Skip to main content

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

 

မန္တလေး  သြဂုတ် ၄

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို သြဂုတ်လ ၃ ရက်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်၊ ၇၁ လမ်း၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြားရှိ မြို့တော်ခန်းမတွင် ကျင်းပသည်။

 အခမ်းအနားကို နမောတဿ ၃ ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တွဲဖက်အကျိုးတော်ဆောင်၊ မိုးကောင်းကျောင်းတိုက်၊ ဝါးတန်းဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ သီလာစာရာဘိဝံသထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ ချီးမြှင့်သည့် ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။

ဆက်လက်၍ ဆရာတော်သံဃာတော်များထံသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တာဝန်ရှိသူများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင် မဟာဓမ္မိကာရာမကျောင်း တိုက်၊ ရတနာပုံကျောင်းဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒတသီဟနာဒထံမှ အနုမောဒနာတရားတော်များ နာယူကြည်ညိုကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့သည်။ ထို့နောက် ကြွရောက်တော်မူသော ဆရာတော်သံဃာ တော် ၁၅ ပါးအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဆရာတော်သံဃာတော်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထိပ်ထားနိုင်