၂၀၁၉ ခုနှစ်မှသည် ၂၀၂၀ ပြည့်နှစ်သို့ ကူးပြောင်းခဲ့ပြီဖြစ်သည်။
နှစ်တစ်နှစ်အတွင်း တိုးတက်မှု၊ ဆုံးရှုံးမှုကို ယမန်နှစ်နှင့် နှိုင်းယှဉ်သော် ဒီရေကဲ့သို့ အဆင်းအတက်ရှိနေမြဲသာဖြစ်သည်။ ဆုံးရှုံးမှုဆိုသည်မှာ လူတို့ ကြိုတင်ခန့်မှန်း၍ မရနိုင်သော သဘာဝဘေးအန္တရာယ်တို့က မထင်မှတ်ဘဲ ပို၍များပြားတတ်သည်ကို တွေ့ရပါသည်။
ထိုအထဲမှ အဂ္ဂိတောဝါဆိုသည့် မီးလောင်ဆုံးရှုံးမှုတို့နှင့် ပတ်သက်၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနမှ တာဝန်ရှိသူတစ်ဦးနှင့် တွေ့ဆုံမေးမြန်း ခဲ့ပါသည်။
မေး ။ ။ မင်္ဂလာပါဆရာ။ ဆရာ့အမည်၊ ရာထူးနဲ့ တာဝန်ယူဆောင်ရွက်နေရတဲ့အပိုင်းလေးကို သိပါရစေ။
မီးသတ်။ ။ ဟုတ်ကဲ့ပါ။ ကျွန်တော့်အမည်က ဦးသိန်းထွန်းဦးပါ။ ရာထူးကမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ညွှန်ကြားရေးမှူး(ဦးစီး) ဖြစ်ပါ တယ်။
မေး ။ ။ အခုဆို ၂၀၁၉ ခုနှစ်ကုန်လို့ ၂၀၂၀ ပြည့်နှစ်ထဲ ရောက်လာပါပြီ။ ဒါ့ကြောင့် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာ ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း မီးလောင်မှုတွေ၊ ဆုံးရှုံးမှုတွေ၊ ပြန်လည်တုံ့ပြန်ဆောင်ရွက်မှုတွေအပြင် အဲဒီ ဖြစ်စဉ်များမှာ ဆရာတို့ရဲ့ သုံးသပ်မှုနဲ့ မီးဘေးအန္တရာယ်အတွက် ကြိုတင် ပြင်ဆင်မှုများကို သိပါရစေ။
မီးသတ်။ ။ အဓိကမီးလောင်မှုနဲ့ပတ်သက်ပြီးပြောရရင် ၂၀၁၉ ခုနှစ် ဇန်နဝါရီမှဒီဇင်ဘာလကုန်အထိ မီးလောင်မှုအကြိမ်ပေါင်းက ၂၁၅၅ ကြိမ် ဖြစ်ခဲ့ပြီး အိမ်ခြေအဆောက်အအုံ ၂၉၈၇ လုံး၊ စက်ရုံ၊ အလုပ်ရုံ ၂၄ ရုံနဲ့ ဂိုဒေါင် ၅၂ လုံး ဆုံးရှုံးခဲ့ရပါတယ်။ မီးဘေးသင့်ပြည်သူ ၆၃၅၉ ဦးက အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ ဆုံးရှုံးမှုတန်ဖိုးက ကျပ်သန်း ၃၀၇၉ ဒသမ ၄၅ ဖြစ်ပါတယ်။ ဝမ်းနည်းစရာကတော့ လူ ၂၂၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၇၉ ဦး သေဆုံးခဲ့ရပါတယ်။
မေး ။ ။ ယမန်နှစ် ၂၀၁၈ ခုနှစ်နဲ့ နှိုင်းယှဉ်ပြီးလည်း သိပါရစေ။
မီးသတ်။ ။ ၂၀၁၈ ခုနှစ်တုန်းက မီးလောင်မှု ၁၇၃၉ ကြိမ် ဖြစ်ခဲ့ပါတယ်။ဆုံးရှုံးမှုကျတော့ ငွေကျပ်သန်း ၅၃၂၇ ဒသမ ၈၆ ပါ။ ၂၀၁၈ နဲ့ ၂၀၁၉ နှိုင်းယှဉ်ရင် ၂၀၁၉ ခုနှစ်မှာ မီးလောင်မှုအကြိမ် ၄၁၆ ကြိမ် ပိုခဲ့ပါတယ်။ ဒါပေမယ့် ဆုံးရှုံးမှုမှာ ကျပ် ၂၂၄၈ ဒသမ ၄၁ သန်း လျော့နည်းမှု ရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ထက် ၂၀၁၉ ခုနှစ်က မီးလောင်ဆုံးရှုံးမှု နည်းခဲ့ပါတယ်။
မေး ။ ။ ဒါဆိုဆရာ မီးလောင်မှုအကြိမ် ၄၀၀ ကျော်တောင် ပိုခဲ့ပေမယ့်ဆုံးရှုံးမှုကျတော့ သိန်း ၂၀၀၀ ကျော် လျော့နည်းခဲ့တယ်နော်။ အဲဒါဘာ့ကြောင့်လဲလို့ သိချင်ပါတယ်။
မီးသတ်။ ။ မီးသတ်ရဲ့ သီအိုရီလို့ပဲ ပြောရမလား။ မီးလောင်မှုရဲ့သဘောသဘာဝအရ နိုင်ငံတစ်နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ အလုပ်ရုံ၊ စက်ရုံတွေ၊ လျှပ်စစ်စွမ်းအားအသုံးပြုမှုတွေ ပိုများလာတယ်။ အဲဒါနဲ့အမျှ မီးလောင်မှုတွေ ပိုများလာတဲ့သဘောပါ။ နိုင်ငံတကာမှာလည်း ဖြစ်လေ့ဖြစ်ထ ရှိတဲ့ သဘောပါ။ ဂျပန်နိုင်ငံမှာဆို မီးလောင်မှုက နှစ်စဉ်အကြိမ်ပေါင်း ခြောက် သန်းကျော် ဖြစ်လေ့ရှိပါတယ်။ မီးလောင်မှုအကြိမ်တွေ များသော်လည်း ဆုံးရှုံးမှု တန်ဖိုးကျတော့ နည်းတယ်။ နည်းအောင်ဆောင်ရွက်ဖို့ကလည်း မီးသတ်တပ်ဖွဲ့ရဲ့ တာဝန်ပါ။ ဒါကြောင့် ယမန်နှစ်ထက်စာရင် ၂၀၁၉ ခုနှစ် မီးလောင်မှုအကြိမ် ၄၁၆ ကြိမ်များခဲ့ပေမယ့် မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနအနေနဲ့ ဆုံးရှုံးမှုတန်ဖိုး နည်းအောင် ကြိုးပမ်းနိုင်ခဲ့ပါတယ်။ ဒီနေရာမှာ ထပ်ပြီး ဖြည့်စွက်ပြောချင် တာက မီးသတ်တပ်ဖွဲ့ညွှန်ချုပ်ကြီးအနေနဲ့ ဒီနှစ်မှာ အထူးလမ်းညွှန်မှုအနေနဲ့ အိမ်တိုင်း၊ ကားတိုင်းမှာ မီးသတ်ဆေးဘူးတွေ ဆောင်ထားဖို့ ညွှန်ကြားထားပါ တယ်။ ညွှန်ကြားချက်နဲ့အညီ စည်းရုံးမှုတွေ၊ အသိပညာပေးမှုတွေနဲ့ တစ်နိုင်ငံလုံးမှာ ဆောင်ရွက်လာနိုင်တဲ့အတွက် ကနဦးငြှိမ်းသတ်မှုတွေ ပြုလာနိုင်တဲ့အတွက် မီးလောင်မှုအကြိမ်များခဲ့ပေမယ့် ကြီးမားတဲ့ဆုံးရှုံးမှုတွေ မဖြစ်ပေါ်လာဘဲ ဆုံးရှုံးမှုတန်ဖိုး နည်းရခြင်းဖြစ်ပါတယ်။
မေး ။ ။ ၂၀၁၉ ခုနှစ်ကပေါ့နော် တစ်နိုင်ငံလုံး မီးလောင်မှုဖြစ်စဉ်တွေမှာဘယ်လိုမီးလောင်မှုအမျိုးအစားက အများဆုံး ဖြစ်ခဲ့ပါသလဲ။
မီးသတ်။ ။ မီးလောင်မှုဖြစ်စဉ် အမျိုးမျိုးထဲက အများဆုံးဖြစ်ပွားခဲ့တဲ့ မီးလောင်မှုက ပေါ့ဆမီးပါ ၇၃၄ ကြိမ် ဖြစ်ပွားခဲ့တာပါ။ ဒုတိယက လျှပ်စစ် နဲ့ပတ်သက်ပြီး လောင်တဲ့မီးပါ။ ၅၉၉ ကြိမ်ပါ။ တတိယက တောမီးဖို မီးပါ။ ၃၈၈ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
မေး ။ ။ ဒါဆို ပေါ့ဆမီးနဲ့ လျှပ်စစ်မီးက အကြိမ်တွေအများကြီးဖြစ်ခဲ့တာကိုတွေ့ရပါတယ်။ အဲဒီအပေါ် ဆရာ့ရဲ့အမြင် သုံးသပ်မှုလေးကို သိပါရစေ။
မီးသတ်။ ။ အဲဒါကိုပြောရမယ်ဆိုရင် နိုင်ငံဖွံ့ဖြိုးလာမှုနဲ့ မီးလောင်မှုကတိုက်ရိုက်အချိုးကျပါတယ်။ လက်ရှိမြန်မာနိုင်ငံဟာ လျှပ်စစ်နဲ့ လျှပ်စစ်ပစ္စည်းသုံးစွဲလာမှုက ယခင်ကာလများကထက်ပိုပြီး သုံးစွဲလာနိုင်တာ ကို တွေ့ရပါတယ်။ ဒါကြောင့် လျှပ်စစ်ကို စနစ်တကျအသုံးပြုခြင်းမရှိတဲ့ အတွက် လျှပ်စစ်နဲ့ပတ်သက်တဲ့ မီးလောင်မှုအကြိမ် ပိုများလာရခြင်းဖြစ်တယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။ ပေါ့ဆမီးအနေနဲ့ပြောရရင် မီးသုံးစွဲသူတွေ အနေနဲ့ သတိမူမှုနဲ့ဆိုင်သလို မီးဘေးလုံခြုံမှု ကြိုတင်ကာကွယ်မှုတွေနဲ့ ဆိုင်ပါတယ်။
မေး ။ ။ နောက်ဆုံးအနေနဲ့ပါ။ မီးသတ်တပ်ဖွဲ့ ညွှန်ကြားရေးမှူးအနေနဲ့မီးဘေးလုံခြုံသော လူမှုပတ်ဝန်းကျင်ဖြစ်အောင် ပြည်သူအများကို ဘာများအသိပေးပြောချင်ပါသေးလဲဆရာ။
မီးသတ်။ ။ ပြည်သူအားလုံး မီးဘေးလုံခြုံစေဖို့ ပြည်သူလူထုအနေနဲ့ မီးဘေးလုံခြုံရေးအသိ၊ မီးဘေးလုံခြုံရေးသတိရှိဖို့လိုသလို အိမ်တိုင်း၊ ကားတိုင်းမှာ မီးသတ်ဆေးဘူး ကိုယ်စီဆောင်ထားကြစေလိုပါတယ်။ ဒါမှသာ မီးလောင်မှုကို ကနဦး ငြှိမ်းသတ်နိုင်မှာပါ။ မီးလောင်မှုကြီးများ ဖြစ်ပွားမှု လျော့နည်းလာမှာပါ။ ပြည်သူလူထုရဲ့ အသက်အိုးအိမ်ဆုံးရှုံးမှုတွေ ပိုလျော့နည်း လာမှာပါ။ မီးသတ်တပ်ဖွဲ့အနေနဲ့ကလည်း မီးဘေးအန္တရာယ်အပြင် အခြား ဘေးအန္တရာယ်တစ်ခုခု အရေးပေါ်ဖြစ်ပွားလာပါက ဖုန်းအင်တာနက်နဲ့ ချိတ် ဆက်တဲ့ 191 Report ဖုန်းအပလီကေးရှင်တစ်ခု ဖွင့်ထားပါတယ်။ အကူအညီ တောင်းခံနိုင်ပါတယ်။ ဆက်သွယ်နိုင်ပါတယ်။ ဒါ့အပြင် မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေးအတွက် အခါအားလျော်စွာ စစ်ဆေးတဲ့အခါမှာလည်း ပူးပေါင်း ဆောင်ရွက် အကူအညီပေးကြပါလို့ မေတ္တာရပ်ခံလိုပါတယ်။
တင်ဝင်းလေး(ကြည့်မြင်တိုင်)