“တိုင်းပြည်သာယာဝပြောမည်ဆိုပါက လက်ရှိအခြေအနေထက် အဆပေါင်း များစွာတိုးတက်ရန် အခွင့်အလမ်းရှိသဖြင့် တိုင်းပြည်သာယာဝပြောရေးအတွက် မိမိတို့အနေဖြင့် မဆုတ်မနစ်သော ဇွဲ၊ လုံ့လများဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ စိတ်သဘောထားကြီးစွာ၊ စိတ်ရှည်သည်းခံစွာဖြင့် ဆောင်ရွက်ရမည့် ကိစ္စဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇန်နဝါရီလ ၆ ရက်နေ့က ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများအား တွေ့ဆုံစဉ် လမ်းညွှန်မှာကြားခဲ့သည်။
တိုင်းပြည်သာယာဝပြောရေးနှင့် တည်ငြိမ်အေးချမ်းရေးသည် တိုက်ရိုက်ဆက်စပ်နေသော အရေးကိစ္စဖြစ်သလို တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး သည်လည်း တိုက်ရိုက်ပတ်သက်နေသောကိစ္စဖြစ်သည်။ တည်ငြိမ်အေးချမ်းမှုမရှိပါက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အပြည့်အဝဆောင်ရွက်နိုင်ခွင့်မရဘဲ သာယာဝပြောရေးနှင့် အလှမ်းဝေးနေမည်ဖြစ်သည်။
ထို့ကြောင့် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အား တစ်ပြိုင်တည်းဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုပ်ပိုင်ခွင့်အတွင်းမှ ဆောင်ရွက်နိုင်ရန် အခြေအနေများပေးခဲ့ပြီး လုပ်ပိုင်ခွင့်များကို အသုံးချနိုင်သဖြင့် အောင်မြင်မှုများရရှိခဲ့သည်။ တရားဥပဒေစိုးမိုးရေးတွင်လည်း တိုင်းဒေသကြီးနှင့်ပြည်နယ် အလိုက် ဆောင်ရွက်နိုင်ခြင်းကြောင့် ဆောလျင်စွာ တည်ငြိမ်မှုများရရှိခဲ့သည်။ ရှေ့ဆက်၍လည်း ခိုင်ခိုင်မာမာဖြစ်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်အစိုးရလက်ထက်တွင် ဈေးကွက် စီးပွားရေးစနစ်ကို ဖော်ဆောင်ခဲ့သည်။ ၂၀၁၁ ခုနှစ် ဒီမိုကရေစီအသွင် ကူးပြောင်းမှုကို စတင်ဆောင်ရွက်ချိန်၌လည်း ဈေးကွက်စီးပွားရေးစနစ်ကို ပီပြင်စွာကျင့်သုံးခဲ့ရာ ဒီမိုကရေစီအစိုးရ ပထမငါးနှစ်သက်တမ်းအတွင်း နိုင်ငံ၏ GDP တိုးတက်မှုမှာ ၈ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သည်။ ဒုတိယအစိုးရသက်တမ်း ကာလသို့ရောက်သောအခါ ၃ ဒသမ ၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်။ စီးပွားရေးကျဆင်းခဲ့ခြင်းသည် အတွေ့အကြုံမရှိမှုနှင့် စီမံခန့်ခွဲမှုလွဲမှားမှု၊ ပြည်ပအကူအညီအထောက်အပံ့များကို မှီခိုမှုများပြားမှုနှင့် ပြည်တွင်း စီးပွားရေးကို အားပေးမှုမရှိခြင်းတို့ကြောင့် စီးပွားရေးကျဆင်းခဲ့သည်ဟု သုံးသပ်ရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံ့တာဝန်စတင်ယူသည့်အချိန်တွင် ယခင်အစိုးရလက်ထက် စီးပွားရေးကျဆင်းမှု၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ကမ္ဘာ့စီးပွားရေး ကျဆင်းမှုတို့ကြောင့် အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းအထိကျဆင်းခဲ့သည်။
သို့သော် အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို တက်ညီလက်ညီဆောင်ရွက်နိုင်ခြင်းနှင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများကို အားပေးဆောင်ရွက်နိုင်ခဲ့သဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ် ပထမခြောက်လ တာကာလအတွင်း အပေါင်း ၂ ဒသမ ၄ ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ GDP တိုးတက်မှု နှုန်းမှာ ရှစ်ရာခိုင်နှုန်းခန့် ပြန်လည် တိုးတက်လာပြီး ဒုတိယခြောက်လတာကာလတွင် ၃ ဒသမ ၄ ရာခိုင်နှုန်းအထိ ပြန်လည်တိုးတက်လာသည်။ ထိုသို့တိုးတက်လာခြင်းသည် ပြည်တွင်းစီးပွားရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် အားပေးမြှင့်တင် ဆောင်ရွက်ပေးခြင်းများ ရှိသကဲ့သို့ ပြည်တွင်း၌ရှိသည့် ရေသယံဇာတ၊ မြေသယံဇာတများ၊ လယ်ယာ၊ သားငါး၊ သစ်တောကဏ္ဍများ၊ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ပေး နိုင်မှုများကို ထိရောက်စွာအသုံးချနိုင်သောကြောင့် နိုင်ငံ့စီးပွားရေး ပြန်လည်မြင့်မား တိုးတက်လာခြင်းဖြစ်သည်။
တိုင်းပြည်သာယာဝပြောရေးကို ဆောင်ရွက်ရာ၌ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးတို့ကို အလေးထားလုပ်ဆောင်နိုင်ပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် ပြည်တွင်းစီးပွားရေးကို ဦးစားပေးမြှင့်တင်ပေးကာ တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ရလဒ်ကောင်းများ ပေါ်ထွက်လာခြင်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံတွင် မည်သည့်အခြေအနေမျိုး ကြုံတွေ့နေရသည်ဖြစ်စေ စီးပွားရေးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် အဘက်ဘက် တွင် ကြုံတွေ့နေရသောအခက်အခဲများနှင့် စိန်ခေါ်မှုများကို ကျော်ဖြတ်နိုင်မည်ဖြစ်သည်။ နိုင်ငံ၏အင်အားသည် ပြည်တွင်းမှာသာရှိသည်ဖြစ်၍ ပြည်သူအားလုံးတို့၏ လိုလားချက်ဖြစ်သည့် သာယာဝပြောသည့်တိုင်းပြည် အဓွန့်ရှည်တည်အောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။ ။