ပဲခူး သြဂုတ် ၆
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယမန်နေ့ ညနေ ၅ နာရီခွဲက ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် ညောင်လေးပင် မြို့နယ် တော်ဝိကျေးရွာနှင့် ပိန်းဇလုပ်မြို့အကြားရှိ မီးရထားလမ်းတံတားနှင့် ပိန်းဇရပ်မြို့ အဝင်ကားလမ်း တံတားတို့အား သွားရောက် ကြည့်ရှုခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် စက်မှု၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ တော်ဝိကျေးရွာနှင့် ပိန်းဇလုပ်မြို့အကြားရှိ မီးရထားလမ်းတံတားအမှတ် (၁၃၆) ရေတိုက်စားမှုကြောင့် ပျက်စီး သွားသည့်အခြေအနေအား ကြည့်ရှုစစ်ဆေးရာ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ (သွားလာပို့ဆောင်ရေး) ဦးအောင်မြင့်လှိုင်မှ တံတားပျက်စီးသွားမှုအခြေအနေနှင့် ပြန်လည်ပြုပြင်နေမှုအခြေအနေများကို ရှင်းလင်း တင်ပြရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။
ထို့နောက် တံတားအမြန်ဆုံး ပြီးစီးနိုင်ရေးအတွက် ကူညီကာ လုပ်အားပေးဆောင်ရွက်နေကြသည့် ဒိုက်ဦးမြို့မှ တပ်မတော် သားများနှင့် မီးရထားဝန်ထမ်းများအား နှုတ်ဆက်အားပေးစကားနှင့် ကျေးဇူးတင် စကားပြောကြားခဲ့သည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပိန်းဇလုပ်မြို့အဝင် ဆေးရုံအနီးကားလမ်းမပေါ်ရှိ ရေတိုက်စားမှုကြောင့် ပျက်စီးသွား သည့် တံတားအား သွားရောက်ကြည့်ရှုပြီး ဒေသခံများ လတ်တလောသွားလာမှု အခက်အခဲမဖြစ်စေရေးအတွက် အမြန်ဆုံး ဆောင်ရွက် ပေးနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ပိန်းဇလုပ်မြို့အဝင် ကားလမ်းတံတားပျက်စီးမှုအား လမ်းဦးစီးဌာန၊ ဟိုက်စတား(B.O.T)ကုမ္ပဏီမှ လတ်တလော ပြည်သူများ သွားလာမှု အဆင်ပြေစေရန် ယာယီဘေလီတံတားအဖြစ် တည်ဆောက်ပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဟိန်းထက် (ပဲခူး)