Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပုသိမ်မြို့ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို

နေပြည်တော် ဖေဖော်ဝါရီ ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ညပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ပုသိမ်မြို့ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော် ကြည်ညိုသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ဂေါပကအဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စေတီတော်မြတ်ကြီးအတွက် ဘက်စုံအလှူငွေများပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့မှ တာဝန်ရှိသူများကလက်ခံရယူပြီး ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီးကို လက်ယာရစ်လှည့်လည်ဖူးမြော် ကြည်ညိုကြပြီး စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းဆောင်ရွက်ရန်၊ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးသာမက ပုသိမ်မြို့ရှိအခြားသောဘုရား၊ စေတီများကိုလည်း ကြည်ညိုသပ္ပါယ်ဖွယ်ဖြစ်အောင် ထိန်းသိမ်းကြရန်နှင့်အခြား လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။