Skip to main content

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကျင်းပ

နေပြည်တော် ဩဂုတ် ၄

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ ဦးလှဦး၏ မန္တလေး - စစ်ကိုင်း - မုံရွာ - ရေဦးလမ်း (ပြည်ထောင်စုလမ်း၊ မုံရွာမြို့ရှောင်လမ်း) တွင် မိုင်တိုင်အမှတ် ၈၆ မိုင် ၁ ဖာလုံနှင့် ၈၈ မိုင် ၅ ဖာလုံကြား လမ်းအရှည် ၂ မိုင် ၄ ဖာလုံ လက်ရှိလမ်းအား အကျယ်ပေ (၃၀) ချဲ့ပြီး ကတ္တရာ ကွန်ကရစ်လမ်းခင်းရန်အတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က မုံရွာမြို့ရှောင်လမ်းပိုင်း၏ မိုင်တိုင်အမှတ် (၈၁/၂) မှ (၈၄/၀) အထိ (၂) မိုင် (၆) ဖာလုံအား (၄၈) ပေ အကျယ်နှင့် မိုင်တိုင်အမှတ် (၈၅/၃) မှ (၈၈/၅) အထိ (၃) မိုင် (၂) ဖာလုံတို့အား ပေ (၃၀) အကျယ် ကတ္တရာကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေတွင် လျာထားတင်ပြ တောင်းခံခဲ့သော်လည်း ရန်ပုံငွေကန့်သတ်ချက်အရ မိုင်တိုင်အမှတ် (၈၅/၂) မှ (၈၆/၁) အတွင်းရှိ ၆ ဒသမ ၅ ဖာလုံအား ကတ္တရာ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် ငွေကျပ် သန်း ၅၀၀ သာ လျာထားနိုင်ခဲ့ပါသဖြင့် ကျန်ရှိနေသည့် လမ်းပိုင်းများအား နောင်လာမည့်ဘဏ္ဍာရေးနှစ်များတွင် ရန်ပုံငွေဆက်လက်လျာထားတင်ပြပေးသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၄) မှ ဦးလင်းတင်ဌေး၏ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာတချို့၌ လိုအပ်လျက်ရှိသော စာသင်ကျောင်းဆောင်များကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ချောင်းဆုံမြို့နယ်တွင် ကျောင်းပေါင်း (၉) ကျောင်းရှိပါကြောင်း၊ ယင်း (၉) ကျောင်းအနက် တကူပတီခြံ အခြေခံပညာမူလတန်းကျောင်းတွင် အန္တရာယ်ရှိ ကျောင်းဆောင်အား ဖျက်သိမ်းပြီး ပေ (၉၀ × ၃၀) Steel Structure တစ်ထပ်ကျောင်းဆောင်သစ်တစ်ဆောင်၊ တကူပတီ အခြေခံပညာ မူလတန်းကျောင်းတွင် အန္တရာယ်ရှိကျောင်းဆောင်အား ဖျက်သိမ်းပြီး ပေ (၉၀×၃၀) RCC နှစ်ထပ်ကျောင်းဆောင် တစ်ဆောင်၊ မုကွဲ အခြေခံပညာမူလတန်းကျောင်းတွင် အန္တရာယ်ရှိကျောင်းဆောင်အား ဖျက်သိမ်းပြီး ပေ (၇၀× ၃၀) RCC နှစ်ထပ်ကျောင်းဆောင်သစ်တစ်ဆောင် အသီးသီးဆောက်လုပ်ပေးရန် လာမည့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေတွင် လျာထားဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ဆက်လက်၍ လိုအပ်ချက်ရှိနေသည့် အခြေခံပညာကျောင်း (၆) ကျောင်းတွင်လည်း ကျောင်း ဆောင်သစ်များ ဆောက်လုပ်ပေးရန် လာမည့် ၂၀၂၁ -၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ရန်ပုံငွေတွင် မြို့နယ်ဦးစားပေးအစီအစဉ်အရ ထည့်သွင်းလျာထားနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၃) မှ ဦးဘွဲခိန်း၏ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ လုံဇာရ်ကျေးရွာအုပ်စု၊ ခွါဖိုးကျေးရွာသည် ရေရှားပါးနေပါသဖြင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် သောက်ရေသန့်သွယ်ယူပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ကျေးရွာနေပြည်သူများ သောက်သုံးရေရရှိရေးအတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် စိမ့်စမ်းရေသွယ်လုပ်ငန်းကို အရှည် (၃) မိုင် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ လက်ရှိရေရယူသုံးစွဲလျက်ရှိသည့် စိမ့်စမ်းရေထွက်သည်။ နွေရာသီတွင် ရေထွက်နှုန်းလျော့ပြီး သောက်သုံးရေမလုံလောက်သည့် အနေအထားဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ခွါဖိုးကျေးရွာ ရေရရှိရေးလုပ်ငန်းအား နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် လျာထားပြီးဖြစ်ပါကြောင်း ဖြေကြားသည်။

ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ ဒေါက်တာခွန်ဝင်းသောင်း၏ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာလီရေလွှဲဆည်အား နီးစပ်ရာ ဘဏ္ဍာရေးနှစ်တွင် အမြန်ဆုံး ပြုပြင်တည်ဆောက် ပေးနိုင်ရန်အတွက် မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က တာလီရေလွှဲဆည်တည်ဆောက်ပေးနိုင်ရန်အတွက် အကြိုပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သည့်ရန်ပုံငွေကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ရန်ပုံငွေ (ငွေလုံးငွေရင်း) အသုံးစရိတ် လျာထားချက်စာရင်းတွင် ထည့်သွင်းထားပြီး ဖြစ်ပါကြောင်း၊ ရေလွှဲဆည်တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင်လည်းကောင်း၊ ဆည်ရေသောက်စနစ်တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်လည်းကောင်း နှစ်အလိုက် အသီးသီးအကောင်အထည်ဖော်ဆောင်ရွက်သွားရန် ရည်မှန်းထားသည့်အခြေအနေများဖြစ်ပါကြောင်း ဖြေကြားသည်။

ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၂) မှ ဦးစိုင်းစံအောင်၏ “၀” ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် အဆင့်မီ စက်မှုလယ်ယာထွန်စက်စခန်းတစ်ခု ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော် က ဟိုပန်မြို့နယ်တွင် အဆင့်မီ စက်မှုလယ်ယာ ထွန်စက် စခန်းတစ်ခု ဆောက်လုပ်ပေးရန် မိမိဌာန၏လက်ရှိ ဖွဲ့စည်းပုံအင်အားအခြေအနေနှင့် စခန်းသစ်များ တိုးချဲ့နိုင်ခြင်းမရှိသေးသည့်အခြေအနေ ရှိနေပါကြောင်း၊ ဟိုပန်မြို့နယ်အတွက် ကွမ်းလုံ စက်မှုလယ်ယာစခန်းမှ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည့်အတွက် လတ်တလောတွင် စက်မှုလယ်ယာထွန်စက်စခန်းတစ်ခု ဆောက်လုပ်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားသည်။

အလားတူ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂) မှ ဦးသက်နိုင်စိုး၏ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်နှင့် ဆက်စပ်လျက်ရှိသည့် မြန်မာ့ပင်လယ်ပြင်တွင် ငါးဖမ်းဆီးလျက်ရှိသည့် ငါးနီတူ (ပလာကျင်းကျန်) ငါးဖမ်းလှေများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမြမင်းဆွေ၏ ပခုက္ကူမြို့နယ်ရှိ တန့်ကြည်တောင်စိမ်းလန်းစိုပြေရေးအတွက် တန့်ကြည်တောင်တန်းတစ်လျှောက်တွင် တစ်ဖက်ပိတ် ရေလှောင်တမံများ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည်ရှင်း လင်းဖြေကြားခဲ့သည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ပေးပို့သော ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးနည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလာခြင်းအား လွှတ်တော်သို့ အသိပေးတင်ပြသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုပါ ပြင်ဆင်သည့်နည်းဥပဒေများအား ပြင်ဆင်ချက်အဆိုနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲများကို အသေးစိတ်ဖော်ပြ လက်မှတ်ရေးထိုးပြီး အမျိုးသားလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ  အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို ဩဂုတ် ၆ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်