နေပြည်တော် ဖေဖော်ဝါရီ ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်ရှိ Global Earth Agro & Aqua Industry Public Co., Ltd ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များအား ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်၊ Global Earth Agro & Aqua Industry Public Co., Ltd ဥက္ကဋ္ဌ ဦးဋ္ဌေးမြင့်နှင့် တာဝန်ရှိသူများက လှိုက်လှဲစွာကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ကုမ္ပဏီရှင်းလင်းဆောင်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား Global Earth Agro & Aqua Industry Public Co., Ltd ဥက္ကဋ္ဌ ဦးဋ္ဌေးမြင့်က လုပ်ငန်းစတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုနှင့် ခေတ်မီနည်းစနစ်များဖြင့် ငါးမွေးမြူရေးအခြေခံ စက်မှုစီးပွားရေးလုပ်ငန်းအား အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ နိုင်ငံတော်မှချမှတ်ပေးထားသည့် စီးပွားရေးဦးတည်ချက်များနှင့်အညီ ရည်မှန်းချက်များချမှတ်၍ အကောင်အထည်ဆောင်ရွက်နေမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအခြေခံစက်မှုစီးပွားရေးလုပ်ငန်းတွင်ပါဝင်သည့် လုပ်ငန်းစဉ်များနှင့် လုပ်ငန်းစဉ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ငါးသားဖောက်ခြင်း Smart Hatchery & Nursery ကို အဆင့်လိုက်ဆောင်ရွက်လျက်ရှိမှု၊ ငါးသားပေါက်များအား ပြုစုမွေးမြူခြင်း Smart Grow Out Farm စမ်းသပ်ဆောင်ရွက်လျက်ရှိမှုနှင့် စမ်းသပ်ဆောင်ရွက်ခြင်း၏ ရလာဒ်များ၊ လုပ်ငန်းစတင်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ခဲ့မှုမှတ်တမ်းများ၊ နိုင်ငံတကာစံညွှန်းများနှင့်အညီ ငါးအစာ Feed Factory တည်ဆောက်မှုလုပ်ငန်းစဉ်များ၊ Seafood Processing & Cold Storage Plant ဆောင်ရွက်လျက်ရှိမှု၊ စက်ပစ္စည်းကိရိယာများ စတင်တပ်ဆင်ဆောင်ရွက်လျက်ရှိမှု၊ ဝန်ထမ်းအိမ်ရာများနှင့် ရုံးခန်းများ၊ လမ်းတံတားများထည့်သွင်းဆောင်ရွက်ထားရှိမှု၊ စပါးခွံသုံး Biomass Power Plant ထည့်သွင်း တည်ဆောက်ထားရှိသဖြင့် ကိုယ်ပိုင်လျှပ်စစ်စွမ်းအားထုတ်လုပ်နိုင်သည့်အပြင် မြေဩဇာနှင့်စိုက်ပျိုးရေးလုပ်ငန်းသုံးဆေးများ ထုတ်လုပ်နိုင်မှု၊ ငါးထုတ်ကုန်များကို အလေအလွင့်လုံးဝမရှိသည်အထိ အဆင့်မြင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှု၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်မှုနှင့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်တက်လာစေရေး ပြုစုပျိုးထောင်ပေးလျက်ရှိမှု၊ စီမံကိန်းတစ်ခုလုံးပြီးစီးပါက ရရှိလာနိုင်မည့်အကျိုးကျေးဇူးများ၊ စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှုကာလကိုတိုးမြှင့်ပေးစေလိုမှုနှင့် နိုင်ငံတော်မှလည်းလိုအပ်သည်များကို အားပေးကူညီဆောင်ရွက်ပေးစေလိုမှုတို့ကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ငါးမွေးမြူရေးဆောင်ရွက်မှု၊ ထွက်ရှိမှု၊ ဈေးကွက်ရရှိမှု၊ ဝန်ထမ်းများအလုပ်လုပ်ကိုင်မှုနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှုတို့နှင့်ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီး အကြံပြုဆွေးနွေးပြောကြားရာတွင် မိမိတို့အနေဖြင့် ပြည်တွင်းစီးပွားရေးမြှင့်တင်ရန် အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရာတွင် မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်ကြကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်မှုနှင့် စက်မှုလုပ်ငန်းများကို အားပေးမြှင့်တင်ရမည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်ရာတွင် အဓိကအသားထွက်ရှိသည့် ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါး ဟူ၍ ရှိမည်ဖြစ်ပြီး မွေးမြူရေးလုပ်ငန်းများကို မိရိုးဖလာ မွေးမြူရေးနည်းလမ်းများထက် စနစ်ကျနပြီးကောင်းမွန်သည့် ခေတ်မီမွေးမြူရေးနည်းလမ်းများကို ဆောင်ရွက်ရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းတွင် ခြံစနစ်လှောင်အိမ်စနစ်ဖြင့် မွေးခြင်း၊ လှန်၍မွေးခြင်း၊ လွှတ်ကျောင်း၍မွေးခြင်းဟူ၍ရှိပြီး လှောင်၍ မွေးမြူခြင်းသည် စနစ်အကျဆုံးနှင့် အကောင်းဆုံးဖြစ်ကြောင်း။
မိမိတို့အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိပြီး ဒုတိယအချက်ဖြစ်သည့် စားရေရိက္ခာဖူလုံရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံအတွင်းရှိ လူတန်းစားအားလုံး ဝယ်ယူစားသောက်နိုင်သည့် အသား၊ ငါးများ ဈေးနှုန်းသက်သက်သာသာနှင့် လုံလုံလောက်လောက် ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ငါးများကို စနစ်တကျမွေးမြူခြင်းသည် နိုင်ငံ၏စားရေရိက္ခာဖူလုံရေးအတွက် အကျိုးရှိသည့် လုပ်ဆောင်ချက်တစ်ခုပင်ဖြစ်ပြီး တစ်နိုင်ငံလုံးတွင် စနစ်ကျနသည့် ငါးမွေးမြူရေးစနစ်ကို ဖော်ဆောင်ရန်လိုကြောင်း၊ သို့မှသာလျှင် လူတန်းစားအားလုံး ငါးများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်မည်ဖြစ်ကြောင်း။
လူတိုင်းသည် ဘဝတိုးတက်ရေးအတွက် အလိုရှိကြပြီး အလုပ်အကိုင်များခန့်ထားရာတွင် ၎င်းတို့၏ အလုပ်အကိုင်မှအခွင့်အလမ်းများရရှိအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ လုပ်ငန်းများအလိုက် ကျွမ်းကျင်မှုရှိစေရေးအတွက်လည်း စီမံခန့်ခွဲဆောင်ရွက်ပေးရန်နှင့် လူ့သဘောသဘာဝကို ထည့်သွင်းစဉ်းစားဆောင်ရွက်ပါက အကျိုးပိုမိုဖြစ်ထွန်းမည်ကို အကြံပြုလိုကြောင်း။
နိုင်ငံတော်၏ စီးပွားမြှင့်တင်ရေးအတွက် မိမိတို့အနေဖြင့် စီမံဆောင်ရွက်လျက်ရှိပြီး တိုင်းပြည်၏အားသည် ပြည်တွင်း၌သာရှိကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်ပမှအကူအညီများကို ရယူမှုအနည်းဆုံးဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်း၊ အတတ်နိုင်ဆုံး ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများဖြင့် လုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျှင် ကောင်းမွန်ကြောင်း၊ မွေးမြူရေးလုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာ အထောက်အကူပြုပါကြောင်း၊ စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် ကူညီအားပေးရန်၊ ဖွံ့ဖြိုးတိုးတက်စေရန် အာမခံထားပြီး ပူးပေါင်းစွမ်းအားဖြင့် နိုင်ငံ့စီးပွားရေးတိုးတက်စေရမည်ဖြစ်ကြောင်း။
လူသားအရင်းအမြစ်လိုအပ်မှုနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် ပြည်သူများ၏ အတန်းပညာမြင့်မားရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပြီး သက်ဆိုင်ရာအဆင့်မြင့်ပညာရပ်များကိုလည်း တက္ကသိုလ်၊ ကောလိပ်များတွင် သင်ကြားပေးလျက်ရှိကြောင်း၊ လာမည့်ပညာရေးနှစ်တွင်လည်း နိုင်ငံတစ်ဝန်း ခရိုင် ၅၀ ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ နောက်တစ်ဆင့်အနေဖြင့် တစ်နိုင်ငံလုံး ဖွင့်လှစ်နိုင်အောင် ဆက်လက်ဆောင်ရွက်ပြီး စိုက်ပျိုး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများအတွက် လုပ်ငန်းကျွမ်းကျင်သူများ ပေါ်ပေါက်လာအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး KG+9 အထိ အခမဲ့ပညာသင်ယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတစ်ဝန်းပညာတတ်များ ပေါကြွယ်ဝမှသာလျင် လူသားအရင်းအမြစ်ကောင်းများ တိုးပွားလာမည်ဖြစ်ကြောင်း၊ အတန်းပညာများ တက်မြောက်စေရေး ပညာရေးကိုအားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ယခုစီမံကိန်းတွင် အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖော်ဆောင်ပေးထားနိုင်သည်ကို တွေ့ရှိရသည့်အတွက်လည်း ဝမ်းမြောက်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင်လည်း ယခုကဲ့သို့သောစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သင့်ကြောင်း၊ လိုအပ်သည့် အကူအညီများကို နိုင်ငံတော်မှ လုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ငါးမွေးမြူရေးလုပ်ငန်းများကို နိုင်ငံတစ်ဝန်းမွေးမြူနိုင်ရေးအတွက်လည်း သုတေသနပြု ဆောင်ရွက်ကြစေလိုကြောင်း၊ မွေးမြူရေးထုတ်ကုန်များကို ပြည်ပသို့တင်ပို့ရောင်းချနိုင်ပါက တိုင်းပြည်အတွက် ပြည်ပဝင်ငွေများတိုးတက်လာမည်ဖြစ်ကြောင်း၊ ပို့ကုန်များကိုတင်ပို့ရာတွင် ကုန်ကြမ်းပစ္စည်းများကို တင်ပို့ခြင်းထက် တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်၍ တင်ပို့နိုင်ပါကပိုမို အကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်ကြောင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရန်အတွက် အရင်းအနှီး၊ လူသားအရင်းအမြစ်နှင့် နည်းပညာများလိုအပ်ကြောင်း၊ အဆိုပါလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်၍ ရှိပြီးဖြစ်သည့် အခြေခံအရင်းအမြစ်များကို အသုံးချဆောင်ရွက်သွားကြမည်ဆိုပါက နိုင်ငံသည်များစွာဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုများ အောင်မြင်စေရေးအတွက်လည်း ဆုမွန်ကောင်းတောင်းပါကြောင်းနှင့် နိုင်ငံတော်မှလည်း တတ်နိုင်သည့်ဘက်မှ ကူညီပေးသွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် အမှတ်တရလက်မှတ်ရေးထိုးသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကံကော်ပင်ကို အမှတ်တရစိုက်ပျိုးပေးပြီး ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ကာကွယ်ရေးဦးစီးချုပ်(လေ)တို့က အမှတ်တရသစ်ပင်များကို အသီးသီးစိုက်ပျိုးပေးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာ့မျိုးရင်းငါးသားပေါက်များ ခင်းကျင်းပြသထားရှိမှုကိုကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် Smart Hatchery & Nursery ငါးသားဖောက်စခန်းသို့ရောက်ရှိပြီး လုပ်ငန်းစဉ်အလိုက်ဆောင်ရွက်နေမှုများကို ကြည့်ရှုသည်။ အဆိုပါ ငါးမျိုးဥများသည် ၂၄ နာရီအတွင်း ငါးသားပေါက်များအဖြစ်သို့ ရောက်ရှိမည်ဖြစ်ကာ သက်တမ်းအလိုက် လှောင်ကန်အဆင့်ဆင့်သို့ လုပ်ငန်းစဉ်အလိုက် ဆက်လက်မွေးမြူသွားမည်ဖြစ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် Biomass Power Plant စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်မှုနှင့် လျှပ်စစ်ဓာတ်အားကို အဆင့်မီလျှင်မြန်စွာ နိုင်ငံတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့်တည်ဆောက်ထုတ်လုပ်နိုင်မှု၊ ငါးအစာတောင့် စက်ရုံတည်ဆောက်နေမှု၊ Circular Tank များဖြင့် အဆင့်မြင့် ငါးအသားတိုးမွေးမြူထားရှိမှု၊ မြေသားကန်ဖြင့် အဆင့်မီငါးအသားတိုးမွေးမြူထားရှိမှု၊ ခေတ်မီနည်းပညာအသုံးပြု၍ အစာကျွေးမွေးမှုနှင့် ဆိုလာစနစ်သုံး၍ ရေတင်ဆောင်ရွက်နေမှု၊ ငါးဖမ်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ ရေထွက်ကုန်လုပ်ငန်းဌာန၊ နိုင်ငံတကာဈေးကွက်ရောင်းချလျက်ရှိသည့် ငါးအဆင့်မြင့်ထုတ်ကုန်များ ခင်းကျင်းပြသထားရှိမှုနှင့် အအေးခန်းစက်ရုံတည်ဆောက်နေမှုတို့ကို စိတ်ဝင်တစားဖြင့် ကဏ္ဍတစ်ခုချင်းစီအလိုက် လေ့လာကြည့်ရှုခဲ့ရာ Global Earth Agro & Aqua Industry Public Co., Ltd ဥက္ကဋ္ဌနှင့် လုပ်ငန်းအလိုက် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးပြီး လိုအပ်သည်များ အကြံပြုဆွေးနွေးခဲ့သည်။
အဆိုပါ Global Earth Agro & Aqua Industry Public Co., Ltd သည် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ မိုးကုတ်ဒီးဒုတ်ကွင်းအတွင်း၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် သိပ္ပံနည်းကျ အဆင့်မြင့်ခေတ်မီငါးသားဖောက်ခြင်းနှင့် မြန်မာနိုင်ငံတွင် အကြီးမားဆုံးငါးမွေးမြူခြင်း၊ ကုန်ချောပြုပြင်ထုတ်လုပ်ခြင်း၊ ငါးပေါင်းမှုန့်နှင့် အစာတောင့်ထုတ်လုပ်ခြင်းတို့ပါဝင်သည့် စီမံကိန်းကြီးတစ်ခု ဖြစ်ကြောင်း၊ ယခုအခါ သိပ္ပံနည်းကျဖြင့် ငါးတန်အထီး၊ အမ (Breeders) တစ်သိန်းနှစ်သောင်းကို ပြုစုထားရှိပြီး နေ့စဉ်ငါးသားပေါက်(ငါးမှုန်) သိန်း ၄၀ ကောင်ရေကို ထုတ်လုပ်လျက်ရှိကြောင်း၊ လက်ရှိ အချိန်တွင် ငါးသန်/ငါးဖြန်း ကောင်ရေ သိန်း ၂၅၀ ခန့်နှင့် အသားတိုးငါးကောင်ရေသိန်း ၂၅၀ ခန့်အား မွေးမြူထားရှိကြောင်း၊ စီမံကိန်းတစ်ခုလုံးပြီးစီးပါက မြန်မာ့ရေလုပ်ငန်းစီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသအတွင်းရှိ တစ်ဦးချင်းစီ၏ဝင်ငွေများလည်း တိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ ပြည်ပမှရေထွက်ပစ္စည်းအစားအသောက်တင်သွင်းခြင်းမှ ကုန်ကျလျက်ရှိသည့် နိုင်ငံခြားငွေသုံးစွဲမှုကိုလည်း သက်သာစေနိုင်မည်ဖြစ်မည်ဖြစ်ကာ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုလုပ်ငန်းမျာ ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် နိုင်ငံ့စီးပွားရေးကဏ္ဍသည်လည်း ပြောင်းလဲတိုးတက်လာမည်ဖြစ်ကြောင်း၊ အဆိုပါသိပ္ပံနည်းကျအဆင့်မြင့် ခေတ်မီငါးမွေးမြူထုတ်လုပ်ခြင်း စီမံကိန်းကြီးသည် ငါးသားပေါက်မွေးမြူသည်မှ ငါးအဆင့်မြင့်ကုန်ချောများရရှိသည်အထိပါဝင်သည့် စီမံကိန်းကြီးတစ်ခုဖြစ်သဖြင့် လူဦးရေအမြောက်အမြားကို အလုပ်အကိုင်အခွင့်များ ဖော်ဆောင်ပေးနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းများစွာ အကျိုးဖြစ်ပေါ်စေနိုင်သည့် စီမံကိန်းကြီးတစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။