နေပြည်တော် ဇန်နဝါရီ ၁၈
၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အားကြိုးမာန်တက်ပါဝင်ခဲ့ကြသည့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်ဇနီးဒေါ်ခင်ဆွေဝင်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်နှင့်ဇနီးဒေါ်ဝင်းရီ၊ အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကား ပြောကြားရာ၌ကြုံတောင့်ကြုံခဲ နေ့ထူးနေ့မြတ်အခါသမယဖြစ်သည့် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်း အနား၌ တာဝန်ကျေရုံမဟုတ်ဘဲ ပြုံးရွှင်တက်ကြွစွာပါဝင်ဆောင် ရွက်ခဲ့သည့် မိမိဝန်ကြီးဌာန၏ ဝန်ထမ်းများအတွက် အထူးအစီအစဉ်အဖြစ် ဂုဏ်ပြုအခမ်းအနား ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ စိန်ရတုလွတ်လပ်ရေးနေ့သည် တစ်သက်တွင်တစ်ခါသာ ကျော်ဖြတ်ရခြင်းဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများသည် နိုင်ငံ အတွက် ထိရောက်သည့် ခြေလှမ်းများဖြစ်ပါကြောင်း၊ ကမ္ဘာကအသိအမှတ်ပြုရသည့် သမိုင်းတွင်မည့် ဂုဏ်ယူဖွယ်အခမ်းအနားကြီး အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းသည် ဝန်ထမ်းများ၏ စွမ်းဆောင်ချက်ကြောင့် ဖြစ်ပါကြောင်း၊ အဘက်ဘက်မှဝိုင်းဝန်းပံ့ပိုးပေးခဲ့သည့် ဝန်ထမ်းများကို မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားများ၊ ပွဲတော်များ၊ ပဒေသာကပွဲ ကျင်းပခဲ့ပုံများနှင့် ပတ်သက်သည့် မှတ်တမ်းဗီဒီယိုကို ပြသသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးဦးရဲတင့်က စစ်ရေးပြတပ်ခွဲတွင်ပါဝင်ခဲ့သည့် ဝန်ထမ်း ၁၆၅ ဦး အတွက် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ရာ ဝန်ထမ်းများကိုယ်စား ဝန်ကြီးရုံး၊ မြန်မာ့အသံနှင့်ရုပ်မြင် သံကြား၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းတို့မှ ဝန်ထမ်းနှစ်ဦးစီတို့က လက်ခံရယူ ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စစ်ရေးပြတပ်ခွဲတွင်ပါဝင်ခဲ့သည့်ဝန်ထမ်း ၁၆၅ ဦး၊ ချင်းပြည်နယ်ကိုယ်စားပြု ယိမ်းအဖွဲ့တွင်ပါဝင်ခဲ့ကြသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှဝန်ထမ်း ၅၇ ဦး၊ ဂုဏ်ပြုယာဉ် တည်ဆောက်ရေးတွင်ပါဝင်ခဲ့ကြသည့် ဝန်ထမ်း ၁၀ ဦး၊ တူယှဉ်နွှဲပျော်ဂီတပွဲတော်တွင် ပါဝင်ခဲ့ကြသည့်ဝန်ထမ်း ၁၀ ဦး၊ လူငယ်စာပေနှင့်အနုပညာ ပြပွဲတွင် ပါဝင်ခဲ့ကြသည့်ဝန်ထမ်း ၁၀ ဦး၊ လွတ်လပ်ရေးနေ့အထိမ်း အမှတ်ပြခန်းတွင် ပါဝင်ခဲ့ကြသည့်ဝန်ထမ်း ၁၀ ဦး၊ ပဒေသာကပွဲအခမ်းအနားတွင် ပါဝင်ခဲ့ကြသည့် ဝန်ထမ်း ၁၀ ဦး စုစုပေါင်း ဝန်ထမ်း ၂၇၂ ဦးတို့ကို တစ်ဦးလျှင်ငွေကျပ်သုံးသောင်းစီဖြင့် စုစုပေါင်းငွေကျပ် ရှစ်ဆယ့်တစ်သိန်းခြောက်သောင်းကို ပေးအပ်ရာ ဝန်ထမ်းများကိုယ်စား ဝန်ထမ်းတစ်ဦးစီတို့က လက်ခံရယူကြသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဂုဏ်ပြုခံဝန်ထမ်းများက ကာရာအိုကေသီဆို ယှဉ်ပြိုင်ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုရရှိသူများကို ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများက ဆုငွေများပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တက်ရောက်လာကြသည့်ဝန်ထမ်းများကို ကံစမ်းမဲများဖွင့်ဖောက် ပေးအပ်ခဲ့သည်။
သတင်းစဉ်