နေပြည်တော် ဇန်နဝါရီ ၂၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များအား သံတွဲမြို့ရှိ Pristine Mermaid Resort ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ရခိုင်ပြည်နယ်၊ ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သံတွဲမြို့နယ်အတွင်းရှိ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှုနှင့် လိုအပ်ချက်များအား အသီးသီး ဆွေးနွေးတင်ပြ
ဦးစွာ ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်နှင့် သံတွဲခရိုင်ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးချစ်တို့က ရခိုင်ပြည်နယ်အတွင်းနှင့် သံတွဲခရိုင်အတွင်းရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများ၏ လုပ်ငန်းဆောင်ရွက်နေမှုနှင့် သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ လုပ်ငန်းလိုင်စင်များထုတ်ပေးထားရှိမှု၊ ပြည်တွင်းပြည်ပခရီးသည်များ ဝင်ရောက်လျက်ရှိမှု၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများကို ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း စနစ်တကျ လိုက်နာဆောင်ရွက်ရေးကြပ်မတ်ဆောင်ရွက်လျက်ရှိမှု၊ အပန်းဖြေကမ်းခြေခရီးစဉ် ဒေသများတိုးမြှင့်ဖော်ဆောင်လျက်ရှိမှု၊ ဟိုတယ်ဝန်ဆောင်မှုသင်တန်းများ ဖွင့်လှစ်လျက်ရှိမှု၊ ခရီးသွားလုပ်ငန်းများ ပိုမိုတိုးတက်စေရေးဆောင်ရွက်လျက်ရှိမှု၊ ခရီးစဉ်ဒေသဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်းထားရှိမှု၊ Gust List Management System ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအောင်မျိုးမင်းဒင်၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း(ရခိုင်ဇုန်) ဥက္ကဋ္ဌ၊ Bay View Hotel ပိုင်ရှင် ဦးသန်းဦးနှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များနှင့် ဒေသခံများကလေကြောင်းလိုင်းပြေးဆွဲမှုများ နည်းပါးသွားသည့်အတွက် ခရီးသွားဝင်ရောက်မှုများနည်းပါးလျက်ရှိမှု၊ သံတွဲလေဆိပ်ကို အပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ် တိုးချဲ့ တည်ဆောက်နိုင်မည်ဆိုပါက ပြည်တွင်းပြည်ပခရီးသွားများ ပိုမိုဝင်ရောက်လာနိုင်မှု၊ ရန်ကုန်-ငပလီသွား ကားလမ်းအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန်လိုအပ်မှု၊ လျှပ်စစ်ဓာတ်အားလိုအပ်မှု၊ ငပလီဟိုတယ်ဇုံသန့်ရှင်းသာယာလှပရေးအတွက် ဝိုင်းဝန်းဆောင်ရွက်လျက်ရှိမှု၊ ရေလုပ်ငန်းနှင့်ခရီးသွားလုပ်ငန်းတစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက်စေရေးရေလုပ်ငန်းဇုန်တစ်ခုကန့်သတ်၍ ဖွင့်လှစ်ပေးရန်လိုအပ်လျက်ရှိမှု၊ ကမ်းခြေသဘာဝအလှအပများပျက်ဆီးမှုများမဖြစ်ပေါ်စေရေးအတွက် သဲထုတ်လုပ်မှုများကို ထိန်းသိမ်းကြပ်မတ်ပေးရန်နှင့် နေရာသတ်မှတ်ပေးရန်လိုအပ်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြောကြား
တင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ခရီးသွားလုပ်ငန်းများဆောင်ရွက်နေသည့် ဝန်ထမ်းများအားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေးများ စနစ်တကျထိုးနှံထားရှိရန်လိုအပ်ကြောင်း၊ ခရီးသွားလုပ်ငန်းများကို သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လေကြောင်းလိုင်းများ အမြဲမပြတ်ပြေးဆွဲစေရေးအတွက် ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူများနှင့် လေကြောင်းလိုင်းလုပ်ငန်းများဆောင်ရွက်နေသူများ ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ငပလီလေဆိပ်အား အပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ် အဆင့်မြှင့်တင်နိုင်မည်ဆိုပါက ခရီးသွားလုပ်ငန်းအတွက် ပိုမိုအထောက်အကူ ပြုနိုင်သဖြင့် လေဆိပ်အားအဆင့်မြှင့်တင်နိုင်ရေး နိုင်ငံတော်မှစီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ငပလီဒေသအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားရရှိရေး သူဋ္ဌေးရေအားလျှပ်စစ်စီမံကိန်းကို ယခင်ကတည်းကအကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးမှုများဖြစ်ပေါ်ခဲ့သဖြင့် ယခုအခါအဆိုပါစီမံကိန်းအား အကောင်အထည်ဖော်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ လက်တလောလျှပ်စစ်မီးလိုအပ်ချက်အား နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်သုံးစွဲခြင်းဖြင့် အထောက်အကူပြုနိုင်ကြောင်း၊ အလားတူစပါးခွံသုံး Gastifier စနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ လေအားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများကိုလည်းဆောင်ရွက်နိုင်ကြောင်း၊ ရေလုပ်ငန်းနှင့်ပတ်သက်၍ စနစ်တကျဖြင့် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ခရီးသွားလုပ်ငန်းသည် တည်းခိုရေးတစ်ခုတည်းသာမကဘဲ များစွာကျယ်ပြန့်ကြောင်း၊ ထို့ကြောင့် အခြားကဏ္ဍများဖြင့်လည်း ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးဆောင်ရွက်ခြင်းဖြင့် တိုးတက်အောင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ခရီးသွားလုပ်ငန်းသည် ဒေသရှိ သဘာဝသယံဇာတအရင်းအနှီးများကို အကျိုးရှိစွာအသုံးချ၍ ဆောင်ရွက်ရသည့်လုပ်ငန်းတစ်ခုဖြစ်
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားရာတွင် ခရီးသွားလုပ်ငန်းသည် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး MSME လုပ်ငန်းများတွင်ပါဝင်ပြီး နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်းများကိုအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ MSME လုပ်ငန်းများတွင် ထုတ်လုပ်မှု၊ ရောင်းဝယ်မှုနှင့် ဝန်ဆောင်မှုဟူ၍ရှိကြောင်း၊ ခရီးသွားလုပ်ငန်းတွင် ခရီးသွားသူများနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းရှင်များ အချင်းချင်း နှစ်ဦးနှစ်ဘက်နားလည်မှုဖြင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပြီး စနစ်တကျရှိရန်လိုကြောင်း၊ သယ်ယူပို့ဆောင်ရေး၊ ချက်ပြုတ်ကျွေးမွေးရေးနှင့် တစ်ဦးချင်းဝန်ဆောင်မှုပေးရသည့်လုပ်ငန်းများ၊ အသုံးအဆောင်ပစ္စည်းများနှင့် လက်ဆောင်ပစ္စည်းများထုတ်လုပ်သည့် လုပ်ငန်းများလည်းပါဝင်ကြောင်း၊ အလားတူ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးသည်လည်း အရေးကြီးသည့်အချက်တစ်ခုဖြစ်ပြီး ငပလီကမ်းခြေသည် သာယာလှပသည့်ကမ်းခြေတစ်ခုဖြစ်ကာ ပြည်ပခရီးသွားဧည့်သည်များကပင် ချီးကျူးနှစ်သက်ရသည့် ကမ်းခြေတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့၏ရှိပြီးသားဖြစ်သည့် အားသာချက်များကိုအသုံးချပြီး ခရီးသွားဧည့်သည်တို့၏ သဘောသဘာဝကိုသိရှိအောင် ဆောင်ရွက်ကာ ဒေသတွင်းသို့ခရီးသွားများ ပိုမိုဝင်ရောက်စေရေးလုပ်ဆောင်ကြရန်လိုကြောင်း။
လုပ်ငန်းတစ်ခုအောင်မြင်ရေးအတွက် အခြေခံအားဖြင့် လူသားအရင်းအမြစ်များ၊ အရင်းအနှီး၊ ကုန်ကြမ်းနှင့် နည်းပညာများလိုအပ်မည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းသည်ဒေသရှိ သဘာဝသယံဇာတအရင်းအနှီးများကို အကျိုးရှိစွာအသုံးချ၍ ဆောင်ရွက်ရသည့်လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ရန်အတွက် လူသားအရင်းအမြစ်ကောင်းများကိုလည်း စနစ်တကျမွေးမြူဆောင်ရွက်ရန် အဓိကလိုအပ်ပြီး လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေး သက်ဆိုင်ရာကဏ္ဍအလိုက်လေ့ကျင့်သင်ကြားပေးရန်လိုအပ်မည်ဖြစ်ကြောင်း၊ အရည်အချင်းရှိပြီးကျွမ်းကျင်သည့် ဝန်ထမ်းများရှိမှသာလျင် ဝန်ဆောင်မှုလုပ်ငန်း၌ ကောင်းမွန်သည့်ရလာဒ်ကိုရရှိနိုင်မည်ဖြစ်ကြောင်း၊ လူသားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကို မဖြစ်မနေအားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်ပညာရေးကို အားပေးဆောင်ရွက်ပြီး ဒေသတွင်းပညာတတ်များ ပေါကြွယ်ဝစေရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
အိမ်သာယာမှသာလျှင် ဧည့်လာမည်
ဒေသတွင်းရှိ ရှေးဟောင်းအမွေအနှစ်များ၊ ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်သည့် အဆောက်အဦများ၊ ဘာသာရေးအဆောက်အဦများအားလုံး သန့်ရှင်းသာယာလှပစေရေး၊ မိမိတို့နေထိုင်ရာပတ်ဝန်းကျင်နှင့် လမ်းများအားလုံးသန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ အမြင်တင့်တယ်မှုရှိစေရေး ဒေသအလိုက်တာဝန်ရှိသူများနှင့် ဒေသခံများက ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသသို့လာရောက်လည်ပတ်သူများ စိတ်နှလုံးချမ်းမြေ့ပြီး မျက်စိပသာဒဖြစ်စေရေးအတွက် Green Zone များကိုလည်း ဖန်တီးပေးရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ထားရှိခြင်းအားဖြင့် ဒေသတွင်းသို့ လာရောက်လည်ပတ်သူများဝင်ရောက်မှု ပိုမိုများပြားလာပြီး ဒေသတွင်းငွေကြေးလည်ပတ်မှု အားကောင်းလာမည်ဖြစ်ကာ ဒေသဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ အိမ်သာယာမှသာလျှင် ဧည့်လာမည်ဖြစ်ကြောင်း။
ဒေသတွင်း တာဝန်ကျသည့် အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာလှပရေးတို့အတွက် စည်းကမ်းပိုင်းဆိုင်ရာများကို ဥပဒေနှင့်အညီ တိကျစွာ ကိုင်တွယ်ဆောင်ရွက်ရန်လိုကြောင်း၊ ဒေသနှင့် တိုင်းပြည်၏ ရေရှည်အကျိုးကိုကြည့်၍ မိမိ၏တာဝန်များကို ကျေပွန်အောင်တိတိကျကျဖြင့် အမုန်းခံပြောဆိုဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဥပဒေမဲ့ ဆောင်ရွက်နေမှုများအား ပြောဆိုသတိပေးရမည်များကို ဆောင်ရွက်ရန်ပျက်ကွက်ခဲ့ပါက နောင်တစ်ချိန်တွင် ဒေသနှင့် တိုင်းပြည်၏အကျိုးစီးပွားကို ကြီးမားစွာသက်ရောက်ထိခိုက်စေနိုင်မည်ကို တာဝန်ရှိသည့် အုပ်ချုပ်သူတာဝန်ရှိသူများအနေဖြင့် သတိပြုဆောင်ရွက်ကြစေလိုကြောင်း၊ ငပလီဒေသအတွင်းရှိ လမ်းများစနစ်တကျရှိစေရေး၊ လမ်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ လမ်းပခုံးများကောင်းမွန်စေရေး၊ လမ်းအင်္ဂါရပ်များနှင့် ညီညွတ်စေရေးနှင့် လမ်းညွှန်ဆိုင်းဘုတ်များ စနစ်တကျရှိစေရေး၊ လမ်းဧရိယာအတွင်း ကျော်လွန်ဝင်ရောက်၍နေထိုင်ခြင်းနှင့် ဈေးရောင်းချခြင်းများမရှိစေရေး တာဝန်ရှိသူများအနေဖြင့် စနစ်တကျဖြင့် အလေးထားကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း။
ဒေသမှထွက်ရှိသည့် ဒေသထွက်အစားအစာများဖြင့်လည်း ဒေသသို့လာရောက် လည်ပတ်သူများပြားလာအောင် ဆွဲဆောင်နိုင်ကြောင်း၊ ဒေသထွက်သားငါးနှင့်သီးနှံများ၏ သန့်ရှင်းလတ်ဆတ်မှု၊ အနံ့အရသာပြည့်စုံမှုတို့ကို ပေးစွမ်းနိုင်ရမည်ဖြစ်ကြောင်း၊ ဟိုတယ်လုပ်ငန်းဝန်ဆောင်မှုများတွင်အသုံးပြုသည့် အသားငါးနှင့် သစ်သီးဝလံများကို ဒေသခံများအား အောင်မြင်အောင် စိုက်ပျိုးစေခြင်းဖြင့် ဒေသခံများ၏ လူမှုစီးပွားဘဝကိုလည်း ဖွံ့ဖြိုးတိုးတက်စေနိုင်မည်ဖြစ်သကဲ့သို့ မိမိတို့၏ ဧည့်သည်များကိုလည်း သန့်ရှင်းပြီး လတ်ဆက်သည့် အစားအစာများဖြင့် ဆွဲဆောင်နိုင်ရမည်ဖြစ်ကြောင်း။
ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအောင်မြင်ခြင်းဖြင့် နိုင်ငံတွင်းရှိ ချည်ထည်ပစ္စည်းလုပ်ငန်းများကိုလည်း ဈေးကွက်ရရှိအောင် ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ပြည်တွင်းရှိချည်ထည်ဖြင့် ထုတ်လုပ်ထားသော ချည်ထည်ပစ္စည်းများကို အသုံးပြုခြင်းဖြင့် စီးပွားရေးမြှင့်တင်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ အစိုးရတစ်ရပ်အနေဖြင့် လိုအပ်သည်များကို မူဝါဒအနေဖြင့် ချမှတ်ပေးသွားမည်ဖြစ်ပြီးလိုအပ်သည့် အခက်အခဲများကို မိမိတို့အနေဖြင့် အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့၏လုပ်ငန်းများကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်အောင် ဆောင်ရွက်ကြစေလိုကြောင်းဖြင့် တိုက်တွန်းဆွေးနွေးပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် သံတွဲမြို့ရှိ အောင်စစ်သည် အပန်းဖြေစခန်း(လင်းသာ) တည်ဆောက်ထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် သံတွဲမြို့လေဆိပ်သို့ရောက်ရှိကြရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက လေဆိပ်သမိုင်းအကျဉ်းနှင့် လေယာဉ်ကွင်းဆိုင်ရာအချက်အလက်များ၊ လေယာဉ်ပြေးလမ်းကို အဆင့်ဆင့်တိုးချဲ့ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ လေယာဉ်ပြေးလမ်းနှင့် လေဆိပ်အဆင်မြှင့်တင်ရေး ဆက်လက်ဆောင်ရွက်သွားမည်အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သံတွဲလေဆိပ်ကို နိုင်ငံတကာလေဆိပ်အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသသို့ခရီးသွားများ ပိုမိုဝင်ရောက်လာနိုင်ခြင်း၊ ဒေသထွက်ပစ္စည်းများအား ပြည်တွင်း၊ ပြည်ပသို့ ပိုမိုတင်ပို့နိုင်ခြင်းများကို ဆောင်ရွက်နိုင်သည့်အပြင် ရေထွက်ပစ္စည်းများကိုလည်း ပြည်ပသို့တိုက်ရိုက်တင်ပို့နိုင်မှုကြောင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုနိုင်သည့် အခြေအနေများကိုပြောကြားပြီး လေယာဉ်ပြေးလမ်းအား အဆင့်အလိုက်တိုးချဲ့ဆောင်ရွက်ရန်လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် လေယာဉ်ပြေးလမ်းတစ်လျှောက် လှည့်လည်ကြည့်ရှုခဲ့ပြီး လေယာဉ်ကွင်းအဆင့်မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများကိုကြည့်ရှုခဲ့ကြောင်းနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။