ချစ်ကြည်လေးစားရပါသော တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျာ-
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်သော ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက် နေ့ထူးနေ့မြတ်အခါသမယတွင် နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသား ပြည်သူများအားလုံး ကျက်သရေမင်္ဂလာ အပေါင်းနှင့်ပြည့်စုံပြီး ကျန်းမာချမ်းသာကြပါစေကြောင်း ချစ်ကြည်လေးစားစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူများအားလုံးသည် ရှေးနှစ်ပေါင်းများစွာကပင် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဓလေ့ထုံးတမ်း အစဉ်အလာများကို ထိန်းသိမ်းစောင့်ရှောက်ပြီး စည်းလုံးညီညွတ်စွာ အတူတကွစုပေါင်း၍ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် နေထိုင်ခဲ့ကြသည့် အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာရပ်တည်ခဲ့ပါသည်။ သို့ရာတွင် ၁၉ ရာစုနှောင်းပိုင်း၌ ကိုလိုနီနယ်ချဲ့တို့က ကျူးကျော်စစ်သုံးကြိမ်ဆင်နွှဲခဲ့ပြီး မတရားကျူးကျော် သိမ်းပိုက်ခဲ့သည့်အတွက် မြန်မာနိုင်ငံသည် ၁၈၈၅ ခုနှစ်တွင် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို လက်လွှတ်ဆုံးရှုံးခဲ့ရပါသည်။
သူ့ကျွန်ဘဝတွင် နယ်ချဲ့တို့သည် တိုင်းရင်းသားတို့အပေါ် နည်းအမျိုးမျိုးဖြင့် ဖိနှိပ်သွေးခွဲအုပ်ချုပ်မှုကြောင့် အထင်မြင်လွဲမှားမှုများ ရှိခဲ့သော်လည်း တိုင်းရင်းသား ခေါင်းဆောင်များ၏ ဦးဆောင်မှုနှင့်အတူ ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးတို့က ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကိုလိုနီနယ်ချဲ့နှင့် ဖက်ဆစ်တို့ကို စည်းလုံးညီညွတ်စွာ သက်စွန့်ကြိုးပမ်း တွန်းလှန်ခဲ့ခြင်းကြောင့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ပြန်လည်ရယူနိုင်ခဲ့ကြပြီး ယခုအခါ (၇၅) နှစ်မြောက် စိန်ရတုအခါသမယသို့ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။
လွတ်လပ်ရေးဆုံးရှုံးရန်အတွက် ရက်ပိုင်းလပိုင်းမျှသာ ကြာမြင့်နိုင်သော်လည်း ဆုံးရှုံးသွားသည့် လွတ်လပ်ရေးကို ပြန်လည်ရယူရန်အတွက် ကြိုးပမ်းရာတွင် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ရပါသည်။ နှစ်ပေါင်းတစ်ရာကျော်အတွင်း ဘိုးဘွားတို့၏ အသက်သွေးချွေးများစွာ ပေးဆပ်၍ မြန်မာ့လွတ်လပ်ရေးကို ပြန်လည်ရယူ နိုင်ခဲ့သော်လည်း ကိုလိုနီစနစ်၏ အမွေဆိုးကြောင့် တိုင်းရင်းသားအချင်းချင်း လက်နက်ကိုင် ပဋိပက္ခများဖြစ်ပေါ်ခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးကို ထိပါးလာခဲ့ ပါသည်။
ရရှိပြီးသောလွတ်လပ်ရေး တည်တံ့ခိုင်မြဲစေရေးအတွက် ပြည်တွင်းပြည်ပ အဖျက်အမှောင့်များ၏ သွေးထိုးလှုံ့ဆော်မှုများ၊ ဖိအားပေးမှုများကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက အမျိုးသားရေးအသိဖြင့် သတိကြီးစွာကာကွယ်ကြရမည် ဖြစ်ပါသည်။ ထို့အပြင် ဒို့တာဝန် အရေး ၃ ပါးကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက အစဉ်နှလုံးသွင်းလျက် စစ်မှန်၍စည်းကမ်းပြည့်ဝပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးအဖြစ် ကမ္ဘာတည်သရွေ့ ရပ်တည်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်း တည်ဆောက်ကြရမည်ဖြစ်သည်။
ချစ်ကြည်လေးစားရပါသော တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျာ-
လူသားများ အသက်ရှင်နေထိုင်လှုပ်ရှားသွားလာရန် လိုအပ်သော စွမ်းအင် (energy)ကို အစားအသောက်များက ရရှိခြင်းဖြစ်သည့်အတွက် စားနပ်ရိက္ခာ လုံခြုံမှုရှိရေး (Food Security) သည် သက်ရှိလူသားများ အားလုံးအတွက် အခြေခံအကျဆုံးနှင့် အဓိကအကျဆုံး လိုအပ်ချက်တစ်ခုပင်ဖြစ်ပါသည်။ နိုင်ငံတစ်ခုတွင် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကို သင့်တင့်သောဈေးနှုန်းဖြင့် လွယ်ကူလုံလောက်စွာ ဝယ်ယူနိုင်မည်ဆိုပါက အဆိုပါနိုင်ငံကို စားနပ်ရိက္ခာ ပြည့်စုံကုံလုံသော နိုင်ငံအဖြစ် မှတ်ယူနိုင်မည်ပင်ဖြစ်ပါသည်။
၂၀၂၂ ခုနှစ်အကုန်တွင် ကမ္ဘာ့လူဦးရေသည် ၈ ဘီလီယံသို့ ရောက်ရှိပြီဖြစ်သောကြောင့် လူဦးရေတိုးမြင့်လာခြင်းနှင့်အတူ စားနပ်ရိက္ခာလိုအပ်မှု (Demand) သည်လည်း အချိုးကျမြင့်တက်လာမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ခေတ်အဆက်ဆက်ကပင် ပြည်တွင်းစားနပ်ရိက္ခာဖူလုံသည့်အပြင် ပိုလျှံသော စိုက်ပျိုးရေးနှင့်မွေးမြူရေး ထွက်ကုန်များအား အိမ်နီးချင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများသို့ တင်ပို့နိုင်ခဲ့သဖြင့် ယခုအခါတွင် ကမ္ဘာ့နိုင်ငံများသို့ စားနပ်ရိက္ခာလုံခြုံမှု (Food Security) ပေးနိုင်သည့် နိုင်ငံဖြစ်လာရန် ကြိုးစားဆောင်ရွက်ရမည် ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကကျသည့်အတွက် ပညာရေးမြှင့်တင်ခြင်းဖြင့် ခေတ်မီနိုင်ငံတော် တည်ဆောက်ရေး ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း (KG+9) (အခြေခံ ပညာအလယ်တန်းအဆင့်) ပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ဖို့ ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။ နိုင်ငံလူဦးရေ၏ ၇ဝ ရာခိုင်နှုန်းကျော်သည် ကျေးလက်ပြည်သူများ ဖြစ်သောကြောင့် လူမှုစီးပွားဘဝမြှင့်တင်နိုင်ရေးအတွက် လာမည့်ပညာသင်နှစ်မှစ၍ ခရိုင် ၅၀ ခုတွင် အထက်တန်းကျောင်းတစ်ကျောင်းစီကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာ ပညာရပ်များကို တွဲဖက်သင်ကြား ပေးမည်ဖြစ်သည့်အပြင် MSME စီးပွားရေးလုပ်ငန်းများအတွက် အထောက်အကူရရှိစေရန် ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးသော ကျောင်းများကိုလည်း တိုးချဲ့ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံအနေဖြင့် မြေ၊ ရေ၊ သဘာဝသယံဇာတ ကြွယ်ဝလှသည်ဖြစ်ရာ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်ပါသည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်ငန်းများကို ဒေသတစ်ခု ထုတ်ကုန်တစ်မျိုးဖြစ်အောင် အားပေးမြှင့်တင်ပြီး ပြည်တွင်းလိုအပ်ချက်ဖြစ်သည့် အခြေခံလူသုံးကုန်ပစ္စည်းကို ပြည်ပကတင်သွင်းနေရသူ Importer အဖြစ်မှ ပြည်တွင်းလိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်လျက် ပြည်ပသို့ ပြန်လည်တင်ပို့နိုင်သူ Exporter အဖြစ်သို့ ရောက်ရှိသည်အထိ ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ သယံဇာတများကို ထုတ်ယူသုံးစွဲပြီးပါက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း စနစ်တကျ ပြန်လည်ဆောင်ရွက်ကြရမည်ဖြစ်ကာ ထိုသို့ဆောင်ရွက်မှသာလျှင် စဉ်ဆက်မပြတ်သည့် ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ကို ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးချိန်မှစ၍ ယနေ့အချိန်အထိ နိုင်ငံရေးပုံစံအမျိုးမျိုးဖြင့် ဖြတ်သန်းလာခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် (၇၅) နှစ် ပြည့်မြောက်ပြီး စိန်ရတုလွတ်လပ်ရေးနေ့သို့ပင် တိုင်ခဲ့ပြီဖြစ်ပါသည်။ ချီးမြှင့်ထိုက်သူကိုချီးမြှင့်ခြင်း၊ ကျေးဇူးရှိသူကို ကျေးဇူးပြုခြင်းတို့သည် မင်္ဂလာတစ်ပါးဖြစ်သည့်အတွက် ကောင်းမွန်သော ဆောင်ရွက်မှုများကိုဖော်ထုတ်ပြီး ချီးမြှင့်မှတ်တမ်း တင်ခြင်းကို အစဉ်အလာတစ်ခုဖြစ်သွားသည် အထိ ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။ (၇၅) နှစ်တာကာလအတွင်း အမြင်ချင်းမတူ၊ ခံယူချက်ချင်းမတူ၊ ရပ်တည်ချက်ချင်း မတူသော်လည်း အမိမြန်မာနိုင်ငံတော်အကျိုးအတွက် နယ်ပယ်အသီးသီးမှ ကဏ္ဍအမျိုးမျိုးဖြင့် သယ်ပိုးခဲ့ကြသူများကို ပုဂ္ဂိုလ်ရေးရာခွဲခြားခြင်းမရှိဘဲ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များနှင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို ဆက်ကပ် ချီးမြှင့်အပ်နှင်းခဲ့ပါသည်။
ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက်လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) သဘောတူညီချက်များအရ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကိုလည်း ဖော်ဆောင်လျက်ရှိပါသည်။
ပြည်သူတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေးအတွက် လွတ်လပ်၍တရားမျှတမှုရှိသော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ဖြစ်ပေါ်လာစေရေး ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။
တိုင်းရင်းသားအချင်းချင်း ရင်းနှီးချစ်ကြည်ခြင်း၊ စည်းလုံးညီညွတ်ခြင်းတို့ကို အခြေခံသည့် ပြည်ထောင်စုစိတ်ဓာတ်အရင်းခံ၍ စုပေါင်းဆောင်ရွက်ခြင်းဖြင့် တွေ့ကြုံရမည့်အခက်အခဲဟူသမျှကို ရင်ဆိုင်ကျော်လွှားပြီး နိုင်ငံတော်၏ အမျိုးသားရေးလုပ်ငန်းစဉ် (၂) ရပ်၊ နိုင်ငံရေးလုပ်ငန်းစဉ် (၂) ရပ်တို့ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပြီး ရှေ့သို့လှမ်းချီ ပန်းတိုင်ဆီ (Keep Moving Forward to Achieve Our Goal) ဆိုသည့်ဆောင်ပုဒ်ကို လက်တွဲညီညီ အကောင်အထည်ဖော် သွားပါမည်။
ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅) ရပ်ကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက အလေးအနက်ထားခံယူလျက် ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့် ပူးပေါင်းပါဝင် အကောင်အထည်ဖော် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းရင်း သဝဏ်လွှာပေးပို့အပ်ပါသည်။