Skip to main content

ဘောလခဲမြို့၌လယ်ယာမြေ ပြုလုပ်ခွင့်လက်မှတ် ပုံစံ(၇) ပြန်လည်ပေးအပ်ခြင်းနှင့် သဘာဝဘေး ကြောင့် မိုးနှမ်းသီးနှံထိခိုက်ပျက်စီးသည့် တောင်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

ဘောလခဲ ဩဂုတ် ၅

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့၌ လယ်ယာမြေ ပြုလုပ်ခွင့်လက်မှတ် ပုံစံ(၇) ပြန်လည် ပေးအပ်ခြင်းနှင့် သဘာဝ ဘေးကြောင့် မိုးနှမ်းသီးနှံထိခိုက်ပျက်စီးသည့် တောင်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့နံနက်(၉)နာရီက စောလဖော်မန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာမှာ ပြည်နယ် အစိုးရအနေဖြင့် ဘောလခဲမှာရှိသည့် တောင်သူများ၏ လူမှုစီးပွားရေး အခန်းကဏ္ဍနှင့် ပတ်သက်၍ ပံ့ပိုးပေးနိုင်သည့် အခြေအနေများကို ပူးပေါင်း ဆောင်ရွက်ပေးနိုင်ရေး လာရောက် တွေ့ဆုံခြင်း ဖြစ်ကြောင်း၊ မြေပြင်အနေအထားနှင့် လွဲမှားမှု၊အားနည်းချက်များ အကြောင်း အမျိုးမျိုးကြောင့် နစ်နာဆုံးရှုံးသွားသည့် တောင်သူများကို ပြန်လည်ခံစားခွင့်ရှိအောင် ပြည်နယ် အစိုးရအနေဖြင့် လူမှုစီးပွားရေး ပြင်လည်အောင် ပံ့ပိုးသင့်သည်ကို လုပ်ဆောင်ထားပေး ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် အစိုးရနှင့် ပူးပေါင်းပြီး ဟန်ချက်ညီညီ ဆက်လက် ဆောင်ရွက်ဖို့ တက်တွန်းလိုပါကြောင်း၊ ပုံစံ(၇)ပေးအပ်သည့်အပေါ် ဌာနဆိုင်ရာအနေဖြင့် မူဝါဒနှင့်အညီ စနစ်တကျဆောင်ရွက်ပေးရန်၊ တောင်သူများ တင်ပြမှုအပေါ် မူဝါဒ၊ စည်းမျဉ်း စည်းကမ်းဖြင့်  ညီညွတ်မှုရှိသည့် အတွက် ထောက်ပံ့ပေးအပ်ခြင်းဖြင့်ပါကြောင်း၊ စိုက်ပျိုးရေးနှင့် ပတ်သက်ပြီး ရာသီဥတု ပြောင်းလဲသွားပြီဖြစ်၍ ခေတ် အခြေအနေ၊ ဒေသအခြေအနေများကို လေ့လာပြီး စိုက်ပျိုးသင့်သည့် သီးနှံများကိုလည်း စိုက်ပျိုးရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး ဦးစီးဌာနနှင့် ချိတ်ဆက်ခြင်း၊ရာသီဥတု၊မိုးလေဝံသအခြေအနေကို လေ့လာမှတ်သားပြီး စိုက်ပျိုး ဖြစ်ထွန်း အောင်မြင်နိုင်သည့် အနေအထားရှိ/မရှိ သက်ဆိုင်ရာအသိပညာရှင်များအား မေးမြန်းပြီး ပူးပေါင်းဖို့ လိုအပ်ပါကြောင်း၊ တက်ရောက် လာကြသည့်တိုင်းရင်းသား ညီအစ်ကို မိဘပြည်သူများ တင်ပြရန်ရှိပါက ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး တင်ပြကြ ရန် ပြောကြားသည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ပြည်နယ်အစိုးရရုံး အတွင်းရေးမှူးနှင့်ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လယ်ယာလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇)ပြန်လည်ရရှိသူ တောင်သူ(၆)ဦး၊ သဘာဝဘေးကြောင့် နှမ်းသီးနှံပျက်စီးဆုံးရှုံးထားသည့် ‌တောင်သူ(၃၁)တို့အား ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် ဟင်းသီးဟင်းရွက် မျိုးစေ့များကို အသီးသီး ပေးအပ်ခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူ(၁၄)ဦးက တင်ပြစရာများ တင်ပြခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း‌‌ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ဖိုးရယ်