နေပြည်တော် ဩဂုတ် ၅
(၃၃)ကြိမ်မြောက် အာဆီယံ-အမေရိကန်ဆွေးနွေးပွဲကို ယနေ့နံနက် ၇ နာရီတွင် Video Conference စနစ်ဖြင့် ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန် နေပြည်တော်မှ ပါဝင် တက်ရောက်သည်။
အစည်းအဝေးကို အာဆီယံ-အမေရိကန် ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူးနိုင်ငံဖြစ်သည့် လာအို ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Thongphane Savanphet နှင့် အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာန လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. David R. Stilwell တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ပြီး အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံ များမှ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်းမှ ဒုတိယအတွင်း ရေးမှူးချုပ်တို့ ပါဝင်တက်ရောက် ကြသည်။
အစည်းအဝေးတွင် အဆင့်မြင့် အရာရှိကြီးများက အာဆီယံနှင့် အမေရိကန်ပြည်ထောင်စုတို့၏ ကိုဗစ်- ၁၉ ကူးစက်ရောဂါ ထိန်းချုပ်ရေး တုံ့ပြန်ဆောင်ရွက်မှုများ၊ အာဆီယံ-အမေရိကန် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးတက် ခိုင်မာစေရေးအတွက် ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး ကိစ္စရပ်များနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များအပေါ် ဆွေးနွေး အမြင်ချင်း ဖလှယ်ခဲ့ကြသည်။
အမြဲတမ်းအတွင်းဝန် ဦးစိုးဟန် က ဒေသတွင်း၌ နှစ်ဦးနှစ်ဖက်အကျိုးရှိမည့် ပူးပေါင်းဆောင်ရွက်မှုနှင့် မဟာဗျူဟာကျသည့် တည်ငြိမ်မှုကို ပိုမိုတိုးမြှင့်ရန်အတွက် အင်ဒို-ပစိဖိတ်ဆိုင်ရာ အာဆီယံ၏ သဘောထား အမြင်တွင် ဖော်ပြပါရှိသည့် အာဆီယံ၏ အချက်အချာကျမှု၊ အပြန်အလှန် လေးစားမှု၊ အပြန်အလှန်ယုံကြည်မှု၊ တန်းတူညီမျှရှိမှု၊ အားလုံးပါဝင်နိုင်မှုနှင့် သဟဇာတ ဖြစ်မှုတို့သည် အဓိက ကျသည့်အချက်များ ဖြစ်ကြောင်း၊ အာဆီယံ-အမေရိကန် ပင်လယ် ရေကြောင်း ပူးပေါင်းဆောင်ရွက်မှု အထူးသဖြင့် ပင်လယ်ရေကြောင်း ကူးလူးဆက်သွယ်ရေး၊ ပင်လယ်ပြင်ရှိ စွန့်ပစ်ပစ္စည်းများ ဖယ်ရှားရေး၊ ပင်လယ်ရေကြောင်း ပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်စောင့် ရှောက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရန် အရေးကြီး ကြောင်း ထည့်သွင်းဆွေးနွေးသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ကြ ကြောင်း သိရသည်။
သတင်းစဉ်