Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နာဂရိုးရာနှစ်သစ်ကူးပွဲတော်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော် ဇန်နဝါရီ ၁၅

နာဂရိုးရာနှစ်သစ်ကူးပွဲတော်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနားကျင်းပမည့် လဟယ်မြို့သို့ရောက်ရှိကြရာ အနောက်မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် သန်းထိုက်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့်အဖွဲ့ဝင်များ၊ နာဂတိုင်းရင်းသား မျိုးနွယ်စုများက ရိုးရာအကအလှများဖြင့် လှိုက်လှဲ နွေးထွေးစွာ ခရီးဦးကြို နှုတ်ဆက်ကြသည်။

ထို့နောက် နာဂရိုးရာနှစ်သစ်ကူးပွဲတော်အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်အခမ်းအနား ကျင်းပမည့် လဟယ်မြို့၊ ရိုးရာကွင်းနေရာသို့ ရောက်ရှိနေရာ ယူကြသည်။

အဆိုပါ နာဂရိုးရာနှစ်သစ်ကူးပွဲတော်အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ Jeng Phang နော်တောင်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဦးလှမိုး၊ ဦးသောင်းဟန်၊ ဒေါက်တာ ညွန့်ဖေ၊ ဒေါက်တာသက်ခိုင်ဝင်း၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ နာဂရိုးရာ စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ဗဟို) နာယကဦးမောင်ဉာဏ်နှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ နာဂမျိုးနွယ်စုတိုင်းရင်းသားရိုးရာ အကအဖွဲ့များ၊ နာဂတိုင်းရင်းသား၊ တိုင်းရင်းသူများ တက်ရောက်ကြသည်။       

နာဂရိုးရာနှစ်သစ်ကူးပွဲတော်အခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ အစီအစဉ်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာ စကားပြောကြားရာတွင် ၂၀၂၃ ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော်သို့ ယခုကဲ့သို့ ကိုယ်တိုင် တက်ရောက်ခွင့်ရသည့်အတွက် လွန်စွာဝမ်းမြောက်ဂုဏ်ယူကြောင်းကို ဦးစွာပြောကြားလိုပါ ကြောင်း၊ မင်္ဂလာရှိလှသည့် နာဂလူမျိုးတို့၏ နှစ်သစ်ကူးပွဲတော်၌ နာဂဒေသအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများနှင့် မိမိတို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ မှီတင်းနေထိုင်ကြသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံး ကောင်းကျိုးချမ်းသာမင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေရန် ဆုမွန်ကောင်း တောင်းပါကြောင်း။

မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများသည် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ မတူကွဲပြားကြသော်လည်း တိုင်းရင်းသားလူမျိုးများအားလုံး မိသားစုစိတ်ဓါတ်မွေးမြူပြီး တစ်ဦးအပေါ်တစ်ဦး တန်ဖိုးထားပြီး လေးစားမှုဖြင့်အတူတကွ နေထိုင်ခဲ့ကြပါကြောင်း၊ မွေးဖွားရာဇာတိ၊ နေထိုင်ရာအရပ်ဒေသ ပြောဆို သုံးနှုန်းသည့် စာပေ၊ စကား၊ ကိုးကွယ်ယုံကြည်သည့် ဘာသာ၊ လိုက်နာကျင့်သုံးသည့် ဓလေ့ထုံးတမ်းအစဉ်အလာများ မည်ကဲ့သို့ပင် ကွဲပြားစေကာမူ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် အေးအတူပူအမျှ စည်းလုံးညီညွတ်စွာဖြင့် ဆွေမျိုးသားချင်း ညီအစ်ကိုမောင်နှမများပမာ လက်တွဲနေထိုင်ခဲ့ကြပါကြောင်း၊ နာဂလူမျိုးဆိုသည်မှာ လည်း နာဂတိုင်းရင်းသားတို့၏ မျိုးနွယ်စု တစ်ခုချင်းစီတို့၏ လူမျိုး၊ ဇာတိ၊ ဘာသာ အယူဝါဒ၊ ယုံကြည်ကိုးကွယ်မှု တို့နှင့်မသက်ဆိုင်ဘဲ အားလုံးသော နာဂမျိုးနွယ်များ၊ မျိုးနွယ်စုများ၊ မိသားစု အနွယ်တူများအားလုံးကို ပေါင်းစည်းဆိုလိုခြင်းပင် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် နာဂတိုင်းရင်းသားများနှင့် အနယ်နယ် အရပ်ရပ်ရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးအနေဖြင့် စည်းလုံးညီညွတ်ခြင်းများနှင့်အတူ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများကို သားစဉ်မြေးဆက် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်သွားကြရမည် ဖြစ်ပါကြောင်း၊ လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုရိုးရာဓလေ့ ထုံးတမ်းစဉ်လာများ တိမ်ကောပ‌ပျောက်မှုမရှိအောင် အလေးထားထိန်းသိမ်း စောင့်ရှောက်ကြရန် တိုက်တွန်းလိုပါကြောင်း။

မိမိတို့ အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့တာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အခြေခံမူများဖြစ်သည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်(၉)ရပ်တို့ကို ချမှတ်လျက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ဖွံ့ဖြိုးရေးကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း။

ပြည်ထောင်စုကြီးတစ်ခုလုံး ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆိုပါက နိုင်ငံတော် တစ်ဝှမ်းလုံး တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ပြည်ထောင်စုကြီးတစ်ခုလုံး တည်ငြိမ်အေးချမ်းရေးလုပ်ငန်းစဉ်ကို နိုင်ငံတော် အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်နေမှုအပေါ်၌ ပြည်သူများ အနေဖြင့်လည်း မိမိတို့ကျရာ အခန်းကဏ္ဍမှ အစိုးရအဖွဲ့နှင့်အတူ လက်တွဲပူးပေါင်း ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ တည်ငြိမ်အေးချမ်းပြီးဖြစ်သည့် နာဂဒေသကို ယခုထက် ပိုမိုတည်ငြိမ်အေးချမ်းအောင် နာဂဒေသတွင်ရှိသည့် တိုင်းရင်းသားအားလုံး ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း။

တောင်ပေါ်ဒေသတစ်ခုဖြစ်သည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရာတွင်လည်းမိမိတို့ ပြည်ထောင်စုအစိုးရ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ် ရေးအဖွဲ့တို့နှင့်အတူ တိုင်းရင်းသားပြည်သူလူထုများက တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာတွင်လည်း တစ်ဦးချင်းစီ တာဝန်ယူတတ်သည့် စိတ်ဓါတ်များ မွေးမြူပြီး စေတနာအပြည့်ဖြင့် ဆောင်ရွက်ကြရန်လည်း လိုအပ်ပါကြောင်း၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများ၌လည်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရန်အတွက် လာရောက် တာဝန်ထမ်းဆောင်ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့်လည်း စေတနာ၊ မေတ္တာအပြည့်ဖြင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ လူမှု၊ စီးပွားဘဝဘက်စုံဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက် ကျဆင်းခဲ့သည့် ပြည်သူလူထု၏ လူမှုစီးပွားဘဝနှင့် နိုင်ငံတော်၏ စီးပွားရေးအခြေအနေကို ပြန်လည်မြှင့်တင်နိုင်ရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွက် ကျပ် ၅ ဘီလီယံ မတည်ထောက်ပံ့ပေးမှုများအပေါ် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများနှင့် ပြည်သူလူထု၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အကျိုးရှိရှိအောင်မြင်အောင် အကောင်အထည်ဖော်ဆောင် ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမြို့နယ်များ၏ လမ်းပန်းဆက်သွယ်ရေးသည် ယခင်ကထက် ပိုမိုကောင်းမွန်ပြီး မြို့ရွာများဖွံ့ဖြိုးတိုးတက်နေကြောင်း သိရှိရသည့်အတွက် သက်ဆိုင်ရာဌာနများ၏ ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြု ဂုဏ်ပြုပါကြောင်း၊ မိမိတို့အစိုးရ အဖွဲ့အနေဖြင့် နာဂဒေသ၏ လမ်းပန်းဆက်သွယ်ရေးအပါအဝင် ကဏ္ဍအားလုံးကို ယခုထက် ပိုမိုမြှင့်တင်နိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ အထူးသဖြင့် နာဂတိုင်းရင်းသားများ၏ ပညာရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ် မှုကဏ္ဍနှင့်ကျန်းမာရေးကဏ္ဍများ အချိုးညီညီဖွံ့ဖြိုးတိုးတက်နိုင်စေရေး ကြိုးပမ်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။

ယခုအချိန်သည် နာဂတိုင်းရင်းသားလူမျိုးများ၏ နှစ်သစ်ကူးအချိန်ကာလဖြစ်ပြီး အလွန်မင်္ဂလာရှိလှသည့် နှစ်သစ်ကူးကာလတွင် နာဂတိုင်းရင်းသူ၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့် ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကို မောင်နှမများ အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါကြောင်းဖြင့် ပြောကြားသည်။    

ယင်းနောက် နာဂရိုးရာနှစ်သစ်ကူးပွဲတော် ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းအား နာဂတိုင်းရင်းသူ အိကျန်ထွေညူက အကျယ်တဝင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား နာဂရိုးရာ စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌ ဦးပေါင်ခုကနှစ်သစ်ကူး အမှတ်တရလက်ဆောင်ကို ဂါရဝပြုပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ပစ္စည်းများ၊ စိုက်ပျိုးရေးအထောက်အကူပြုပစ္စည်းများ၊ အားကစားပစ္စည်းများနှင့် စားသောက်ဖွယ် ရာပစ္စည်းများကို ပေးအပ်ရာ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီ(ဗဟို) နာယက ဦးမောင်ဉာဏ်နှင့် အဖွဲ့ဝင်များက အသီးသီးလက်ခံရယူကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နာဂရိုးရာနှစ်သစ်ကူးပွဲတော် အတွက် ထောက်ပံ့ငွေ ကျပ်သိန်းတစ်ထောင်ကို ပေးအပ်ရာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ က လက်ခံရယူသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နာဂတိုင်းရင်းသူ၊ တိုင်းရင်းသားများက ခမ်ညူငမ်မျိုးနွယ်စု အက၊ လိုင်းနောင်မျိုးနွယ်စု အက၊ မကျန်ပေါင်းညွှမ်မျိုးနွယ်စု အက၊ ကွန်ညှပ်မျိုးနွယ်စု အက၊ ဂုဏ်ဝမ်ပုံညိုမျိုးနွယ်စု အက၊ ပြည်ထောင်စု၏ ထာဝရအလှများ သီချင်းစသည်တို့ဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တည်ခင်းဧည့်ခံထားသည့် ရိုးရာအစားအစာများကို သုံးဆောင်ကြသည်။

သီဆိုကပြဖျော်ဖြေမှုများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နာဂရိုးရာတိုင်းရင်းသား အကအဖွဲ့များအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်သည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နာဂရိုးရာပြခန်းများအတွင်း လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ညပိုင်းတွင် နာဂရိုးရာယဉ်ကျေးမှုမီးပုံပွဲသို့ တက်ရောက်ပြီး ဒေသခံတိုင်းရင်းသားများနှင့် အတူတကွပါဝင်ဆင်နွှဲသည်။ ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် လဟယ်မြို့နယ်၊ နာဂရိုးရာယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ တို့သည် နာဂရိုးရာယဉ်ကျေးမှုမီးပုံပွဲကို မီးထွန်းညှိဖွင့်လှစ်ပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နာဂရိုးရာအကအလှများဖြင့် ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အတူတကွ ပါဝင်ဆင်နွဲခဲ့ကာ နာဂမျိုးနွယ်စုအကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်သည်။

အဆိုပါ နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို နာဂရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများ၊ ယဉ်ကျေးမှုအမွေအနှစ်များ  မပျောက်ပျက်စေရေးအတွက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်၊ နာဂရိုးရာယဉ်ကျေးမှု အနုပညာများကို ဖော်ထုတ်၍ ထိန်းသိမ်းမြှင့်တင်ဆောင်ရွက်ရန်၊ နာဂတိုင်းရင်းသားလူမျိုးစုများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်နားလည်မှုများ ပိုမိုရရှိလာနိုင်စေရန်၊ နာဂဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် နာဂတိုင်းရင်းသားများ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်သွားနိုင်ရန်နှင့် နာဂမျိုးနွယ်စုအချင်းချင်း ရင်းနှီးချစ်ကြည်မှုကို အခြေခံ၍ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်ကာ ပြည်ထောင်စုစိတ်ဓာတ် ထွန်းကား လာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း၊ ယခင်က မြို့နယ်တစ်ခုချင်းစီအလိုက် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သော်လည်း ၁၉၉၂ ခုနှစ် မှစပြီး နာဂဒေသရှိ မြို့နယ်များအတွင်း အလှည့်ကျကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ နာဂ ရိုးရာပွဲတော်သို့ ပြည်တွင်း၊ ပြည်ပမှ ခရီးသွား ဧည့်သည်များသည်လည်း စိတ်ဝင် တစားဖြင့် လာရောက်ကြည့်ရှုလေ့လာကြပြီး မီးပုံပွဲများတွင်လည်း ပျှော်ရွှင်စွာဖြင့် အတူတကွ ပါဝင်ဆင်နွဲလေ့ရှိကြကြောင်း သတင်းရရှိသည်။