Skip to main content

တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား AA အကြမ်းဖက်သောင်းကျန်းသူများက ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်

နေပြည်တော် ဩဂုတ် ၄

ရခိုင်ပြည်နယ်၊ မောင်တော တောင်ဘက်ခြမ်းဒေသတွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဩဂုတ် ၃ ရက် မွန်းလွဲပိုင်းတွင် AA အကြမ်းဖက်သောင်းကျန်းသူများက ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါသတင်းထုတ်ပြန်ချက်တွင် ဩဂုတ် ၃ ရက် တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တရားဥပဒေ စိုးမိုးရေး၊ နယ်မြေလုံခြုံရေးနှင့် တရားမဝင် ဝင်ရောက်မှုများ မရှိစေရေးအတွက် အင်းဒင်နှင့် စေတီပြင်ကျေးရွာတစ်ဝိုက်၌ လုံခြုံရေးတာဝန်များ ဆောင်ရွက်နေစဉ် မေယုတောင်ကြောပေါ်ရှိ အင်းဒင်တောင်ကျော်လမ်းတွင် AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ၂ ကြိမ် ချောင်းမြောင်းတိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်သောင်းကျန်းသူများ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ ယင်းဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်ကျဆုံး ဒဏ်ရာရရှိခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဦးစီးမှူးတစ်ဦးသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ဩဂုတ် ၂ ရက်ကလည်း မေယုတောင်တန်းပေါ်၌ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို AA အကြမ်းဖက်သောင်းကျန်းသူများက ချောင်းမြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ပျက်ပြားစေရန် ရည်ရွယ် ချက်ရှိရှိ နှောင့်ယှက်လျက်ရှိသောကြောင့် AA အကြမ်းဖက် သောင်းကျန်းသူများကို အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေး Counter - Terrorism Operation ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

သတင်းစဉ်