Skip to main content

မြန်မာနိုင်ငံ၌ တတိယအကြီးဆုံးဖြစ်လာနိုင်မည့် ကြေးသွန်းခေါင်းလောင်းကြီးအား မန္တလေးမြို့တွင် စတင်သွန်းလောင်း

မန္တလေး ဇန်နဝါရီ ၁၀

မြန်မာနိုင်ငံတွင် တတိယအကြီးဆုံးဖြစ်လာနိုင်မည့် ကြေးပိဿာချိန် ၁၆၀၀၀ ကျော်ရှိ ခေါင်းလောင်းကြီးကို မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် တံတိုင်းရှည်ရွာ ရွှေခေါင်းလောင်းခြံဝင်းအတွင်း၌ ဇန်နဝါရီ ၉ ရက် (ပြာသိုလပြည့်နေ့) နံနက် ၉ နာရီ ၄၅ မိနစ် တွင် တမ္ပဝတီမှ ကြေးသွန်းပညာရှင်များနှင့်  ကြေးစတင် ကြိုပြီး ညနေ ၆နာရီ တွင် ကြေးသွန်းလောင်းခြင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါခေါင်းလောင်းကြီးကို စစ်ကိုင်းမြို့ သီရိသုမနချောင် မိုးကုတ်ဝိပဿနာဓမ္မရိပ်သာဆရာတော် ဦးသုမနမှ မှာယူလှူဒါန်းပြုလုပ်ခြင်းဖြစ်ပြီး ခေါင်းလောင်းကြီးကို ကြေးသွန်းလောင်းရန် လွန်ခဲ့သည့် ခုနှစ်လကျော်မှ စ တင် ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆရာတော်ကြီးက ဒီခေါင်းလောင်းကြီးကို သူ့မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းမြို့ သိရီသုမနချောင် မိုးကုတ် ဝိပဿနာဓမ္မရိပ်သာမှာ ထားရှိသွားမှာပါ။ ကျွန်တော်က တန်ခူးလ မတိုင်ခင် ခေါင်းလောင်းကြီးကို အပြီးချိတ်ဆွဲနိုင်ဖို့ သွန်းလောင်းပေးရမှာပါ။ မြန်မာပြည်မှာတော့ လက်ရှိ ပထမအကြီးဆုံးခေါင်းလောင်းကြီးက ကြေးပိဿာချိန် ၅၅၅၅၅ ရှိတဲ့ မင်းကွန်းခေါင်းလောင်းကြီးဖြစ်ပြီး ဒုတိယအကြီးဆုံးအနေနဲ့ ရွှေတိဂုံစေတီတော်က ကြေးပိဿာချိန် ၂၆၀၀၀ ရှိတဲ့ သာယာဝတီမင်းခေါင်းလောင်းဖြစ်ပါတယ်။ အခုဒီခေါင်းလောင်းကြီးကတော့ မြန်မာနိုင်ငံမှာ တတိယအကြီးဆုံး ဖြစ်လာဖွယ်ရှိသည်။ ပြာသိုလပြည့်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ကစပြီး ကြေးစတင်ကျိုကာ သွန်းလောင်းပြီး ဒီခေါင်းလောင်းကြီးတစ်ခုလုံးအတွက် ည ၁၂ နာရီမှာ သွန်းလောင်းမှုပြီးစီးမှာပါ။ သွန်းလောင်းမှုအဆင်ပြေဖို့နဲ့ အသံမြည်အောင် အဓိကဦးစားပေးပြီး ဆောင်ရွက်သွား မှာပါလို့  ရွှေခေါင်းလောင်း ကြေးသွန်းပညာရှင် ကိုအောင်သန်းမော်က ပြောကြားသည်။

သန်းဇော်မင်း(ပြန်/ဆက်)