မြစ်ကြီးနား သြဂုတ် ၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ တာလောကြီးနှင့် စံကင်းကျေးရွာများရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ယမန်နေ့ နံနက် ၉ နာရီတွင် အဆိုပါ ကျေးရွာများသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးနှင့် ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးတို့က သွားရောက်ထောက်ပံ့ပေးခဲ့ကြသည်။
နိုင်ငံတော်မှ ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်းနှင့် ရှမ်းတိုင်းရင်းသားလူမျိုးရေးဝန်ကြီး ဦးစိုင်းစိန်လင်းတို့သည် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့်အတူ တာလောကြီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာအတွင်းရှိ အိမ်ထောင်စု (၃၈၉)စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၇၇၈၀၀၀၀)ကိုလည်းကောင်း၊ စံကင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ အိမ်ထောင်စု(၄၁)စုတို့အတွက် ငွေကျပ်(၈၂၀၀၀၀)တို့ကိုလည်းကောင်း ထောက်ပံ့ ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများက တာလောကြီးကျေးရွာ ဒက္ခိဏရာမကျောင်းတိုက်တွင် သီတင်းသုံး တော်မူကြသော ဝါဆိုသံဃာတော်များအား ဝါဆိုင်္ကန်းနှင့် အလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့နယ်အတွင်း နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအတွက် ပထမအကြိမ်အဖြစ် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၁၂၀၀၀)တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန် စသည့်အခြေခံ စားသောက်ကုန်များ၊ ဒုတိယအကြိမ်အဖြစ် အိမ်ထောင်စု (၄၁၇၂) စုတို့အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ်(၁၅၀၀၀)နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၆၂၅၈၀၀၀၀)တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ယခုတတိယအကြိမ်အဖြစ် အိမ်ထောင်စု (၁၈၇၂၈)စုတို့အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၃၇၄၅၆၀၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မျိုးမြင့်စိုး(ပြန်/ဆက်)