Skip to main content

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရွာငံမြို့နယ်မှ ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံ စာကြည့်တိုက်အတွက် စာအုပ်စာစောင်များနှင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ ပေးအပ်လှူဒါန်း

နေပြည်တော် ဇူလိုင် ၁၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် ဆင်နက်ချောင်ကျေးရွာမှ ဒေသခံတိုင်းရင်းသားများအား တွေ့ဆုံ၍ ကျေးရွာစာကြည့်တိုက်အတွက် စာအုပ်စာစောင် များ၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှနှင့် သားသမီး မြေးများက လှူဒါန်းသည့် ရုပ်မြင်သံကြားပြစက်နှင့် Skynet စက်တစ်စုံတို့အား ပေးအပ်လှူဒါန်းသည်။

ရှေးဦးစွာ ကျေးရွာရှိ ထူးထက်သာခန်းမ၌ ကျေးရွာ ပရဟိတဥက္ကဋ္ဌ ဦးတိုင်းလွင်က ကျေးရွာသမိုင်းအကျဉ်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်ရွက်ခဲ့မှုနှင့် စိုက်ပျိုးမွေးမြူ ရေးဆိုင်ရာ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လွန်ခဲ့သည့် ၁၀ ရက်ခန့်တွင် ဤဆင်နက်ချောင် ကျေးရွာနှင့် ပတ်သက်၍ သတင်းတစ်ပုဒ်ကို ဖတ်ခဲ့ရပါကြောင်း၊ ဆင်နက်ချောင်ကျေးရွာသည် သန့်ရှင်းသပ်ရပ်မှုရှိကာ သာယာလှပမှုရှိကြောင်း၊ မူးယစ်ဆေးဝါးကင်းစင်ပြီး ရွာငံ ဒေသတွင် စံပြကျေးရွာတစ်ရွာဖြစ်ကြောင်း ဖတ်ရှုသိရှိရ သဖြင့် စိတ်ဝင်စားမိပါကြောင်း၊ ယခု တောင်ကြီးဘက်သို့ ခရီးစဉ်လာရောက်စဉ်အတွင်း အကြောင်းတိုက်ဆိုင်သဖြင့် လာရောက်ခြင်း ဖြစ်ပါကြောင်း၊ သတင်းတွင်ဖတ်ရှုခဲ့ရသည့် အတိုင်းပင် ယခုတွေ့မြင်ရသည်မှာ ကျေးရွာသည် သန့်ရှင်း သပ်ရပ်ပြီး စိုက်ခင်းများဖြင့် သာယာလှပနေမှုများကို တွေ့ရှိရသည့်အတွက် စိတ်ကြည်နူးရပါကြောင်း၊ ကျေးရွာ အတွင်း မူးယစ်ဆေးဝါးကင်းစင်သည်ဟု သိရသည့်အတွက် လည်း ဂုဏ်ပြုသည့်အနေဖြင့် ယခုကဲ့သို့ လာရောက်ခြင်း ဖြစ်ပါကြောင်း။

မူးယစ်ဆေးကိစ္စသည် ကိုယ်စီအသိတရားဖြင့် ထိန်းချုပ်ရမည့် အရေးကိစ္စဖြစ်ပါကြောင်း၊ တပ်မတော် အနေဖြင့်လည်း မူးယစ်ဆေးဝါး နှိမ်နင်းတိုက်ဖျက်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိ ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကျေးရွာစာကြည့်တိုက်အတွက် သုတ၊ ရသ စာအုပ်စာစောင် များ၊ Skynet တစ်စုံနှင့် ရုပ်မြင်သံကြားပြစက်တစ်လုံး ကို လည်းကောင်း၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများဖြစ်သည့် Surgical Masks အခု ၅၀၀၀၊ Handgel ဘူး ၁၀၀၊ Hand sanitizer ဘူး ၁၀၀ နှင့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အနန္တဇိနသမ္ဗုဒ္ဓေစေတီတော် မြတ်ကြီး တည်ထားကိုးကွယ်ရန် တည်ဆောက်ပူဇော်နေမှု အခြေအနေများအား သွားရောက် ဖူးမြော်ကြည့်ရှုပြီး ပန်း၊ ရေချမ်း၊ ဆီမီး ဆက်ကပ်ပူဇော်ခဲ့ကြောင်း သတင်းရရှိသည်။

နံနက်ပိုင်းကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အဖွဲ့ဝင်များနှင့်အတူ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ နန်းသီတာ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး