နေပြည်တော် ဖေဖော်ဝါရီ ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုရှိ သမိုင်းဝင် မဟာမကုဋရံသီဆံတော်ရှင်မြတ် မော်တင်စွန်းစေတီတော်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဂေါပကအဖွဲ့ဝင်များက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်ကြီးအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်းများကပ်လှူပူဇော်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်ကြီးကို လက်ယာရစ်လှည့်လည်ဖူးမြော်ကြည်ညိုကြပြီး ရင်ပြင်တော်တိုးချဲ့ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျဖြင့် တွက်ချက်ဆောင်ရွက်ရန်လိုပြီး ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီ၊ သာသနိကအဆောက်အဦများဖြစ်သည့်အတွက် အဘက်ဘက်မှ တွက်ချက်စိစစ်ကာ အလေးထားလုပ်ဆောင်ရန်လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မြတ်မော်တင်ဆံတော်ရှင်စေတီတော်၏ ရင်ပြင်တော်တိုးချဲ့ခြင်းနှင့် ပြုပြင်မွမ်းမံခြင်း တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းအဆင့်လိုက် ဆောင်ရွက်နေမှုများ၊ လုပ်ငန်းအဆင့်များအားလုံးပြီးစီးပါက တွေ့မြင့်ရမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မဟာမကုဋရံသီဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်ကြီးသည် ရှေးဟောင်းသမိုင်းဝင်စေတီတော်မြတ်ကြီးဖြစ်သဖြင့် ပြုပြင်မွမ်းမံခြင်း၊ ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ရှေးမူလက်ရာမပြတ်စေရေးနှင့် ရေရှည်တည်တံ့စေရေး အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်ရာတွင်လည်း လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းများကို စနစ်တကျ မှတ်တမ်းပြုစုထားရှိရန်လိုကြောင်း၊ လုပ်ငန်းစဉ်များအလိုက် စနစ်တကျဖြင့်ဆောင်ရွက်သွားရန်လိုသကဲ့သို့ ရေရှည်မျှော်တွေး၍ တွက်ချက်ဆောင်ရွက်ကြစေလိုကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်မည့်အခြေအနေများကိုလည်း တွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်း၊ စေတီတော်မြတ်ကြီး၏ မူလအတိုင်း ကြည်ညိုသပ္ပါယ်မှုရှိစေရေးကိုလည်း မထိခိုက်စေရန်လိုကြောင်းဖြင့်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆံတော်ရှင်မြတ် မော်တင်စွန်းစေတီတော်ကြီး ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများ၊ စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်အကျယ် အဝန်းသည် ၄၃ ပေခန့်သာ ကျယ်ဝန်းသဖြင့် ဘုရားဖူးလာ ရဟန်းသံဃာ မိဘပြည်သူများသက်တောင့် သက်သာကျယ်ကျယ်ပြန့်ပြန့် ဖူးမြော်နိုင် ရေးအတွက် ရင်ပြင်တော်တိုးချဲ့ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံများနှင့် ပုံစံငယ်ပြုလုပ်ထားရှိမှုတို့ကိုကြည့်ရှုကာ လိုအပ်သည်များ မှာကြားဆွေးနွေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်ကြီးပရိဝုဏ်အတွင်းလှည့်လည့်ကြည့်ရှု၍ ရှေးဟောင်းသာသနိက အဆောက်အဦများအား ထိန်းသိမ်းထားရှိမှုအခြေအနေများကိုကြည့်ရှုကာ ရှေးဟောင်းသာသနိကအဆောက်အဦများအား ပြုပြင်ထိန်းသိမ်းရန်လိုအပ်လာပါက ခေတ်ကာလနှင့်လျော်ညီစွာ မူလရှေးဟောင်းလက်ရာမပျက် ပြန်လည်ပြုပြင်မွမ်းမံပြင်ဆင်ရမည့် အခြေအနေများ၊ သမိုင်းမှတ်တမ်းများ ပျောက်ပျက်၍မရသဖြင့် စနစ်တကျထိန်းသိမ်းရန်နှင့် ပြုပြင်မွမ်းမံမှုများကိုလည်း စနစ်တကျသာဆောင်ရွက်ရမည်ဖြစ်သည့် အခြေအနေများကို တာဝန်ရှိသူများအားမှာကြားသည်။