လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဝေးလံခေါင်ဖျားဒေသများတွင် ဒေသခံပြည်သူလူထု အတွက် ကျန်းမာရေးစောင့်ရှောက်မှုတာဝန်ကို ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်သား ဆရာဝန်များအား ဂုဏ်ပြုပွဲအခမ်းအနားတစ်ရပ်ကို ဇန်နဝါရီ ၁၃ ရက်က ကျင်းပခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွင်းရှိ ဝေးလံခေါင်ဖျားဒေသများမှာ သွားရေးလာရေးခက်ခဲသည့်အလျောက် ကျန်းမာရေးစောင့်ရှောက်မှု အလှမ်းဝေးသည့်နေရာ၊ ဆရာဝန်များ လိုအပ်လျက်ရှိသည့်နေရာ၊ ခေတ်အဆက်ဆက်တွင် ကျန်းမာရေးအဆင့်အတန်းနိမ့်ကျခဲ့သည့် နေရာများပင်ဖြစ်သည်။
အဆိုပါ ဒေသများတွင် နေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် တပ်မတော်သည် ၂၀၁၆ ခုနှစ်မှစတင်ကာ တပ်မတော်သား ဆေးမှူးအရာရှိများကို လေးကြိမ်ခွဲ၍ တစ်သုတ်ပြီးတစ်သုတ် စေလွှတ်ပေးခဲ့ခြင်းဖြစ်သည်။ တပ်မတော်သား ဆရာဝန်များသည် မိမိတို့ရောက်ရှိရာ ဒေသများတွင် မူလတာဝန်ဖြစ်သော ဒေသခံပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်းမြင့်မား ရေးကိုသာမက ပြည်သူ့အကျိုးပြု လုပ်ငန်းများ၊ ဒေသဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အခြေခံပညာစာပေသင်ကြားရေး လုပ်ငန်း များတွင်လည်း ပါဝင်ကူညီပေးခဲ့ကြပြီး စေတနာ၊ မေတ္တာကို ရောင်ပြန်ဟပ်သည့် အနေဖြင့် ဒေသခံပြည်သူလူထု၏ နွေးထွေးသော တုံ့ပြန်မှုတို့ကို ပြန်လည်ရရှိခဲ့ကြသည်။ ထို့အပြင် တပ်မတော်သားဆရာဝန်များနှင့်အတူ ၎င်းတို့၏မိသားစုဝင်များကလည်း တာဝန်ထမ်းဆောင်ရာ ဒေသများသို့ အတူတကွလိုက်ပါကြပြီး ကျရာတာဝန်များ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပါဝင်ကူညီခဲ့ကြခြင်းဖြစ်ရာ ဒေသခံပြည်သူတို့၏ လှိုက်လှိုက်လှဲလှဲကြိုဆိုမှုများကို ခံယူခဲ့ကြရသည်။
“မိမိတို့တပ်မတော်သည် ခေတ်အဆက်ဆက်တွင်လည်း နိုင်ငံ့အရေး၊ တိုင်းရင်းသား ပြည်သူများအရေးတို့နှင့် ပတ်သက်ပါက အစဉ်အမြဲဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်သည့်နေရာတွင် တပ်မတော်၏ မူလတာဝန်များဖြစ်သည့် တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို ဆောင်ရွက်သည့်နည်းတူ ပြည်သူလူထုကျန်းမာရေးနှင့် ပညာရေးများကိုလည်း တစ်ဖက်တစ်လမ်းက ဆောင်ရွက်လျက်ရှိကြောင်း” ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ပြုအမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းတွင် ကျန်းမာရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် လျော့နည်းကျဆင်းလျက်ရှိသကဲ့သို့ပင် မိမိတို့နိုင်ငံတွင်လည်း ကပ်ရောဂါဘေးဒဏ်အပြင် နိုင်ငံရေးပဋိပက္ခကြောင့် ကျန်းမာရေးဝန်ထမ်းအချို့ လုပ်ငန်းခွင် စွန့်ခွာခဲ့ကြရာ နိုင်ငံ၏ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမှာ အားနည်းလစ်ဟာမှုများစွာ ဖြစ်ပေါ်ခဲ့ရသည်။ ယင်းသို့ လျော့နည်းလစ်ဟာမှုများအတွက် တပ်မတော်က ဆေးရုံ၊ ဆေးခန်းများ၊ လူ့စွမ်းအားအရင်းအမြစ်များ၊ ဆေးဝါးနှင့် ဆေးပစ္စည်းများဖြင့် ဝင်ရောက်ဖြည့်ဆည်းကာ သိန်းနှင့်ချီသော ပြည်သူများကို ကျန်းမာရေးပြုစုစောင့်ရှောက်မှုများ ပေးနိုင်ခဲ့သည့်အပြင် ဝေးလံခေါင်ဖျားဒေသများရှိ တိုင်းရင်းသား ပြည်သူလူထုကို ကျန်းမာရေးပြုစုစောင့်ရှောက်မှု ပေးရန် သွားရောက်ခဲ့သည့် တပ်မတော်သားဆရာဝန်များအနက်မှ နှစ်ဦးမှာလည်း အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ကြရသည်။
သွားလာရန်ခက်ခဲပြီး လူသူအရောက်အပေါက်နည်းပါးသည့် ဝေးလံခေါင်ဖျားဒေသများသို့ သွားရောက်ကာ ပြည်သူ့ကျန်းမာရေး၊ ပြည်သူ့အကျိုးပြုနှင့် ဒေသဖွံ့ဖြိုးရေးတို့ကို ကိုယ်ရောစိတ်ပါ မေတ္တာ၊ စေတနာများဖြင့် ကြိုးပမ်းဆောင်ရွက်ပေးကြသည့် တပ်မတော်သားဆရာဝန်များအား ဂုဏ်ပြုအပ်ပါကြောင်း။ ။