Skip to main content

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တိုင်းဒေသကြီးအဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားသို့ တက်ရောက်

မုံရွာ   ဇန်နဝါရီ   ၁၀

၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဒေသကြီးအဆင့် ပညာရေးစုံညီပွဲတော် အခမ်း အနားကို ယမန်နေ့ နံနက်(၉)နာရီက  မုံရွာမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ  စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ၊ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရေးမှူးများ၊ ကျောင်းဆရာ/မများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်  စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော် မုခ်ဦးအား ထူးချွန်ကျောင်းသား ကျောင်းသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ မှတ်တမ်းတင် ဓါတ်ပုံများရိုက်ကူးခဲ့ကာ အဆိုပါ ခန်းမတွင်း ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဒေသကြီး အဆင့်ပညာရေး စုံညီပွဲတော် အခမ်းအနားကို မုံရွာမြို့၊ မြို့တော်ခန်းမအတွင်း၌ ကျင်းပခဲ့ရာ ကျောင်းသူလေးများမှ “ကြိုဆိုပါသည် စုံညီပွဲ တော်” သီချင်းဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။

ထို့နောက် အခမ်းအနားတွင် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အဖွင့်အမှာ စကားပြောကြားပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့မှ National ICT Awards – 2019 ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ ၊အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်၊ အပြည်ပြည် ဆိုင်ရာဒီမိုကရေစီနေ့ အထိမ်းအမှတ်၊ အမျိုးသမီးများနေ့ အထိမ်းအမှတ်၊  ကမ္ဘာ့ခရီးသွားနေ့ အထိမ်းအမှတ် ၊ Mitsubishi Asean Children’s Enikki Festa  ၊ 9 th Asean Quiz ၊ လူ့အခွင့်အရေးဆိုင်ရာ လူငယ်စကားရည်လုပွဲတို့တွင် ဆုရရှိခဲ့သော ကျောင်းသား/သူများအား ဆုများပေးအပ်ချီးမြှင့်ကာ ကိုယ်ပိုင်ကျောင်းများနှင့် အခြေခံ ပညာကျောင်းများမှ ကျောင်းသား/သူများမှ အကအလှများဖြင့် ပြန်လည်ဖျော်ဖြေခဲ့ကြကြောင်းသိရသည်။

ထွန်းကိုကို(ယင်းမာပင်)