Skip to main content

တောင်ကြီးမြို့၌ (၅၁)နှစ်မြောက် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

တောင်ကြီး ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၅၁)နှစ်‌မြောက် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကို ယမန်နေ့ မွန်းတည့်(၁၂) နာရီက တောင်ကြီးမြို့၊ တောင်ကျောင်းကြီး ပထမစာသင်တိုက်မှ သံဃာတော်များ စတင်ကြွချီ၍ ဗိုလ်ချုပ်အောင်ဆန်းလမ်းမအတိုင်း မူလမင်းကွန်း ကျောင်းတိုက်အထိ ဆွမ်းဆန်စိမ်း လောင်းလှူခံကြသည်။

(၅၁)နှစ်မြောက် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် တောင်ကြီးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း (၉၉) ကျောင်းမှ သံဃာတော်(၁၃၈၂)ပါး၊ သီလရှင်ကျောင်း(၁၀)ကျောင်းမှ သီလရှင်အပါး(၁၀၀) တို့အား ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကုမ္ပဏီများ၊ ဒေသခံပြည်သူများတို့မှ ဆွမ်းဆန်စိမ်း၊ ဆေးဝါး၊ လှူဖွယ်ဝတ္ထုပစ္စည်း အမျိုးမျိုးတို့ လောင်းလှူကြသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့်ဇနီး ဒေါ်နန်းရွှေမြင့်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများတို့က မူလမင်းကွန်းကျောင်းတိုက်တွင် ဆရာတော်၊ သံဃာတော်ကြီးများအား ဆွမ်းဆန်စိမ်း၊ ဆေးဝါးများ၊ လှူဖွယ်ဝတ္ထုအစုစုတို့ကို လောင်းလှူ ကြသည်။

ထို့နောက် ရေစက်သွန်းချ အခမ်းအနားကို မူလမင်းကွန်းကျောင်းတိုက်ဓမ္မာရုံ၌ ဆရာတော်၊ သံဃာတော်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးအမှူးပြုသော ဧည့်ပရိသတ်တို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မဟာဂန္ထဝါစက ပဏ္ဍိတ တောင်ကြီးမြို့ သိမ်တောင်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တတေဇဝန္တထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြကာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့မှ မေတ္တာသုတ် ပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဇျာယ် ချီးမြှင့်တော်မူ၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ဇနီးဒေါ်နန်းရွှေမြင့်၊ ပြည်နယ်ဝန်ကြီးများတို့က ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြကြောင်း သိရသည်။

အဆိုပါ (၅၁)နှစ်‌မြောက်မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဘုန်းတော်ကြီးကျောင်း (၉၉) ကျောင်းအတွက် ဆန်(၇၅၂)အိတ်၊ သီလရှင်ကျောင်း (၁၀)ကျောင်းအတွက် ဆန်(၇၅)အိတ်၊ ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်းအတွက် ဆန်(၅)အိတ်၊ ဆွမ်းဆန်စိမ်းလောင်းလှူရေး ဦးစီးကော်မတီ ကြီးကြပ်မှုဖြင့် မဏ္ဍာပ်များမှ လောင်းလှူသော ဆန်(၃၅၀)အိတ်၊ စုစုပေါင်း(၁၁၈) အိတ်နှင့် တန်ဖိုးသင့် လှူဒါန်းငွေ စုစုပေါင်းမှာ (၂၉,၅၅၀,၀၀၀)ကျပ်၊ ဗိုလ်ချုပ်လမ်းတစ်လျှောက်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ရက်ကွက် အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့များနှင့် မြို့သူမြို့သားများမှ ဆွမ်းဆန်စိမ်း လောင်းလှူသည့် ခန့်မှန်း တန်ဖိုး စုစုပေါင်း ကျပ်သိန်းနှစ်ထောင်ဖြစ်ပြီး၊ (၅၁)နှစ်‌မြောက်မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူ ပွဲကြီး၏ လှူဒါန်းငွေကျပ်စုစုပေါင်းမှာ (၂၂၉,၅၅၀,၀၀၀)ကျပ်ဖြစ်ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)