Skip to main content

ထားဝယ်မြို့တွင် DAWEI OPEN 2020 LOKI CUP ဖိတ်ခေါ် စားပွဲတင်တင်းနစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

ထားဝယ်  ဇန်နဝါရီ ၁၀

တနင်္သာရီတိုင်းဒေသကြီး အားကစားနှင့်ကာယ ပညာဦးစီးဌာန၊ တိုင်းဒေသကြီး စားပွဲတင်တင်းနစ် ဆပ် ကော်မတီနှင့် Wow Sports Co.Ltd တို့ ပူးပေါင်း၍DAWEI OPEN 2020 LOKI CUP ဖိတ်ခေါ်စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီ က ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပခဲ့သည်။

ဖွင့်ပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဦးဟိုပင် အဖွင့်အမှာ စကားပြောကြားရာ၌ ယနေ့ကျင်းပသော ဖိတ်ခေါ်စားပွဲ တင်တင်းနစ် ပြိုင်ပွဲသည် လူငယ်လူရွယ်များ၊ စားပွဲတင် တင်းနစ်အားကစားနည်းကို ပိုမိုစိတ်ဝင်စားလာရေး၊ ထူးချွန်ထက်မြက်သည့် စားပွဲတင်တင်းနစ် အားကစား သမား များပေါ်ထွက်လာရေး၊ နိုင်ငံတစ်ဝှမ်းလုံးမှာရှိသည့် စားပွဲတင်တင်းနစ် ကစားသမားတွေ ချစ်ကြည်ရင်းနှီးမှု ရရှိရေး ၊ ဒေသ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် ရည်ရွယ်ပြီး ကျင်းပသောပြိုင်ပွဲတစ်ခုလည်း ဖြစ်ကြောင်း၊ လူငယ်များစားပွဲတင် တင်းနစ်အားကစားနည်းကို စိတ်ပါဝင်စားစွာဖြင့် ဗလငါးတန်ဖွံ့ဖြိုးပြီး စိတ်ရော ကိုယ်ပါ ပျော်ရွင်ချမ်းမြေ့စေနိုင်ရန်၊ အားကစားပြိုင်ပွဲကတစ်ဆင့် လူငယ်လူရွယ်များ ချစ်ကြည်ရင်းနှီးမှုရရှိပြီး စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်နိုင်ရန်၊ စားပွဲတင် တင်းနစ်အားကစားနည်းကို လူငယ်တွေ စိတ်ပါဝင်စား ကစားလာခြင်းဖြင့် ထူးချွန်ပြီး အလားလာရှိသောအားကစား လူရည်ချွန်များ ပေါ်ထွက်လာပြီး  စားပွဲတင်တင်းနစ် အားကစားအဆင့်အတန်း မြင့်မားတိုးတက်လာစေရေး အထောက်အကူပြုနိုင်ရေးအတွက် ကျင်းပသော ပြိုင်ပွဲ တစ်ခုလည်း ဖြစ်ကြောင်း ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စီမံခန့်ခွဲကြီးကြပ် ဆောင်ရွက်ပေးသော မြန်မာနိုင်ငံ စားပွဲတင်တင်းနစ် အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ဝင်များ၊ တနင်္သာရီတိုင်းဒေသကြီး စားပွဲတင်တင်းနစ် ကော်မတီဝင်များ အားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ယင်းနောက်ကွမ်းသီးလုပ်ငန်းရှင်များအသင်း ငွေကျပ်သိန်း(၂၀)၊ ဦးဆန်းလိုက်ငွေကျပ် (၅)သိန်း၊ ဘုန်းမြတ်စံ ငွေကျပ် (၅)သိန်း၊ DAWEI RUBBER TRADIN CO, Ltdငွေကျပ် (၃)သိန်း၊ DDPC CO,Ltdငွေကျပ် (၅)သိန်း၊ Dr. 99 PAINTING GROUP ငွေကျပ် (၃)သိန်း၊ ကိုဖြိုးမောင်မောင်-မချောစု (ဆောင်းသပြေ) ငွေကျပ် (၃)သိန်း၊ ( NEW LIGHT ၊ NEW POWER ၊ SHWE MOE )HOTEL များက ငွေကျပ်(၃)သိန်း၊ စမိုင်းလင်းစားသောက်ဆိုင်ငွေကျပ်(၂) သိန်း အသီးသီး ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီးက လက်ခံယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီးနှင့်တာဝန်ရှိသူများက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ပြီး အားကစားသမားများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ အားကစားဝါသနာရှင်များက ပြိုင်ပွဲဝင်အားကစားသမား များ ၏ယှဉ်ပြိုင်ကစားနေမှုကိုကြည့်ရှုအား ပေးပြီး ဖိတ်ခေါ်စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ဇန်နဝါရီ ၁၂ ရက်နေ့အထိ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရှိရသည်။

ဦးကျော်ကျော်လတ် (ခရိုင်ပြန်/ဆက်)