေပြည်တော် ဇွန် ၂၄

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Victory Day of Great Patriotic War (၇၅) နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့သည် ဇွန် ၂၃ ရက် ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Colonel General Alexander V.Fomin နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနတွင် သွားရောက်တွေ့ဆုံ ဆွေးနွေးသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မာရေးနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြင့်အောင် ဆက်လက်ဆောင်ရွက်နိုင်မည့် အခြေအနေ၊ ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် Army Game ပြိုင်ပွဲများတွင် မြန်မာ့ တပ်မတော်မှ ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ယခုနှစ်တွင်လည်း ပါဝင်ယှဉ်ပြိုင်ရေး ဆောင်ရွက်လျက် ရှိသည့် အခြေအနေတို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲအပြီးတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပေးအပ်ချီးမြှင့်သည့် “စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တည်တံ့ခိုင်မြဲရေး” ဂုဏ်ထူးဆောင် တံဆိပ်အားလည်းကောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဖက်ဒရယ်အဆင့် စစ်ဘက် နည်းပညာပူးပေါင်း ဆောင်ရွက်ရေး FSMTC မှ ဒုတိယညွှန်ကြားရေးမှူး Vladimir Drozhzhov က ညွှန်ကြားရေးမှူးချုပ်က ပေးအပ်ချီးမြှင့်သည့် ဂုဏ်ထူးဆောင်တံဆိပ်အား လည်းကောင်း ချီးမြှင့်တပ်ဆင်ဂုဏ်ပြုရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်ခံရယူသည်။

ဇွန် ၂၃ ရက် မွန်းလွဲပိုင်းက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့သည် မော်စကိုမြို့ အနောက်တောင်ဘက် ကူဘင်ကာမြို့ မျိုးချစ်ပန်းခြံရှိ ရုရှားတပ်မတော် ပင်မဘုရားရှိခိုး ကျောင်းတော်ကြီး Main Cathedral of the Russian Armed Forces သို့ သွားရောက် လေ့လာခဲ့ကြသည်။

ထို့နောက် ပင်မဘုရားရှိခိုးကျောင်းတော်ကြီးအနီးရှိ ပြတိုက်အတွင်း ဝင်ရောက်၍ ဒုတိယ ကမ္ဘာစစ် ဖြစ်ပွားစဉ်ကာလအတွင်း အသုံးပြုခဲ့သည့် လက်နက်၊ ခဲယမ်း၊ ချပ်ဝတ်တန်ဆာနှင့် အသုံးအဆောင်ပစ္စည်းများ၊ ဆေးတပ်ဖွဲ့ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ၊ ဆက်သွယ်ရေး အသုံးအဆောင်ပစ္စည်းများနှင့် စစ်ပွဲများအကြောင်းကို Program များဖြင့် ပြုလုပ်ပြသထားမှုများ ကို လေ့လာကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်