မိုးညှင်း ဩဂုတ် ၅
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း နိုင်ငံတော်အစိုးရအနေဖြင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့မှုများပေးလျက်ရှိရာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စုပေါင်း ၉၄၇၄ စုအတွက် ထောက်ပံ့ငွေကျပ် ၁၈၉၄၈၀၀၀၀ကို တတိယအကြိမ်အဖြစ် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများတွင် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါ ထောက်ပံ့ပေးခြင်းကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လယ်ယာစိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဦးကျော်ကျော်ဝင်းနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ အရှေ့စုရပ်ကွက်နှင့် နားခါရပ်ကွက်များရှိ အုပ်စုအုပ်ချုပ်ရေးမှူးရုံးများတွင် သက်ဆိုင်ရာရပ်ကွက်များအလိုက် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုဝင်များ လက်ဝယ်အရောက် အိမ်ထောင်စုတစ်စု လျှင်ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့သည်။
မိုးညှင်းမြို့နယ်အနေဖြင့် မြို့နယ်အတွင်းပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစာ အိမ်ထောင်စု စုစုပေါင်း ၇၆၇၀ အတွက် ပထမအကြိမ်အဖြစ် ရိက္ခာ ၅ မျိုးကိုလည်းကောင်း၊ ဒုတိယအကြိမ် ထောက်ပံ့မှုအဖြစ် အကြောင်းအမျိုးမျိုးကြောင့် ပထမအကြိမ်တွင် ထောက်ပံရန်ကျန်ရှိခဲ့သည့် အိမ်ထောင်စု ၁၈၀၄ စုအတွက် အိမ်ထောင်စု ၁ စုလျှင်ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် စုစုပေါင်း ၂၇၀၆၀၀၀၀ ကိုလည်းကောင်း ထောက်ပံ့ပေးအပ်နိုင်ခဲ့ပြီး ယခုအကြိမ်သည် တတိယအကြိမ် အဖြစ် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်းသိရသည်။
ကျော်ကျော်ထွေး(ပြန်/ဆက်)