နေပြည်တော် ဖေဖော်ဝါရီ ၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပထမဦးဆုံးသော နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ အဆိုပါစင်တာ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Evgenievich Likhachev ဦးဆောင်သည့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Nikolay LISTOPADOV နှင့် အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ်တို့သည် နျူကလီးယားနည်းပညာသတင်း အချက်အလက်စင်တာဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာ ကဗ္ဗည်းမော်ကွန်းကို အမွှေးနံ့သာများ ပက်ဖြန်းပေးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာအတွင်း လှည့်လည်ပြီး နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြု၍ စိုက်ပျိုးရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကဏ္ဍ၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနှင့် အခြားသောကဏ္ဍပေါင်းစုံတို့တွင် အကျိုးရှိစွာအသုံးချနိုင်မည့် အသိပညာပေးထားမှုများကို ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ဝင်တစားလေ့လာကြည့်ရှုရာ ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ်နှင့် ပြကွက်အလိုက်တာဝန်ခံများက လိုက်လံရှင်းလင်းပြသကြသည်။
ဆက်လက်ပြီး နျူကလီးယားနည်းပညာသတင်း အချက်အလက်စင်တာဖွင့်ပွဲအခမ်းအနားကိုပြုလုပ်ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဂုဏ်ပြုသီချင်းဖြစ်သည့် “ဂုဏ်ယူစရာသိပ္ပံနှင့် နည်းပညာ” MTV ကို ပြသသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာ ဖွင့်ပွဲအထိမ်းအမှတ် အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် နျူကလီးယားနည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများနှင့် ကူညီထောက်ပံ့ပေးမှုများအတွက် ROSATOM အဖွဲ့အစည်းကို မြန်မာနိုင်ငံကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ယခုကဲ့သို့ မြန်မာနိုင်ငံတွင် နျူကလီးယားနည်းပညာဆိုင်ရာအသိပညာများပြန့်ပွားနိုင်ရေးအတွက် အဓိကကျသည့် နျူကလီးယား နည်းပညာသတင်းအချက်အလက်စင်တာ ဖွင့်လှစ်နိုင်သည်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ခဲ့သည့်သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါက သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင်အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း (ROSATOM)တို့အကြား ငြိမ်းချမ်းသောရည်ရွယ်ချက်များအတွက် နျူကလီးယားစွမ်းအင်အသုံးချရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုအပေါ် နားလည်မှုစာချွန်လွှာကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရုရှားနိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း “ROSATOM” က CEO တို့က St. Petersburg မြို့၌ ၂၀၁၅ ခုနှစ်၊ ဇွန်လ (၁၈)ရက်တွင် လက်မှတ်ရေးထိုးခဲ့မှုမှ အစပြုခဲ့ခြင်းဖြစ်ပါကြောင်း။
မြန်မာနိုင်ငံတွင် နျူကလီးယားနည်းပညာဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၁)ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ROSATOM တို့အကြား နျူကလီးယားစွမ်းအင်အသုံးချရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးဆိုင်ရာလေ့ကျင့်ရေးနှင့် ကျွမ်းကျင်မှုအရည်အသွေး ဖွံ့ဖြိုးတိုးတက်မှုတို့တွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် နျူကလီးယားစွမ်းအင်အပေါ် ပြည်သူလူထု၏ အပြုသဘောဆောင်သည့် သဘောထားအမြင်များရရှိလာစေရေးအတွက် နားလည်မှုစာချွန်လွှာ (၂)စောင်ကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါကြောင်း။
ယခုနျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာဖွင့်လှစ်ပြီးပါက ပြည်သူလူထုမှနျူကလီးယားစွမ်းအင်နှင့်ပတ်သက်ပြီး နားလည်သဘောပေါက်လာစေရန်အတွက် နျူကလီးယားနည်းပညာဆိုင်ရာ အသိပညာပြန့်ပွားရေးလုပ်ငန်းများကို အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်တော့မည်ဖြစ်ပါကြောင်း၊ စင်တာတွင် ကျောင်းသားလူငယ်တွေသာမက တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများပါ နျူကလီးယားစွမ်းအင်ဆိုင်ရာဗဟုသုတများကို ရရှိနိုင်မည်ဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ်မြှင့်တင်ရေးကဏ္ဍများအတွက် အထောက်အကူများစွာ ဖြစ်စေနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် မိမိတို့မြန်မာနိုင်ငံတော်အတွင်းရှိ မိဘပြည်သူများအနေဖြင့်လည်း ခေတ်မီနျူကလီးယားနည်းပညာများကို လေ့လာရန်အခွင့်အလမ်းများရရှိလာမည်ဖြစ်ပြီး ပြည်သူလူထု၏ နျူကလီးယားစွမ်းအင်အပေါ် အပြုသဘောဆောင်သည့် သဘောထားအမြင်များရရှိလာမည်ဖြစ်ပါကြောင်း၊ နျူကလီးယားစွမ်းအင်နယ်ပယ်ကို ကဏ္ဍပေါင်းစုံတွင်ကျယ်ပြန့်စွာ ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။
ပြီးခဲ့သည့်လတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ National Research Nuclear University MEPHI တက္ကသိုလ်မှ ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် အဓိကနည်းပညာတက္ကသိုလ်များကို လာရောက်လေ့လာပြီး MEPHI တက္ကသိုလ်၌ သင်ကြားနိုင်သည့် ဘာသာရပ်များ၊ ပညာသင်လျှောက်ထားနိုင်မှုများ၊ ချိတ်ဆက်ဆောင်ရွက်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများကို တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြင့် နျူကလီးယားစွမ်းအင်အသုံးချရေးနယ်ပယ်တွင် လူ့စွမ်းအားအရင်းအမြစ်များကို ပြုစုပျိုးထောင်ရာတွင် တစ်တပ်တစ်အား ဖြစ်စေပါကြောင်း။
ထို့ပြင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ဗလာဒီဗော့စတော့မြို့တွင် ကျင်းပခဲ့သည့် သတ္တမအကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (7th Eastern Economic Forum-EEF) ကာလအတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် “ROSATOM” တို့အကြား ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တွင် နျူကလီးယားစွမ်းအင်အားငြိမ်းချမ်းစွာအသုံးပြုမှု ပူးပေါင်းဆောင်ရွက်ရေးလမ်းပြ မြေပုံကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပါကြောင်း၊ ယနေ့တွင်လည်း နျူကလီးယား နည်းပညာ အသုံးချနယ်ပယ်(၁၄)ခုတွင် အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်တစ်ခုကိုလည်း လက်မှတ်ရေးထိုးတော့မည်ဖြစ်ပါကြောင်း။
နျူကလီးယားနှင့် ဓာတ်ရောင်ခြည်နည်းပညာများကို ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍများတွင် အသုံးချနိုင်သည့်အတွက် နိုင်ငံ၏ နျူကလီးယားအခြေခံအဆောက်အုံတည်ထောင်နိုင်ရေးနှင့်ပတ်သက်၍ နှစ်ဖက်ကျွမ်းကျင်သူများ တွေ့ဆုံညှိနှိုင်းဆွေးနွေးကာ လိုအပ်သည့် နျူကလီးယားဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးနှင့် အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်းများကို ဆန်းစစ်လေ့လာပြီး အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ(IAEA)၏ မှတ်တိုင်ပါအချက်(၁၉)ချက်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ထို့အတွက်လည်း အမျိုးသားအဆင့် နျူကလီးယားအခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက အဆင့်မြင့်အရာရှိကြီးများနှင့် ဆွေးနွေးညှိနှိုင်းမှုများကို မကြာသေးမီက ပြုလုပ်ခဲ့ကြပါကြောင်း။
မြန်မာ့နျူကလီးယားအစီအစဉ်ကို ပံ့ပိုးပေးသည့် ROSATOM အဖွဲ့အစည်းသည် ရုရှားဖက်ဒရေးရှင်းနှင့် ပြည်ပနိုင်ငံများတွင် ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်ဆိုင်ရာစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရာ၌ လုံလောက်သည့် အတွေ့အကြုံကောင်းများ၊ ကျွမ်းကျင်မှုများရှိသည့် အဖွဲ့အစည်းဖြစ်သည့်အတွက် ROSATOM ၏အကူအညီဖြင့် ယခုစင်တာထူထောင်နိုင်သည်ကို မိမိအနေဖြင့် များစွာနှစ်ထောင်းအားရဖြစ်မိပါကြောင်း၊ ထို့ပြင် ROSATOM ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် မြန်မာနိုင်ငံတွင် Small Modular Reactor (SMR) တည်ဆောက်လည်ပတ်ရေးနှင့်ပတ်သက်သည့် လူ့စွမ်းအားအရင်းအမြစ်များကို မြှင့်တင်နိုင်မည်ဖြစ်သည့်အပြင် သက်ဆိုင်ရာကဏ္ဍအလိုက် အရည်အသွေးပြည့်ဝသော ကျွမ်းကျင်ပညာရှင်များမွေးထုတ်နိုင်ပြီး နျူကလီးယားစွမ်းအင်ကို လုံခြုံစိတ်ချစွာဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း။
ROSATOM နှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့် မိမိတို့မြန်မာနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည့်အတွက် ROSATOM က တာဝန်ရှိသူများကို မိမိအနေဖြင့် ကျေးဇူးတင်ရှိပါကြောင်းနှင့် နောင်အနာဂတ်တွင်လည်း ပိုမိုပူးပေါင်းဆောင်ရွက်သွားရန် ရည်မှန်းထားပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ်က ပြောကြားရာတွင် ၇၅ နှစ် ပြည့်မြောက်လာခဲ့ပြီဖြစ်သည့် ရုရှား-မြန်မာဆက်ဆံရေးသမိုင်းကြောင်း၌ ယနေ့သည် အခန်းကဏ္ဍအသစ်တစ်ခုကို စတင်ဖွင့်လှစ်နိုင်ခဲ့ခြင်းပင်ဖြစ်ပါကြောင်း၊ ယခုစင်တာတွင် ရုရှားဖက်ဒရေးနိုင်ငံ၏ နျူကလီးယားနည်းပညာနယ်ပယ်တွင် အောင်မြင်မှုများကိုသာမက သိပ္ပံပညာ၊ ပညာရေးနှင့် ယဉ်ကျေးမှုတို့ကိုလည်း လေ့လာတွေ့ရှိနိုင်မည်ဖြစ်ပြီး နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်မှု၊ စက်ရုံတည်ဆောက်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်၊ စီးပွားရေးနှင့်ဒေသခံနယ်မြေ၏ လူနေမှုပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်စေနိုင်မှုတို့ကို နားလည်စေနိုင်မည်ဖြစ်ပါကြောင်း။
ယခုစင်တာမှရရှိမည့် အသိပညာများသည် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုမှုနှင့်ပတ်သက်သည့် နည်းပညာများကိုရရှိစေရန် အထောက်အကူဖြစ်စေမည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း၊ ယင်းအသိပညာများကိုအခြေခံပြီး မြန်မာနိုင်ငံတွင် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုနိုင်ရေး ဆက်လက်ဆောင်ရွက်မှုများတွင်ကောင်းမွန်ပြီး အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများဖြစ်လာမည်ဖြစ်ကြောင်း၊ နျူကလီးယားနည်းပညာအသုံးပြုခြင်းအားဖြင့် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ၊ စက်မှုလုပ်ငန်းနှင့်စီးပွားရေးတို့တွင် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီး သဘာဝသိပ္ပံ၊ ပညာရေးနှင့်နည်းပညာသင်ကြားရေးတို့ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အားကောင်းသည့် တွန်းအားတစ်ခုဖြစ်လာမည်ဖြစ်ကြောင်းကို ရည်ညွှန်းလိုပါကြောင်း။
ရုရှား-မြန်မာ နျူကလီးယားဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်ပေးခဲ့သည့် အဆွေတော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးကိစ္စရပ်များတွင် အရည်အချင်းပြည့်မီသည့် ကျွမ်းကျင်ပညာရှင်များလိုအပ်မည်ဖြစ်ပြီး ပညာရှင်လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင်လည်း မိမိတို့အနေဖြင့် သဘောတူညီမှုရရှိထားပြီးဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် နျူကလီးယားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရလာဒ်နှင့်အရည်အသွေးကို စိတ်ကျေနပ်မှုရရှိစေရေး အစွမ်းကုန်ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations မှ ပေးပို့သည့် Small Modular Reactor ဗွီဒီယိုဖိုင်ကို မြန်မာစာတန်းထိုးဖြင့်ပြသပြီး ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ဖျော်ဖြေရေးအစီအစဉ်များဖြင့် တင်ဆက်ပြသသည်။
ထို့နောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဖွင့်ပွဲအထိမ်းအမှတ်ပစ္စည်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ် တို့ထံသို့ ပေးအပ်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations တို့အကြား ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်ဆိုင်ရာသဘောတူညီမှု စာချွန်လွှာလက်မှတ်ရေးထိုးခြင်းကို ဆက်လက်ဆောင်ရွက်ကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Evgenievich Likhachev နှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှေ့မှောက်တွင် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် အမှတ်တရဓာတ်ပုံရိုက်ခဲ့ကြသည်။
ယခုဖွင့်လှစ်ခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာကို တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် သွားရောက်ခဲ့သည့်ခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီး သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ခရီးစဉ်အတွင်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations တို့အကြား ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်ဆိုင်ရာသဘောတူညီမှုစာချွန်လွှာ ၂ စောင်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ယခုဖွင့်လှစ်သည့် နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာကို ကနဦးအနေဖြင့် အကောင်အထည်ဖော်တည်ဆောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာတည်ဆောက်ခြင်းအားဖြင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြု၍ ပညာရေး၊ ကျန်းမာရေး၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းအင်ဆိုင်ရာနှင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကဏ္ဍပေါင်းစုံတွင် ကောင်းမွန်စွာအသုံးချနိုင်သည့် အသိအမြင်များကို ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များအနေဖြင့် လေ့လာသိရှိနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။