နေပြည်တော် ဖေဖော်ဝါရီ ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ မြို့တော်ဝန်နှင့်တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ရွှေမုယင်းဒေသအတွင်း ငါးမွေးမြူရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ငါးလုပ်ငန်းသိပ္ပံ (တွံတေး) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က ရွှေမုယင်းဒေသအတွင်း ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့မှ ငါးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ထွက်ရှိလာသည့်ငါးများကို တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းများနှင့် ပြင်ပသို့သက်သာသော နှုန်းထားများဖြင့် ရောင်းချပေးနိုင်မှု၊ တိုင်းစစ်ဌာနချုပ် အစာစပ်စက်ရုံမှ ငါးစာ အပြင် အခြားသော မွေးမြူရေးအစာများ ထုတ်လုပ်နိုင်မှု၊ ငါးမွေးမြူရေး ဧရိယာအတွင်း မွေးမြူရေးလုပ်ငန်းများကို လုပ်ငန်းအဆင့်အလိုက် ဆောင်ရွက်လျက်ရှိမှု၊ ရွှေမုယင်းဒေသမှ ငါးထွက်ကုန်များကို ပိုမိုလျင်မြန်ချောမွေ့စွာ ဈေးကွက်သို့ဖြန့်ချိနိုင်ရေးအတွက် ကင်းရွာ-ခရမ်းဝ-ရေတွင်းကုန်း-ကွင်းပေါက်လမ်း ကွန်ကရစ်လမ်းသစ် ဖောက်လုပ်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို အသီးသီးရှင်းလင်း တင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးဇုန်များ သတ်မှတ်၍ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ထုတ်လုပ်စေခြင်းသည် တိုင်းဒေသကြီး၏ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက် ဖူလုံမှုရှိစေရေးနှင့် ပြည်သူများဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရန် ရည်ရွယ်ဆောင်ရွက်စေခြင်းဖြစ်ကြောင်း၊ ရွှေမုယင်းဒေသအတွင်း ငါးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်စေခြင်းသည်လည်း တိုင်းဒေသကြီးအတွင်း ငါးလိုအပ်ချက်ပြည့်မီစေရေး ရည်ရွယ်ဆောင်ရွက်စေခြင်းဖြစ်ကြောင်း၊ ရန်ကုန် တိုင်းဒေသကြီးတွင် လူဦးရေ ၉ သန်းခန့်ရှိပြီး လူတစ်ဦးလျှင် တစ်ရက် ငါးအသား ၅ ကျပ်သားခန့် စားသုံးမည်ဆိုလျှင်ပင် လိုအပ်ချက်များစွာ ရှိနေမည်ဖြစ်ကြောင်း၊ နေ့စဉ် ငါးလိုအပ်ချက်အတွက် ဧရာဝတီတိုင်းဒေသကြီးနှင့် အခြားသောတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တင်သွင်းနေရခြင်းထက် မိမိတို့ဒေသအတွင်း ပြည့်မီအောင် ထုတ်လုပ်နိုင်မည်ဆိုပါက ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း၊ ဒေသခံများအနေဖြင့်လည်း ဈေးနှုန်းသက်သာစွာဖြင့် ပြည့်ပြည့်ဝဝ ဝယ်ယူစားသုံးနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ငါးမွေးမြူရေးလုပ်ငန်းကို ထုတ်လုပ်မှုကုန်ကျစရိတ်နည်းစွာဖြင့် အရေအတွက်များများရရှိ အောင်ဆောင်ရွက်ကြရန်လိုကြောင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်သက်သာပါက ပြည်သူလူထုအကျိုးရှိမည်ဖြစ်ပြီး အာဟာရပြည့်မီအောင်စားသုံးနိုင်မည်ဖြစ်ကြောင်း၊ ငါးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်သည့် ဒေသ၏အကျိုးကိုလည်း ဖြစ်ထွန်းစေရမည်ဖြစ်ကြောင်း။
ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် မွေးမြူရေးမြေဧရိယာများကို အကျိုးရှိရှိအသုံးချရန်လိုပြီး အထွက်နှုန်းတိုးစေရေးအတွက် အစာပြည့်၀စွာကျွေးမွေးရန်၊ အကောင်ရေပြည့်မီစွာ ထည့်သွင်းရန် လိုအပ်မည်ဖြစ်ကြောင်း၊ ငါးမျိုးများမှန်ကန်စွာရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများက သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ချိတ်ဆက်၍ ပေါင်းစပ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အခြားလိုအပ်သည်များကို အစိုးရက ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ထို့ပြင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းတစ်ခုဖြစ်သည့် တိရိစ္ဆာန်အစာထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်ကြရမည်ဖြစ်ပြီး ဒေသတွင်းရရှိသည့် ကုန်ကြမ်းများဖြင့် ထုတ်လုပ်နိုင်ရမည်ဖြစ်ကြောင်း၊ အခြားလိုအပ်သည့် တိရိစ္ဆာန်ဆေးဝါးများ ရရှိရေးအတွက်လည်း ဆေးဝါးစက်ရုံများနှင့် ချိတ်ဆက်ဆောင်ရွက်သွားကြရန်လိုကြောင်း။
ဒေသတွင်းမှထွက်ရှိသည့် မွေးမြူရေးထုတ်ကုန်များကို ဈေးကွက်သို့ လျင်မြန်စွာ ရောက်ရှိစေရေးနှင့် ဈေးနှုန်းသက်သာစေရေးအတွက် သယ်ယူပို့ဆောင်ရေး သည် အရေးကြီးကြောင်း၊ ထုတ်ကုန်ကိုဈေးနှုန်းသက်သာစွာ ထုတ်လုပ်နိုင်သည်ဖြစ်သော်လည်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်းရှည်လျားခြင်း၊ ခက်ခဲခြင်းတို့ကြောင့် စရိတ်များကြီးမြင့်လာနိုင်သဖြင့် ကုန်ထုတ်လုပ်မှုလမ်းကြောင်းကို ဆောင်ရွက်ရာတွင် စနစ်တကျကွင်းဆင်းစစ်ဆေးပြီး တွက်ချက်ဆောင်ရွက်ရန်လိုကြောင်း၊ အမှန်တကယ်အသုံးဝင်ပြီး ဒေသနှင့်ကုန်ထုတ်လုပ်မှုကို အကျိုးပြုသည့် လမ်းကြောင်းဖြစ်ရန်လိုကြောင်း၊ ထို့ပြင် ရွှေမုယင်းဒေသမှထွက်ရှိသည့်ငါးများကို ကနဦးပထမအဆင့်သန့်စင်ပြီး အအေးခန်းပို့ဆောင်ရေးယာဉ်များ အသုံးပြု၍ ဈေးကွက်သို့ဖြန့်ချိနိုင်ရေး ဆောင်ရွက်နိုင်ရန်လည်းလိုကြောင်း၊ စနစ်ကျနသည့် မွေးမြူရေးလုပ်ငန်းဖြစ်ရန်လိုပြီး ဒေသနှင့်ဒေသခံများကိုလည်း အကျိုးဖြစ်စေရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ငါးမွေးမြူရေးကန်များအတွင်း ငါးမွေးမြူထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနလက်အောက်ရှိ ငါးလုပ်ငန်းသိပ္ပံ (တွံတေး) သို့ရောက်ရှိကြပြီး အုပ်ချုပ်မှုတာဝန်ခံများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံသည်။
ဦးစွာ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်က ဘာသာရပ်အလိုက် စာတွေ့၊ လက်တွေ့ ဖွင့်လှစ်သင်ကြားပေးနေမှု၊ ငါးလုပ်ငန်း သိပ္ပံ (တွံတေး) ၏ သမိုင်းအကျဉ်း၊ အဆောက်အဦများ ဆောက်လုပ်နေမှု၊ ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံတော်မှထောက်ပံ့ပေးထားမှု၊ သင်တန်းပြီးဆုံးပါက တက္ကသိုလ်၊ ကောလိပ်များသို့ ဆက်လက်တက်ရောက်နိုင်ရေး ဆောင်ရွက်ထားရှိမှု၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများတာဝန်ထမ်းဆောင်လျက်ရှိမှု၊ ကျောင်းသား၊ ကျောင်းသူများ လေ့လာရေးခရီးများနှင့် ကျောင်းအားကစားပွဲများပြုလုပ်ပေးမှုနှင့် ကျောင်းရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဖြည့်စွက်တင်ပြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံသည် မြစ်ချောင်းအင်းအိုင်များ ပေါများပြီး ပင်လယ်ကမ်းရိုးတန်း ရှည်လျားစွာပိုင်ဆိုင်ထားကြောင်း၊ ငါးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်သည့် နေရာများစွာရှိခြင်းကြောင့် ငါးမွေးမြူရေးနှင့်ပတ်သက်၍ သိပ္ပံကျောင်းဖွင့်နိုင်ရန်စီမံဆောင်ရွက်ခဲ့ကြောင်း၊ ငါးသည်စားရေးအတွက် များစွာအထောက်အကူပြုစေနိုင်သည့်အတွက် ငါးလုံလောက်စွာရရှိရေး စနစ်တကျဖြင့် မွေးမြူနိုင်ရန်အတွက် သုတေသနပြုဆောင်ရွက်ရန်လိုကြောင်း၊ ရေချိုပုစွန်နှင့် ရေငန်ပုစွန်မွေးမြူလုပ်ငန်းများ တိုးတက်ရေးအတွက်လည်း သုတေသနပြုလုပ်ရန်လိုကြောင်း၊ ငါးနှင့် ပုစွန်မွေးမြူရေး အောင်မြင်ရန်အတွက် လူသားအရင်းအမြစ်ကောင်းများ များစွာလိုအပ်ပြီး ယခုကျောင်းမှတစ်ဆင့် ပညာရှင်များပေါ်ထွန်းလာမည်ဖြစ်သဖြင့် ဂုဏ်ယူပါကြောင်း၊ အဆင့်မြင့်ပညာရပ်များကို ဆက်လက်သင်ကြားနိုင်ရန် အတွက် သိပ္ပံကျောင်းမှတစ်ဆင့် တက္ကသိုလ်နှင့် ကောလိပ်များကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်း ခရိုင် ၅၀ ရှိ အထက်တန်းကျောင်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ နည်းပညာနှင့်စက်မှုသင်တန်းများကို လာမည့် ပညာသင်နှစ်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနှင့် နည်းပညာဘာသာရပ်များကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ သင်တန်းကျောင်းများမှ ထူးချွန်သည့်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အဆင့်မြင့် ပညာရပ်များဆက်လက်သင်ကြားနိုင်မည်ဖြစ်ကြောင်း။
ပညာသင်ကြားမှုများအပေါ်မူတည်၍ ယခုမွေးမြူရေးသိပ္ပံကျောင်းကို ကောလိပ်အဆင့်သို့ မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံအတွက်လိုအပ်သည့် လူသားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အမှန်တကယ်တတ်မြောက် စေရေးအတွက် စနစ်တကျဖြင့် သင်ကြားလေ့ကျင့်မည်ဆိုပါက များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးသည့်အချိန်တွင်လည်း သင်ကြားခဲ့သည့် ဘာသာရပ်များနှင့်လျော်ညီသည့် လုပ်ငန်းများကို ဆောင်ရွက်စေလိုကြောင်း၊ လူမှန်၊ နေရာမှန်ရှိမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်သို့ ရောက်ရှိချိန်တွင်လည်း သင်ကြားပေးလိုက်သည့် ပညာရပ်များကို စနစ်တကျအသုံးချပြီး မိမိတို့၏ လုပ်ငန်းရပ်ဆိုင်ရာပညာများ ပိုမိုတိုးတက်အောင် လေ့လာဆောင်ရွက်ကြစေလိုကြောင်း၊ ဘာသာရပ်ဆိုင်ရာများတွင် အထောက်အကူရရှိစေရေးအတွက် အင်္ဂလိပ်ဘာသာရပ်ကို လေ့လာသင်ယူကြရန်လိုကြောင်း။
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရပ်များကို သင်ကြားနေမှုနှင့် ပြည့်စုံမှုမရှိဘဲ ကိုယ်တိုင်လည်း လေ့လာဆောင်ရွက်နေရန်လိုကြောင်း၊ ကျန်းမာရေးကိုအထောက်အကူပြုရန်အတွက် အားလပ်ချိန်များတွင် ကိုယ်လက်လှုပ်ရှားအား ကစားမှုများကိုလည်း ဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူ မိမိကိုအကျိုးမဖြစ်စေနိုင်သည့် အရက်သေစာသောက်စားမှုနှင့် ဆေးလိပ်၊ ကွမ်း၊ မူးယစ်ဆေးဝါးများကို ရှောင်ရှားကြရန်လိုကြောင်း၊ ဘာသာတရား အဆုံးအမများအတိုင်း လိုက်နာပြီး မိမိကိုယ်ကိုမိမိ ထိန်းသိမ်းဆောင်ရွက်သွားမည်ဆိုပါက ယဉ်ကျေးလိမ္မာသည့်လူငယ်လေးများ ဖြစ်လာမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများအသုံးပြုရန် သင်ကြားမှု၊ သင်ယူမှု အထောက်အကူပြုပစ္စည်းများနှင့် ထောက်ပံ့ငွေများကိုပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးသူဇာမောင်က လက်ခံရယူသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ငါးလုပ်ငန်းသိပ္ပံ(တွံတေး)အတွင်း လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။