နေပြည်တော် ဖေဖော်ဝါရီ ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အသီးသီးမှ စက်မှုဇုန်ကော်မတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား လှိုင်သာယာစက်မှုဇုန်၊ ကနောင်ခန်းမ၌ တွေ့ဆုံ၍ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ တိုင်း၊ ခရိုင် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စက်မှုဇုန်အသီးသီးမှ ကော်မတီဥက္ကဋ္ဌများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
စက်မှုဇုန်များအတွင်း လုပ်ငန်းဆောင်ရွက်လျက်ရှိမှုနှင့် ဇုန်အလိုက် ကြုံတွေ့နေရသည့် အခက်အခဲများ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေး
ဦးစွာ လှိုင်သာယာစက်မှုဇုန်ဥက္ကဋ္ဌ ဦးအုန်းဆိုင်က စက်မှုဇုန်အတွင်းရှိ စက်မှုလုပ်ငန်းများဆောင်ရွက်နေမှု၊ စက်ရုံများမှ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စက်မှုဇုံလည်ပတ်မှု ပိုမိုအဆင်ပြေစေရန်အတွက် လျှပ်စစ်ဓာတ်အားပြည့်ဝစွာ ရရှိရန်လိုအပ်မှု၊ သွင်းကုန်အစားထိုးရန်အတွက် စက်မှုကုန်ကြမ်းများနှင့် စက်အပိုပစ္စည်းများ ပြည်ပမှတင်သွင်းရာတွင် မြန်ဆန်စွာဖြင့် တင်သွင်းခွင့်ရရှိရေး၊ ပြည်တွင်းမှထုတ်လုပ်သည့် အဆင့်မီထုတ်ကုန်များကို နိုင်ငံတော်မှဝယ်ယူပေးစေလိုမှုတို့ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသည့် စက်မှုဇုန်အသီးသီးမှ ကော်မတီဝင်များနှင့် လုပ်ငန်းရှင်များက စက်မှုဇုန်များအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သူများရှိနေပြီး ၎င်းတို့ကိုဥပဒေနှင့်အညီ ဆောင်ရွက်ပေးစေလိုမှု၊ စက်မှုလုပ်ငန်းများအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် လျှပ်စစ်မီးလိုအပ်ချက်ကို ပြည့်မီအောင်ဆောင်ရွက်ပေးစေလိုမှု၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၏ သယ်ယူပို့ဆောင်ရေးနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်ပေးစေလိုမှု၊ စက်မှုဇုန်များတည်ရှိသည့် မြို့နယ်များအတွင်း ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုမှု၊ စက်မှုဇုန်နယ်မြေများအတွင်း စိတ်အေးချမ်းသာစွာဖြင့် အလုပ်လုပ်နိုင်ရန်နှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ပေးစေလိုမှု၊ အထည်အချုပ်လုပ်ငန်းများ၏ အရည်အသွေးတိုးမြှင့်နိုင်ရေး လိုအပ်သည်များကို ကူညီပံ့ပိုးဆောင်ရွက်ပေးစေလိုမှုတို့နှင့်ပတ်သက်၍ အသီးသီးတင်ပြဆွေးနွေးကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များအလိုက် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် တက်ရောက်လာကြသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးပြောကြား
ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများက ဝန်ကြီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် သတ်မှတ်ချက်များနှင့်အညီ အမြန်ဆုံးဆောင်ရွက်ပေးလျက်ရှိမှု၊ စက်မှုလုပ်ငန်းများနှင့်ပတ်သက်သည့် နည်းပညာလိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနသို့ ဆက်သွယ်ဆောင်ရွက်နိုင်မှုတို့နှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေးပြောကြားသည်။
ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးမြှင့်တင်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်နိုင်ရန် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်ကြမ်းပစ္စည်းများရှိမှသာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းရှိမှသာ ရောင်းဝယ်မှုဖြစ်မည်ဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ကုန်ကြမ်းပစ္စည်းများကိုရရှိနိုင်ကြောင်း၊ ချည်မျှင်အတွက် ဝါကုန်ကြမ်းများလိုအပ်ကြောင်း၊ လူတစ်ဦးသည် မွေးစမှသေဆုံးသည်အထိ အဝတ်အထည်များကိုဝတ်ဆင်ရကြောင်း၊ မိမိတို့နိုင်ငံမှထွက်ရှိသည့်ဝါများသည် အရည်အသွေးပြည့်မီမှုမရှိသေးဘဲ ချည်မျှင်ရှည်ဝါများ ထုတ်လုပ် နိုင်ရေးအတွက် အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ အဆင့်မီသည်ချည်မျှင်များ ထုတ်လုပ်နိုင်မှသာ အဆင့်မီသည်အဝတ်အထည်များကို ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံအတွင်း လုံလောက်စွာထုတ်လုပ်ပြီး နောက်ပိုင်းတွင်ပြည်ပသို့ပါ တင်ပို့နိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း။
စားရေးနှင့်ပတ်သက်၍ စပါးအထွက်နှုန်းများတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်ပသို့ပိုမိုတင်ပို့နိုင်မည်ဖြစ်ကြောင်း၊ စိုက်ဧကများတိုးချဲ့ခြင်းထက် တစ်ဧကချင်းအထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ စပါးထွက်ကုန်များကိုအသုံးပြု၍ MSME ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ကြောင်း၊ အလားတူ ဆီထွက်သီးနှံများကိုလည်း အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် စားသုံးဆီနှင့် စက်သုံးဆီများလုံလောက်ခြင်းမရှိသည့်အတွက် ပြည်ပမှ နှစ်စဉ်တင်သွင်းနေရကြောင်း။
လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ
နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေးအတွက် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခင်ဒီမိုကရေစီအစိုးရ သက်တမ်းနှစ်ခုတွင် နိုင်ငံတစ်ဝန်းရှိ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းစီမံကိန်းအချို့ နှောင့်နှေးခဲ့ခြင်း၊ ရပ်တန့်ခြင်းနှင့် ဖျက်သိမ်းခံခဲ့ရမှုများရှိကြောင်း၊ ယခုအခါမိမိတို့အစိုးရအနေဖြင့် ရေအားလျှပ်စစ် ဓာတ်အား ထုတ်လုပ်ခြင်းစီမံကိန်းများကို ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသကဲ့သို့ လေအားသုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ စက်ရုံလုပ်ငန်းဆောင်ရွက်နေသူများအနေဖြင့် နေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများဖြင့် လုပ်ငန်းလည်ပတ်ခြင်းများ ကိုဆောင်ရွက်နိုင်မည်ဆိုပါက များစွာအကျိုးရှိမည်ဖြစ်ကြောင်း။
လျှပ်စစ်ဓာတ်အား လုံလောက်စွာ ထုတ်လုပ်နိုင်မည်ဆိုပါက လျှပ်စစ်ဓာတ်အား အသုံးပြုသည့် အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုနိုင်မည်ဖြစ်ပြီး စက်သုံးဆီသုံးစွဲမှုများကို များစွာလျှော့ချနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်လည်း ကုန်ပစ္စည်းများကိုသယ်ယူပို့ဆောင်ရာတွင် ဈေးနှုန်းသက်သာသည့် မီးရထားဖြင့် သယ်ယူပို့ဆောင်ကြစေလိုကြောင်း၊ လျှပ်စစ်ဓာတ်အားသုံး မော်တော်ယာဉ်များ တင်သွင်းနိုင်ရေးအတွက် အခွန်နှုန်းထားများကို လျှော့ပေါ့ပေးထားကြောင်း၊ လျှပ်စစ်ဓာတ်အားသုံး မော်တော်ယဉ်များအတွက် Power Station များကို စတင်တည်ဆောက်လျက်ရှိပြီး လူအသုံးများသည့် လမ်းများနှင့် မြို့ကြီးများတွင် ဆက်လက်တိုးချဲ့ တည်ဆောက်သွားမည်ဖြစ်ကြောင်း။
ပြည်တွင်း၌ထွက်ရှိသည့် ကုန်ကြမ်းများအသုံးပြုသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးမြှင့်တင်
ပြည်တွင်းမှထွက်ရှိသည့် စက်မှုကုန်ကြမ်းများကိုအသုံးပြုသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အဓိကထားဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ပလပ်စတစ်သုံးစွဲမှုများ များပြားသဖြင့် လျှော့ချသုံးစွဲကြရန်လိုကြောင်း၊ မော်တော်ယဉ်များအတွက် လိုအပ်သည့်တာယာများကို ပြည်တွင်း၌လုံလောက်စွာရရှိအောင် ထုတ်လုပ်နိုင်ခြင်းမရှိသဖြင့် နှစ်စဉ်ပြည်ပမှတင်သွင်းနေရကြောင်း၊ ရာဘာကိုအခြေခံသည့် တာယာထုတ်လုပ်ခြင်းလုပ်ငန်းများကိုဆောင်ရွက်မည်ဆိုပါက နိုင်ငံတော်အနေဖြင့် အားပေးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ ဝါးနှင့်သစ်တောထွက်ပစ္စည်းများကိုအသုံးပြု၍ နိုင်ငံ့အတွက်လိုအပ်သည့် စက္ကူပျော့ဖက်များကို ထုတ်လုပ်နိုင်ကြောင်း၊ မိမိတို့နိုင်ငံမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးထွက်ကုန်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများနှင့် သဘာဝသယံဇာတများကိုအသုံးပြု၍ နိုင်ငံအတွက် လိုအပ်သည့် ပြည်ပသွင်းကုန်များကို အဆင့်မီစွာ ထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။
ခရိုင်၊ မြို့နယ်များ အားလုံးတွင် စက်မှုထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး စက်မှုဇုန်များ တည်ထောင်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို မိမိတို့အနေဖြင့် အားပေးဆောင်ရွက်လျက်ရှိပြီး ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှု မရှိစေရေးနှင့် စီးပွားရေးဆိုင်ရာ အာမခံချက်ကို မိမိအနေဖြင့် အာမခံချက်ပေးပါကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လှိုင်သာယာစက်မှုဇုန်အတွင်းရှိ Ever Rich International Production Factory နှင့် ထူးသစ်အစာတောင့်စက်ရုံတို့သို့ရောက်ရှိကြရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ပြန်လည်အကြံပြုဆွေးနွေးခဲ့ပြီး ခင်းကျင်းပြသထားသည့် စက်ရုံထုတ်ပစ္စည်းများကိုကြည့်ရှုခဲ့ကြောင်းနှင့် စက်ရုံများ၏လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။