နေပြည်တော် ဖေဖော်ဝါရီ ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လမ်းညွှန်မှာကြားသည့်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအတွင်းရေးမှူး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသဥက္ကဋ္ဌများက Video Conferencing ဖြင့် တက်ရောက်ကြသည်။
ရှေ့လုပ်ငန်းစဉ် ၅ ရပ်ချမှတ်
အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လမ်းညွှန်မှာကြားရာတွင် အဓိကအားဖြင့် လာမည့်ထပ်မံသက်တမ်းတိုးထားသည့်ကာလအတွင်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန်ရှိသည်များကို တာဝန်ရှိသူအားလုံး စဉ်းစားသုံးသပ်နိုင်ရန်နှင့် လုပ်ငန်းများအောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် ယခုကဲ့သို့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ကြောင်း။
“ပြည်သူတို့၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်မည်” ဟူသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်အနက် ပထမဆုံးအချက်နှင့်ပတ်သက်၍ ၂၀၂၁ ဖေဖော်ဝါရီမှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံရေးအရ အရေးပေါ်ကြေညာခဲ့ပြီး နိုင်ငံတော်၏တာဝန်များကို စတင်ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ စတင်တာဝန်ယူစဉ်က ဆူပူဆန္ဒမှုများရှိခဲ့ပြီး နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများ၊ သွေးထိုးမြှောက်ပင့်မှုများကြောင့် နောက်ပိုင်းကာလများတွင် ဆူပူမှုမှအကြမ်းဖက်မှု၊ လက်နက်ကိုင်အကြမ်းဖက်မှု စသည်တို့ ဖြစ်ပေါ်လာခဲ့ကြောင်း၊ ဒီမိုကရေစီစနစ်ကျင့်သုံးသည့်နိုင်ငံများတွင် ဥပဒေနှင့်အညီ ဆန္ဒပြမှုများကိုခွင့်ပြုထားကြောင်း၊ သို့သော် ဆန္ဒပြမှုကျော်လွန်၍ အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်သည်အထိဖြစ်ပေါ်လာသဖြင့် မိမိတို့အနေဖြင့် ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း ဥပဒေနှင့်အညီသာ ထိန်းသိမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် အပြစ်မဲ့ပြည်သူများ၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အုပ်ချုပ်ရေးဆိုင်ရာအဆောက်အဦများ၊ ပုဂ္ဂလိကလုပ်ငန်းများ၊ နိုင်ငံ့ဝန်ထမ်းများအပြင် သာသနာရေးဆိုင်ရာ ပုဂ္ဂိုလ်များကိုပါ အကြမ်းဖက်လုပ်ရပ်များကို ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်ခဲ့ကြောင်း၊ ထိုအချိန်တွင် ဆူပူဆန္ဒပြသူများမှ သဘောထားတင်းမာသူများကို သောင်းကျန်းသူနယ်မြေများအထိဆွဲထုတ်၍ PDF အမည်ခံအကြမ်းဖက်အဖွဲ့အဖြစ်ဖွဲ့စည်း၍ နိုင်ငံတော်ကို လက်နက်ကိုင်တိုက်ခိုက်ရန် လုပ်ဆောင်လာမှုများရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အချို့ EAO အဖွဲ့များပါဝင်ကြောင်း၊ မိမိတို့ဖမ်းဆီး ရမိသည့်လက်နက်ခဲယမ်းများတွင် EAO များအသုံးပြုသည့် လက်နက်များ ခဲယမ်းများ ပါဝင်သကဲ့သို့ နယ်စပ်မှတရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံများမှ လက်နက် များလည်းပါဝင်သည်ကို တွေ့ရှိရကြောင်း၊ ၎င်းတို့အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားရန်ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် စစ်ဆင်ရေးအဖြစ်သတ်မှတ်ထားသည့် နယ်မြေများတွင် စစ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ စစ်ဆင်ရေးနယ်မြေအဖြစ်သတ်မှတ်ထားခြင်းမရှိသည့် နယ်မြေများတွင် အကြမ်းဖက်မှုနှိမ်နင်းရေးလုပ်ငန်းများကို ဥပဒေနှင့်အညီသာ အဆင့်ဆင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိန်းသိမ်းရန်ခက်ခဲသည့်နေရာများကိုသာ စစ်အုပ် ချုပ်ရေးအမိန့်များ ထုတ်ပြန်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့မှုများကြောင့် ၂၀၂၂ ခုနှစ် ဧပြီလမှစ၍ အကြမ်းဖက်မှုများ သိသိသာသာ လျော့နည်းကျဆင်းသွားခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်မှုများ လျော့နည်းပပျောက်အောင် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း။
၂၀၂၃ ခုနှစ်ကူးပြောင်းခါစ အစောပိုင်းအခြေအနေများတွင် အကြမ်းဖက်မှုများ အနည်းငယ်ပြန်လည်ဖြစ်ပေါ်လာခဲ့ကြောင်း၊ ရှေ့လုပ်ငန်းစဉ်အရ ရွေးကောက်ပွဲကျင်းပ ပြုလုပ်နိုင်ရန်လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နေမှုကို ပျက်ပြားစေရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာအဆောက်အဦများ၊ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီးမှုများ၊ မိုင်းထောင်ဖောက်ခွဲမှုများနှင့် နိုင်ငံ့ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအပေါ် ခြိမ်းခြောက်သတ်ဖြတ်ခြင်းများ ဆောင်ရွက်လာခဲ့သည်ကို တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၃)ကိုပြုလုပ်၍ မိမိအနေဖြင့် နိုင်ငံတော်၏အရေးပေါ်အခြေအနေကာလအတွင်း လုပ်ဆောင်ချက်နှင့်တွေ့ရှိချက်များကို ယာယီသမ္မတထံတင်ပြ၍ လက်ရှိကာလတွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုရှိရန် ဆက်လက်လုပ်ဆောင်ရန် လိုအပ်ချက်များရှိနေသေးကြောင်းတင်ပြခဲ့သဖြင့် ဥပဒေနှင့်အညီ အရေးပေါ်အခြေ အနေသတ်မှတ်ထားသည့်ကာလကို ၆ လထပ်မံသက်တမ်းတိုးမြှင့်ခဲ့ရခြင်းဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုကိုလိုအပ်သည့်အတွက် အရေးပေါ်ကာလကို သက်တမ်း ထပ်မံတိုးမြှင့်ခဲ့ရခြင်းဖြစ်ကြောင်း။
အကြမ်းဖက်သမားများ၏ အဖျက်အမှောင့်လုပ်ရပ်များ ဆောင်ရွက်မှုကြောင့် နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင်ပစ္စည်းများ ပျက်ဆီးဆုံးရှုံးမှုများ များစွာရှိခဲ့ကြောင်း၊ သာမန်ပျက်စီးမှုများမပါပဲ ပျက်စီးဆုံးရှုံးမှုသည် ၄၉၀၀ ကျော်ရှိကြောင်း၊ လက်ပစ်ဗုံး၊ မိုင်း၊ လက်လုပ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၈၅၀၀ ကျော်ရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု ၉၇၀၀ ကျော်ခန့်ရှိခဲ့ကြောင်း၊ မီးရှို့ဖျက်ဆီးမှုအကြိမ်ပေါင်း ပေါင်း ၁၂၃၀ ကျော်ရှိခဲ့ကြောင်း၊ ဖြစ်စဉ်များတွင် အကြမ်းဖက်သမားများထံမှရရှိခဲ့သည့် လက်နက်ပေါင်း ၁၇၆၉၀ ကျော်၊ လက်နက်မိုင်းနှင့် ဗုံး ၂၇၂၀၀ ကျော်အပါအဝင် ခဲယမ်းများ များစွာဖမ်းဆီးရမိခဲ့ကြောင်း၊ အဆိုပါလက်နက်များတွင် EAO အဖွဲ့များမှ လက်နက်ခဲယမ်းများနှင့် ပြည်ပနိုင်ငံများမှ လက်နက်ခဲယမ်းများပါဝင်သည်ကို တွေ့ရှိရကြောင်း၊ PDF အမည်ခံအကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုများကြောင့် ရဟန်းသံဃာများ၊ အပြစ်မဲ့ပြည်သူများ သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် အများပြည်သူသွားလာလျက်ရှိသည့် မီးရထားလမ်းများ၊ လမ်းတံတားများ၊ ဆက်သွယ်ရေးတာဝါတိုင်များကို ဖောက်ခွဲဖျက်ဆီးသည့် အဖျက်အမှောင့်လုပ်ရပ်များကိုလည်း လုပ်ဆောင်ခဲ့ကြောင်း။
အကြမ်းဖက်သမားများ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် နိုင်ငံတော်ပိုင်နှင့် ပြည်သူပိုင်အဆောက်အဦများကို ပြန်လည်တည်ဆောက်ရန် နိုင်ငံတော်မှ ငွေကြေး ကုန်ကျမှုများသည် နိုင်ငံတော်အတွက် ဆုံးရှုံးမှုများပင်ဖြစ်ကြောင်း၊ အစိုးရတစ်ရပ်၏ နစ်နာဆုံးရှုံးမှုမဟုတ်ဘဲ နိုင်ငံတော်ရှေ့ဆက်လျှောက်လှမ်းရမည့် အမျိုးသားအကျိုး စီးပွားများကို နစ်နာဆုံးရှုံးရခြင်းဖြစ်သည်ကို နားလည်သဘောပေါက်စေလိုကြောင်း၊ ၎င်းတို့သည် ဒီမိုကရေစီကို အကြမ်းဖက်နည်းလမ်းဖြင့်ရယူရန် လုပ်ဆောင်နေခြင်းဖြစ်သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခံယူချက်များနှင့် ၎င်းအကြမ်းဖက်အဖွဲ့၏ ယုံကြည်ချက်၊ ခံယူချက်များ တူညီမှုမရှိကြောင်း၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းအများစုသည် NCA အပေါ်တွင် လက်မှတ်ရေးထိုး ထားခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင်ပေါ်ပေါက်လာသည့် လက်နက်ကိုင် အဖွဲ့အစည်းများသည် ဒီမိုကရေစီပေါ်တွင် သဘောထားကွဲလွဲမှုများကြောင့် ပေါ်ပေါက်လာသည့် အဖွဲ့အစည်းများဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် လက်နက်ကိုင်အကြမ်းဖက်ခြင်းကို မည်သည့်နိုင်ငံ၊ မည်သည့်အစိုးရမှခွင့်ပြုထားခြင်းမရှိကြောင်း၊ အကြမ်းဖက်လုပ်ရပ်ကို ဆောင်ရွက်နေသူများအနေဖြင့် ဒီမိုကရေစီကို နားလည်သဘောပေါက်ရန်လိုကြောင်း။
အကြမ်းဖက်မှုများကို ဒုတိယအကြိမ် အရေးပေါ်သက်တမ်းကာလတွင် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်လာသဖြင့် အရေးကြီးသည့်မြို့နယ်များကို စစ်အုပ်ချုပ်ရေးအမိန့်များ တိုးမြှင့်သတ်မှတ်ခဲ့ရပြီး အကြမ်းဖက်မှုများလျော့ပါးအောင် ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စစ်အုပ်ချုပ်ရေးသတ်မှတ်ခြင်းသည် ပြစ်မှု ကျူးလွန်သူများအတွက်သာဖြစ်ပြီး ပြည်သူများကိုကြေညာခြင်းမဟုတ်ကြောင်း၊ ပြည်သူများအနေဖြင့် စည်းကမ်းနှင့်အညီ လွတ်လပ်စွာနေထိုင်သွားလာလှုပ်ရှားနိုင်ကြောင်း၊ လာမည့် ၆ လတာကာလအတွင်း အဆိုပါဒေသများ၏ တည်ငြိမ်အေးချမ်းမှုသည်လည်းအတိုင်း အတာတစ်ခုအထိ တိုးတက်လာမည်ဟု ယူဆပါကြောင်း။
ဒုတိယအကြိမ်အစိုးရသက်တမ်းတွင် ဥပဒေကို လိုရာဆွဲ၍လုပ်ဆောင်သွားခြင်းများရှိပြီး နိုင်ငံတော်အတွက် အန္တရာယ်ကြီးမားသည့် လုပ်ရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် ကြားဝင်ထိန်းသိမ်းပေးခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင်လည်း မှန်မှန်ကန်ကန်နှင့် မျှမျတတရှိစေရန်လိုအပ်သည့်အတွက် မိမိတို့တာဝန် ယူချိန်မှစ၍ နိုင်ငံတော်အတွက် တာဝန်များပေးအပ်ရာတွင် တပ်မတော်နှင့် အရပ်ဘက်မှ သင့်တော်သူများကို မျှမျှတတဖြင့် ခန့်အပ်တာဝန်ပေးအပ်ခဲ့ပြီး ဥပဒေသတ်မှတ် ချက်များနှင့်အညီသာ ဆောင်ရွက်ခဲ့ကြောင်း၊ လုပ်ငန်းရပ်များကို အကောင်အထည်ဖော်ရာတွင် ဒီမိုကရေစီနည်းအရ အရပ်ဘက်အဖွဲ့အစည်းများဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ လွှတ်တော်တွင် အရပ်ဘက်မှ ၇၅ ရာခိုင်နှုန်းပါဝင်ပြီး တပ်မတော်မှ ၂၅ ရာခိုင်နှုန်းသာပါဝင်ကြောင်း၊ ပြီးခဲ့သည့်လွှတ်တော်တွင် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ၏ တင်ပြချက်များ၊ မိမိနှင့် တပ်မတော်အရာရှိကြီးများ၏ တပ်မ တော်သားများနှင့် မိသားစုဝင်များကို ပြောကြားခဲ့သည့် မှာကြားချက်များနှင့် မိန့်ခွန်းများကို ပြန်လည်ဖတ်ရှုလေ့လာကြည့်မည်ဆိုပါက တပ်မတော်သည် နိုင်ငံတော်၏ ဒီမိုကရေစီ စနစ်နှင့်ပတ်သက်၍ ရပ်တည်ချက်များကိုတွေ့ရမည်ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ကို ပါတီစုံစနစ်ပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်နိုင်စေရန် ထိန်းသိမ်းစောင့်ရှောက်ပေးသည့် Guardian အဖွဲ့အစည်းတစ်ခုဖြစ်နေမည့် အဖွဲ့ အစည်းအဖြစ်ခံယူထားပါကြောင်း၊ မိမိတို့သည် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်နေခြင်းဖြစ်သည်ကို ပြောကြားလိုကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ရှေ့လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ဆောင်ရွက်ရမည်များကိုစဉ်းစားခဲ့ကြောင်း၊ ယခင် ရှေ့လုပ်ငန်းစဉ်အတိုင်း ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းကာ ရွေးကောက်ပွဲဆိုင်ရာများ ပြန်လည်စစ်ဆေးအရေးယူမှုနှင့်ပတ်သက်၍ ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ထိုသို့ အရေးယူဆောင်ရွက်ချိန်တွင် အဂတိလိုက်စားမှုများကိုလည်း တွေ့ရှိခဲ့ရသဖြင့် အရေးယူဆောင်ရွက်ခဲ့ရကြောင်း။
မိမိတို့တာဝန်ထမ်းဆောင်သည့်ကာလအတွင်း ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရွက်ခဲ့သည်များကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် တင်ပြခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်လည်း ကိုဗစ်-၁၉ရောဂါဖြစ်ပေါ်မှုများသည် သိသိသာသာလျော့ပါးကျဆင်းသွားပြီဖြစ်ပြီး အတိုင်းအတာတစ်ခုအထိ ထိန်းထားနိုင်ပြီဖြစ်ကြောင်း၊ သို့သော် ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ ပေါ့ပေါ့ဆဆမဖြစ်ရန်လိုကြောင်း၊ ကျဆင်းသွားသည့် စီးပွားရေးနှင့်ပတ်သက်၍ ၂ နှစ်တာကာလအတွင်း ခက်ခက်ခဲဖြင့်ဆောင်ရွက်ခဲ့ရာ အတိုင်းအတာတစ်ခုအထိ ပြန်လည်တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မိမိတို့တာဝန်ယူချိန်တွင် နိုင်ငံ စီးပွားကျဆင်းစေရန်အတွက် ဘဏ်စနစ်များပျက်စီးအောင် လုပ်ဆောင်ခဲ့မှုများရှိသဖြင့် မိမိတို့အနေဖြင့် ဘဏ်စနစ်များပြိုလဲမှုမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း၊ ကုန်သွယ်မှုနှင့်ပတ်သက်၍လည်း ၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုကြောင့် ကုန်သွယ်မှုလုပ်ငန်းများကျဆင်းခဲ့ရသကဲ့သို့ ပြည်တွင်းကုန်ထုတ်လုပ်မှုများ ထိခိုက်ခဲ့ရကြောင်း၊ မိမိတို့အနေဖြင့် ပြည်တွင်းစီးပွားရေးကို အားပေးမြှင့်တင်ခဲ့သဖြင့် စားရေရိက္ခာရှားပါးမှုများ မကြုံတွေ့ခဲ့ရဘဲ ကုန်ဈေးနှုန်းကြီးမြင့်မှုများကိုမူ အခြားနိုင်ငံများနည်းတူ ခံစားခဲ့ရကြောင်း၊ နိုင်ငံခြားငွေနှင့်ပတ်သက်၍ ပြီးခဲ့သည့်အစိုးရကာလတွင် ချေးခဲ့သည့်ချေးငွေများကို ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် ဆက်လက်ရရှိခြင်းမရှိကြောင်း၊ စီမံကိန်းအသစ်များ ထပ်မံရရှိခြင်းမရှိကြောင်း၊ ၂၀၂၁ ခုနှစ်အတွင်း စီးပွားရေးအကြပ်အတည်းများရှိခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင် ကုန်ထုတ်လုပ်များကောင်းမွန်လာခြင်း နယ်စပ်ကုန်သွယ်မှုများကို အတိုင်းအတာတစ်ခုအထိဖွင့်လှစ်လာနိုင်ခြင်းကြောင့် လုပ်ငန်းများပြန်လည်လည်ပတ်လာနိုင်ပြီး နိုင်ငံ၏စီးပွားရေးမှာ အနှုတ်လက္ခဏာမှ အပေါင်း ၃ ရာခိုင်နှုန်းနီးပါး တိုးတက်လာကြောင်း၊ မိမိတို့နိုင်ငံတွင် သဘာဝရေမြေအရင်းအမြစ်များရှိခြင်းကြောင့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ခြင်းနှင့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်လာနိုင်ခြင်းကြောင့် နိုင်ငံ၏စီးပွားရေး ပြန်လည်ဖွံ့ဖြိုးတိုးတက်လာခြင်းဖြစ်ကြောင်း၊ လာမည့်နှစ်တွင် နိုင်ငံ့စီးပွားရေး ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဟုယုံကြည်ကြောင်း၊ မိမိအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ကုန်ထုတ်လုပ်ငန်း ဆောင်ရွက်နေသူများနှင့် တွေ့ဆုံရာတွင်လည်း ၎င်းတို့၏တင်ပြချက်များအရ လုပ်ငန်း များတိုးတက်မှုရှိသည်ကို တွေ့ရှိရကြောင်း၊ အလားတူ နိုင်ငံ့စီးပွားရေးမြှင့်တင်ရေး ရန်ပုံငွေများဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း အောင်မြင်ဖြစ်ထွန်းအောင်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း။
တည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ တစ်ဖက်မှလည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဆက်လက်ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ တိုင်းပြည်တစ်ခု ရပ်တည်နိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပမှ အားများလိုအပ်ကြောင်း၊ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသည် ၎င်းတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲမပြတ်ကြိုးပမ်းလျက်ရှိသကဲ့သို့ မိမိတို့နိုင်ငံသည်လည်း ရှေ့သို့ရောက်ရှိစေရေး ဆက်လက်ကြိုးပမ်းအားထုတ်နေရမည်ဖြစ်ကြောင်း၊ “ရှေ့သို့ချီမည်ပန်းတိုင်ဆီ” “Keep Moving Forward to Achieve Our Goal” ဆိုသည့်အတိုင်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့သို့ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရှေ့သို့လှမ်းချီနေမှသာလျှင် မိမိတို့ လိုချင်သည့်ပန်းတိုင်ဆီသို့ အရောက်လှမ်းနိုင်မည်ဖြစ်ကြောင်း၊ ရှေ့သို့လျှောက်လှမ်းနိုင်ရန် အတွက် နိုင်ငံစီးပွားရေးကို မြှင့်တင်ပေးခြင်းသည် အကောင်းဆုံးပင်ဖြစ်ကြောင်း၊ ထိုသို့ မိမိတို့နိုင်ငံတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို အောင်မြင်စွာဆောင်ရွက်နိုင်မည့် သယံဇာတအရင်းအမြစ်များစွာကို ပိုင်ဆိုင်ထားရှိပြီးဖြစ်ကြောင်း၊ စပါးအထွက်နှုန်းများကို တစ်ဧကချင်းအလိုက် အထွက်နှုန်းတိုးအောင်ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းဆန်ဖူလုံမှု ကိုသာမက ပြည်ပသို့တင်ပို့ရောင်းချနိုင်သဖြင့် နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းမည်ဖြစ်သကဲ့သို့ စိုက်ပျိုးရေးတောင်သူများ၏ ဝင်ငွေလည်းတိုးတက်လာကာ လူမှုစီးပွားဘဝများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်မှုကြောင့် ဒေသတွင်းငွေကြေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေကာ ဒေသဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေပြီး ထိုမှတစ်ဆင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေမည်ကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအနေဖြင့် တစ်ဧကချင်းအထွက်နှုန်းတိုးတက်စေရေး အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်၍ အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်နိုင်ခြင်းသည် မြေကြီးမှရွှေသီးအောင် ဆောင်ရွက်နိုင်ခြင်းပင်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် စားသုံးမှုနှင့်ပတ်သက်၍ လိုအပ်ချက်များရှိနေကြောင်း၊ မိမိတို့နိုင်ငံမှထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များကိုအသုံးချ၍ ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းသည် နိုင်ငံ့စီးပွားရေးတိုးတက်မှုကို များစွာအထောက်အကူပြုစေမည်ဖြစ် သဖြင့် မိမိတို့အစိုးရအဖွဲ့အနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားလိုကြောင်း။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးနှင့်ပတ်သက်၍ ပြောကြားရာတွင် “ဒုတိယအချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ပြည်သူလူထုဗဟိုပြုဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်ဆိုတဲ့အတိုင်းပဲ ဒီအပေါ်မှာ စီးပွားရေးအားကောင်းအောင်လုပ်ကြဖို့ လိုအပ်ပါတယ်။ စိုက်ပျိုးရေးထုတ်ကုန်တွေ။ နောက် မွေးမြူရေးထုတ်ကုန်တွေ။ ကျွန်တော်တို့ ပြည်နယ်နဲ့တိုင်း တိုင်းမှာအကုန်ရှိပါတယ်။ မွေးမြူရေးထုတ်ကုန်အကုန်ရှိတယ်။ မနေ့က ဧရာဝတီတိုင်းသွားတဲ့အချိန်မှာ ခရိုင်တိုင်းရှိတယ်။ ခရိုင်တိုင်းမှာ ထုတ်ကုန်ပစ္စည်းအကုန်လုံး ရှိတယ်။ ပြောရလို့ရှိရင်ဗျာ မျက်နှာမငယ်ရတဲ့ဒေသကိုသွားတွေ့တယ်။ အကုန်ရှိတယ်။ သူတို့ဆီမှာအကုန်ရှိတယ်။ ဒါလေးကို နည်းနည်း Push လုပ်ပြီးတော့ တင်လိုက်လို့ရှိရင် ကျွန်တော်တို့အများကြီးကို တိုင်းပြည်ရဲ့အခြေအနေဟာ ပြောင်းလဲသွားနိုင်စရာရှိတယ်ဆိုတာလေးလည်း ကျွန်တော်ပြောလိုပါတယ်။ အဲ့ဒါဆိုရင်တော့ တိုင်းပြည်သာယာဝပြောမှုတော့ ဖြစ်လာမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဝင်ငွေရှိနေပြီဆိုတော့ သူတို့ရဲ့လူမှုဘဝတက်လာမှာ။ ဒါသေချာတယ်။ လူမှုဘဝတက်လာမှာ။ ကိုယ့်လူမှုဘဝတက်လာတယ်ဆိုရင် ကိုယ့်လူမှုဘဝကို အထိခိုက်ခံမှာမဟုတ်ဘူး။ အပျက်ဆီးခံမှာတော့မဟုတ်ဘူး။ ပျက်ဆီးမှာတော့လိုလားမှာမဟုတ်ဘူး။ ကောင်းတဲ့ Approach သွားမှာဖြစ်တယ်၊ မကောင်းတဲ့ Approach ကို သွားမှာတော့မဟုတ်ဘူး။ တိုင်းပြည်ကို အကောင်းဆုံးသောစောင့်ရှောက်ခြင်းကတော့ စီးပွားရေးမြှင့်တင်ပေးခြင်းပဲ ဖြစ်ပါတယ်။ စီးပွားရေးမြှင့်တင်အောင် ကျွန်တော်တို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်က နံပါတ် ၂ အချက်မှာ ဒီဟာကို ကျွန်တော်တို့ထည့်တာပါ။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်။ နောက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကမပြီးသေးပါဘူး နောက်မတ်လမှာ ပြီးမှာဖြစ်ပါတယ်။ ဘဏ္ဍာနှစ်မှာ ကျွန်တော်တို့က အကျုံးဝင်နေပါသေးတယ်။ အဲ့ဒီတော့ ကျွန်တော်တို့အနေနဲ့ စီးပွားရေးမြှင့်တင်မှုကို အရှိန်အဟုန်နဲ့ဆောင်ရွက်သွားဖို့လိုပါတယ်။ စီးပွားရေးအရှိန်မြှင့်လုပ်မယ်ဆိုလိုရှိရင်လည်း စီးပွားရေးကိုအထောက်အကူပြုနိုင်တဲ့ သယ်ယူပို့ဆောင်ရေးစနစ်တွေ ကျွန်တော်တို့ရှိဖို့လိုပါတယ်။ လမ်းတွေကောင်းအောင် လုပ်ရပါမယ်။ မဖြစ်မနေလမ်းတွေကောင်းအောင်လုပ်ပေးရမယ်။ ဒါကတော့ လာမယ့်နှစ်မှာ လမ်းတွေကောင်းအောင်လုပ်ဖို့ ကျွန်တော်တို့ လျာထားပါတယ်။”
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆက်လက် ပြောကြားရာတွင် မိမိတို့နိုင်ငံတွင် အတန်းပညာနှင့်ပတ်သက်၍ လိုအပ်ချက်များစွာ ရှိနေဆဲဖြစ်ပြီး နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်ခန့်သည် အခြေခံပညာအလယ်တန်း အောက်၌သာရှိနေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ပညာရေးအားနည်းချက်များရှိသဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိမှုအားနည်းပြီး လူမှုစီးပွားဘဝများသည်လည်း ခက်ခဲနိမ့်ကျမှုများရှိကြောင်း၊ ထို့ပြင် စဉ်းစားတွေးခေါ်နိုင်မှုနှင့် ဆင်ခြင်တုံတရားများတွင်လည်း အားနည်းချက်များရှိနိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်းဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုကာလအတွင်း ၎င်းအချက်ကိုအသုံးချ၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုမလိုလားသည့် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် EAO သွေးထိုးမှုများကြောင့် လမ်းမှားရောက်ခဲ့ရသူ များစွာရှိခဲ့သည်ကိုလည်း တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာရေးနှင့်ပတ်သက်၍ မဖြစ်မနေအားပေးမြှင့် တင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မကြာခင်ကာလ၌ စာမေးပွဲများစတင်တော့မည်ဖြစ်ပြီး မတ်လအတွင်း တက္ကသိုလ်ဝင်စာမေးပွဲများအားလုံး ပြီးစီးတော့မည်ဖြစ်ကြောင်း၊ ယခုပညာသင်နှစ်တွင် ပညာရည်သင်ကြားမှုများ အဆင်ပြေချောမွေ့စွာ ပြီးစီးခဲ့ပြီဟုဆိုနိုင်သော်လည်း ကျောင်းတက်ရာခိုင်နှုန်းမပြည့်မီသေးသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ အချို့သောနယ်မြေများ၌ အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် လာရောက်ပညာမသင်ကြားနိုင်သည့် ကျောင်းသူ၊ ကျောင်းသားများလည်း ရှိမည်ဖြစ်ကြောင်း၊ လာမည့်ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးရှိ ကျောင်းအားလုံးဖွင့်လှစ်နိုင်အောင် မိမိတို့အနေဖြင့် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့သို့ နေရာဒေသအားလုံး၌ ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက်လည်း အချို့သောနေရာဒေသများကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ရခြင်းဖြစ်ကြောင်း၊ စည်းကမ်းကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်မှသာလျှင် ကျောင်းနေအရွယ်ကလေးငယ်အားလုံး၏ အခွင့်အရေးများ မဆုံးရှုံးမည်ဖြစ်ကြောင်း၊ ပညာရေးဝန်ထမ်းများ၏ အခက်အခဲများကိုလည်း အတတ်နိုင်ဆုံးဖြေရှင်းဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ကျောင်းတက်ရောက်သူ ဦးရေသည်လည်း လာမည့်ပညာသင်နှစ်တွင် ပိုမိုတိုးပွားလာမည်ဖြစ်သဖြင့် အားလုံး အေးအေးချမ်းချမ်းဖြင့် ပညာသင်ကြားနိုင်ရေး မိမိတို့အနေဖြင့် ဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း။
ကျန်းမာရေးနှင့်ပတ်သက်၍ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုနှုန်းသည် ကျဆင်းလျက်ရှိ သည်ဖြစ်သော်လည်း မိမိတို့အနေဖြင့် ပေါ့ပေါ့ဆဆနေ၍ရမည်မဟုတ်ဘဲ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အိမ်နီးနားချင်းတိုင်းပြည်များနှင့် ကမ္ဘာ့နိုင်ငံများတွင်လည်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုနှုန်း လျော့ကျလာသည်ဖြစ်သော်လည်း မိမိတို့အနေဖြင့် သတိဖြင့်နေထိုင်ကြရန်လိုကြောင်း၊ ထို့ပြင် လူတစ်ဦးချင်းစီ၏ ကျန်းမာကြံ့ခိုင်ရေးအတွက် နေထိုင်စားသောက်မှုများ ကျန်းမာရေးနှင့်ညီညွတ်မှုရှိရမည်ဖြစ်ပြီး အာဟာရပြည့်ပြည့်ဝဝစားသုံးရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်မညီညွတ်သည့် နေထိုင်စားသောက်မှုများကြောင့် ကျန်းမာရေးထိခိုက်ပြီး ပညာသင်ကြားမှု၊ လုပ်အားဆုံးရှုံးမှုများ မရှိစေရေးအတွက်လည်း ကျန်းမာရေးစောင့်ရှောက်မှုများကို မြှင့်တင်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးနိုင်မှသာလျှင် လူမှန်နေရာမှန်ချထားနိုင်မည်ဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ်များကို အကျိုးရှိစွာ အသုံးချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် လာမည့်နှစ်တွင် စီးပွားရေး အားကောင်းအောင်ဆောင်ရွက်သွားမည်၊ လမ်းပန်းဆက်သွယ်ရေးပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားမည်၊ ပညာရေး၊ ကျန်းမာရေး မြှင့်တင်ရေးများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းကို ပြောကြားလိုကြောင်း၊ အဓိကအားဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများတွင် ယခုထက်ပိုမို၍ သိသိသာသာတိုးတက်အောင် ဆောင်ရွက်သွားရန်လိုကြောင်းကို ပြောကြားလိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မျိုးကောင်းရန်၊ မြေကောင်းရန်၊ ရေလုံလောက်စွာရရှိရန်၊ နည်းစနစ်တကျ စိုက်ပျိုးရန် စသည့်အချက်များလိုအပ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသို့သွားရောက်စဉ် အထွက်နှုန်းနှင့်ပတ်သက်၍ တိုးမြှင့်အောင်ဆောင်ရွက်ရေး၊ ဈေးကွက်ရရှိရေး၊ အရည်အသွေးကောင်းမွန်ရေးကို ဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း၊ ဆီထွက်သီးနှံနှင့် ပတ်သက်၍ စားသုံးဆီကို နှစ်စဉ်ဒေါ်လာ သန်း ၇၀၀ ဖိုးခန့် တင်သွင်းနေရသည်ကို ပြောကြားလိုကြောင်း၊ ပြည်ပမှဆီတင်သွင်းမှုကို လျှော့ချလိုက်မည်ဆိုပါက ပြည်တွင်း ဆီစက်များ ပိုမိုလည်ပတ်လာနိုင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သွားရောက်စဉ် ဆီစက်လုပ်ငန်းများကို ခေတ်မီနည်းစနစ်များဖြင့် ဆောင်ရွက်နိုင်ရေး တိုးချဲ့လည်ပတ်နိုင်ရေးအတွက် တင်ပြမှုများများစွာရှိကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှလည်း ဆီစက်လုပ်ငန်းများအတွက် ရင်းနှီးငွေများပေးထားပြီးဖြစ်ကြောင်း၊ ပန်းတိုင်ရည်မှန်းချက်ကိုပြည့်မီအောင် ထွက်ရှိရေးဆောင်ရွက်မည်ဆိုပါက ပြည်တွင်းဆီ လိုအပ်ချက်ကို ဖူလုံစေမည်ဖြစ်ပြီး ပိုလျှံသည်အထိဖြစ်စေနိုင်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ဆီဖူလုံရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ဆီထွက်သီးနှံများ တိုးမြှင့်စိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်းတိုးအောင် ဆောင်ရွက်မည်ဆိုပါက ပြည်တွင်းဆီဖူလုံမှုကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်ပြီး ပြည်ပမှတင်သွင်းနေရမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ နှမ်းတစ်စေ့ဖြင့် ဆီမဖြစ်နိုင်သော်လည်း အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်မည်ဆိုပါက အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံအတွက်လိုအပ်လျက်ရှိသည့် စားသုံးဆီကို ပြည်ပမှတင်သွင်းရသူ (Importer) အဆင့်မှ ပြည်တွင်းလိုအပ်ချက် ဖူလုံပြည့်မီအောင် ထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့နိုင်သူ (Exporter) အဆင့်အထိရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။
ထို့ပြင် မိမိတို့နိုင်ငံ၌ ပဲအထွက်နှုန်းနည်းနေသေးသည်ကို တွေ့ရှိရကြောင်း၊ ကမ္ဘာပေါ်တွင် မိမိတို့နိုင်ငံသည် ပဲတင်ပို့မှု၌ ဒုတိယနေရာတွင်ရှိသည့် နိုင်ငံတစ်ခုဖြစ်ပြီး ကမ္ဘာ့ပဲလိုအပ်ချက် ပမာဏသည် များစွာရှိနေကြောင်း၊ ထို့ကြောင့် ဈေးကွက်ရရှိပြီးသားဖြစ်သဖြင့် ပဲအထွက်နှုန်းတိုးတက်အောင်လည်း ဆောင်ရွက်ကြရန်လိုပြီး အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့ဝင်ငွေများလည်း မြင့်တက်လာမည်ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ငါးမွေးမြူရေးလုပ်ငန်းများကို ခေတ်မီသိပ္ပံနည်းကျ ပြုလုပ်ထားသည်ကိုတွေ့ရှိရပြီး နိုင်ငံအတွက် များစွာအကျိုးဖြစ်စေနိုင်သည့် မွေးမြူရေး လုပ်ငန်းတစ်ခုဖြစ်သည်ကို တွေ့ရှိရကြောင်း၊ နည်းပညာရရှိပြီးဖြစ်သဖြင့် အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း ဈေးကွက်ရရှိမှုအလိုက် တိုးမြှင့်ဆောင်ရွက်နိုင် မည်ဆိုပါက သားငါးကဏ္ဍတွင် ငါးမွေးမြူရေးမှတစ်ဆင့် ဝင်ငွေများစွာရရှိလာနိုင်မည် ဖြစ်ကြောင်း၊ ငါးမွေးမြူရေးနှင့်ပတ်သက်၍ သဘာဝငါးသယံဇာတများ အများအပြားဖမ်းဆီး၍ ထုတ်ယူခြင်းသည် ငါးသယံဇာတများကို ဆုံးရှုံးလာစေနိုင်သည်ဖြစ်သဖြင့် မိမိတို့အနေဖြင့် အားမပေးဘဲ ခေတ်မီနည်းကျ စနစ်တကျမွေးမြူခြင်းကို အားပေးပါကြောင်း။
နွားမွေးမြူရေးနှင့်ပတ်သက်၍ အသားထုတ်လုပ်ခြင်းနှင့် နို့ထုတ်လုပ်ခြင်းဟူ၍ရှိပြီး ဒေါ်လာ သန်း ၁၀၀ နီးပါးတန်ဖိုးရှိ နို့နှင့်နို့ထွက်ပစ္စည်းများကို နှစ်စဉ်ပြည်ပမှတင်သွင်းနေရကြောင်း၊ မိမိတို့နိုင်ငံတွင်း၌ အောင်မြင်အောင်ထုတ်လုပ်နိုင်သည့် အခြေအနေများရှိပြီးဖြစ်သဖြင့် နိုင်ငံအတွင်း နို့နှင့်နို့ထွက်ပစ္စည်းလိုအပ်ချက်များကို ပြည့်မီအောင်ထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ မိရိုးဖလာမွေးမြူခြင်းထက် နည်းစနစ်ကျနသည့် မွေးမြူရေးစနစ်ကို ဖော်ဆောင်ပေးသွားရမည်ဖြစ်ကြောင်း။
ရှေ့လုပ်ငန်းစဉ် ၅ ရပ်အနက် တတိယအချက်သည် “စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်” ဟူ၍ဖြစ်ကြောင်း၊ မိမိတို့သည် အခြေခံဥပဒေအရ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းလျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို စောင့်ရှောက်ရန် တာဝန်ရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို မဲပေးသည့်အချိန်တွင် မဲပေးခွင့်ရှိသူများအနက် ၉၂ ဒသမ ၄၈ ရာခိုင်နှုန်း ထောက်ခံမဲပေးခဲ့ပြီး အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ရှိအခြေအနေနှင့် သင့်လျော်သည့် လိုအပ်သည့်ပြင်ဆင်မှုများ ဆောင်ရွက်ရမည်ကို မိမိတို့အနေဖြင့် လက်ခံပြီးဖြစ်ကြောင်း၊ ပြင်ဆင်သင့်သည်များကိုပြင်ဆင်ပြီး မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးကို သွားရမည်ဖြစ်သဖြင့် လွှတ်တော်လမ်းကြောင်းကို မဖြစ်မနေသွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီများ ပြင်ဆင်ဖွဲ့စည်းရန် လိုအပ်သည့်အတွက် ပြီးခဲ့သည့်လတွင် နိုင်ငံရေး ပါတီများမှတ်ပုံတင်ရန် ဥပဒေကိုလည်း ပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်ကြောင်း၊ အမှန်တကယ် နိုင်ငံရေးလုပ်ဆောင်လိုသူများ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အခွင့်အလမ်းပေးသည့်အနေဖြင့် နိုင်ငံရေးပါတီများကို လျော့ပေါ့စွာဖြင့် ဖွဲ့စည်းပေးခဲ့ကြောင်း၊ ယခင် ၁၉၆၂ ခုနှစ် နောက်ပိုင်းကာလတွင် တစ်ပါတီစနစ်ဖြင့်သွားခဲ့ပြီး ကွန်မြူနစ်အုပ်စုများ၊ ဒီမိုကရေစီအုပ်စုများနှင့် သဘောထားကွဲလွဲမှုများရှိခဲ့ကြောင်း၊ သို့သော်လည်း ပါတီအနေဖြင့် မြန်မာ့နည်း၊ မြန်မာ့ဟန်ဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီစနစ်ကိုသွားခဲ့ကြောင်း၊ ယင်းကို လက်မခံနိုင်သူများအနေဖြင့် တစ်ပါတီကိုကာကွယ်ထားသည့် ဥပဒေရှိနေသည့်အတွက် နိုင်ငံရေးထွက်ပေါက်မရှိခဲ့ကြောင်း၊ ၁၉၇၄ ခုနှစ် အခြေခံဥပဒေတွင်လည်း တစ်ပါတီစနစ်ဖြင့်သာ လျှောက်လှမ်းခဲ့ခြင်းဖြစ်သောကြောင့် ၁၉၈၈ ခုနှစ် အရေးအခင်းကာလတွင် ဒီမိုကရေစီ အခွင့်အရေးကို တောင်းဆိုမှုများရှိခဲ့ပြီး ယခင်ဖွဲ့စည်းပုံဥပဒေပျက်ခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လမ်းခင်းပေးမည်ဖြစ်သဖြင့် ၁၉၉၀ ပြည့်ရွေးကောက်ပွဲတွင် ပါတီများဖွဲ့စည်းနိုင်သမျှဖွဲ့စည်းပြီး လုပ်ပိုင်ခွင့်များပေးခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ယင်းကိစ္စနှင့်ပတ်သက်၍ ကောင်စီအစည်းအဝေးတွင်လည်း ဆွေးနွေးခဲ့ကြောင်း၊ ပါတီများများပြားခြင်းကြောင့် ပါတီဝင်အင်အားနည်းပါက ၎င်းတို့ လှုပ်ရှားရသည့် နယ်မြေကျဉ်းမြောင်းမည်ဖြစ်ပြီး အခွင့်အရေးရရှိမှုသည်လည်း နည်းပါးမည်ဖြစ်ကြောင်း၊
ထို့ကြောင့် လူထုအားဖြင့် လုပ်ဆောင်ခြင်းသည် ပိုမိုကောင်းမွန်မည်ဟု ဆွေးနွေးခဲ့ကြပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ပြင်ဆင်သည့်ဥပဒေကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးတွင် နိုင်ငံရေးလုပ်ဆောင်လိုသူများပြားပြီး ယင်းနိုင်ငံရေးသည်လည်း အမှန်တကယ် အကောင်အထည်ဖော်နိုင်ရန်လိုကြောင်း၊ ပါတီများ၏ပါတီနိုင်ငံရေး ဦးတည်ချက်ဟူသည်မှာ နိုင်ငံကိုပုံဖော်ရန်ချမှတ်ထားသည့် အတွေးအခေါ်အယူအဆပင်ဖြစ်ပြီး ယင်းကို အကောင်အထည်ဖော်ရန်အတွက် လွှတ်တော်လမ်းကြောင်းတွင် ပါဝင်နိုင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပါတီငယ်များများပြားနေပါက လုပ်ဆောင်နိုင်မည်မဟုတ်သဖြင့် ဦးစီးခေါင်းဆောင်မှုကောင်းသည့် ပါတီများတည်ရှိခြင်းသည် ပိုမိုကောင်းမွန်မည်ဟု ယူဆပါကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ထုတ်ပြန်ခဲ့ပြီး ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း၊ တည်ဆဲပါတီများအနေဖြင့် ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင်ရန်လိုအပ်ပြီး မှတ်ပုံတင်ခြင်းမရှိပါက အလိုအလျောက်ပျက်ပြယ်သွားမည်ဖြစ်ကြောင်း၊ ပါတီအသစ်များအနေဖြင့်လည်း မှတ်ပုံတင်ရန်လိုအပ်ပြီး လက်ရှိတွင် လာရောက်မှတ်ပုံတင်ခြင်းများ ဆောင်ရွက် လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ပါတီများနှင့်ပတ်သက်၍ ၎င်းတို့၏ လုပ်ဆောင် ချက်များကိုလည်း ဥပဒေအရခွင့်ပြုသင့်သည်များကို ခွင့်ပြုပေးသွားရမည်ဖြစ်ကြောင်း၊ ပါတီများဖွဲ့စည်းပြီးပါက ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သင့်သည်များကို ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယင်းတို့သည် မလွဲမသွေလုပ်ဆောင်ရမည်များဖြစ်သည်ကို ပြောလိုကြောင်း။
“တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်။” ဟု ရှေ့လုပ်ငန်းစဉ် စတုတ္ထအချက်အနေဖြင့် ချမှတ်ထားကြောင်း၊ ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ရာတွင် တိုင်းပြည်ငြိမ်းချမ်းမှုရှိရန် မဖြစ်မနေလိုအပ်ကြောင်း၊ ကမ္ဘာပေါ်တွင် ဒီမိုကရေစီအပေါ် အကြမ်းဖက်မှုဖြစ်စဉ်များ ရှိနေသည့် တိုင်းပြည်များသည် တိုးတက်မှုထိခိုက်နှောင့်နှေးနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ဒီမိုကရေစီကိုအကြောင်းပြ၍ အာဏာတည်မြဲအောင်လုပ်ဆောင်နေသည့် တိုင်းပြည်များသည်လည်း အခက်အခဲများရှိမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ယင်းကဲ့သို့ အခက်အခဲများမရှိစေရေး တည်ငြိမ်အေးချမ်းမှုများရှိအောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ တည်ငြိမ်အေးချမ်းမှသာလျှင် နိုင်ငံတော်၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတို့ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးကမ်းလှမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းကိုမျှ ၎င်းတို့ကို တရားဝင်ခွင့်ပြုထားသည့် အခြေချစခန်းများသို့ သွားရောက်တိုက်ခိုက်ခြင်းများမလုပ်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေးတွင် ရိုးသားမှုရှိရမည်ဖြစ်ကြောင်း၊ နယ်ချဲ့လက်အောက်တွင် သွေးခွဲအုပ်ချုပ်ခံခဲ့ရမှု၏ အကျိုးဆက်များကြောင့် မငြိမ်းချမ်းခြင်း၏အကျိုးဆက်ကို ယခုထက်တိုင်ခံစားနေရ ခြင်းဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် အခက်အခဲများတွေ့ရကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် တစ်ဖက်နှင့်တစ်ဖက် သဘောထားကြီးစွာဖြင့် ဆွေးနွေးဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်အတွက် ဖြစ်နိုင်သည်များနှင့် ဖြစ်သင့်သည်များကို အကြေအလည်ဆွေးနွေးအဖြေထုတ်ရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားအားလုံး တူညီသည့်အခွင့်အရေးကိုသာ ရရှိရမည်ဖြစ်ကြောင်း၊ မဖြစ်နိုင်သည်များကို တောင်းဆိုနေ၍မရဘဲ တိုင်းပြည်အကျိုး၊ ပြည်ထောင်စုအကျိုးကိုသာကြည့်၍ ဆောင်ရွက်ကြစေလိုကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး မိမိတို့အနေဖြင့် အကောင်းဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရှေ့လုပ်ငန်းစဉ် စတုတ္ထအချက်ဖြစ်သည့် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ အကောင်းဆုံးဖြစ်အောင် အတတ်နိုင်ဆုံးဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးအဖွဲ့အစည်းများအနေဖြင့်လည်း ပြည်ထောင်စုအကျိုးစီးပွားကို ရေရှည်ကြည့်၍ သမာသမတ်ရှိစွာဖြင့် ဆွေးနွေးဆောင်ရွက်သွားကြရန်လိုကြောင်း။
ရှေ့လုပ်ငန်းစဉ်များအနက် နောက်ဆုံးအချက်တွင် “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဟူ၍ ချမှတ်ထားကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာခဲ့ရခြင်းသည် ရွေးကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကြောင့်ဖြစ်ကြောင်း၊ ယခင်အစိုးရလက်ထက် ရွေးကောက်ပွဲ၌ သိက္ခာမဲ့သောရွေးကောက်ပွဲဖြစ်ခဲ့သဖြင့် မိမိတို့အနေဖြင့် သိက္ခာရှိသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်သွားရမည်ကြောင်း၊ ရွေးကောက်ပွဲသည် နိုင်ငံ့ခေါင်းဆောင်အထိ ရွေးခြယ်ခြင်းဖြစ်သဖြင့် စနစ်တကျဖြင့် မှန်ကန်မှုရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခင်ရွေးကောက်ပွဲ၌ မဲစာရင်းကွာဟမှုများစွာဖြစ်ပွားခဲ့သည်ကို တွေ့မြင်ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် လာမည့် ရွေးကောက်ပွဲတွင် မဲစာရင်းများမှန်ကန်ရန်လိုပြီး မိမိတို့အနေဖြင့် စစ်မှန်ပြီး တရားမျှတသည့်ရွေးကောက်ပွဲတစ်ရပ်ကို ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းရေးကို စတင်ဆောင်ရွက်ပေးရမည်ဖြစ်ပြီး မဲစာရင်းများမှန်ကန်စေရေး သန်းခေါင်စာရင်းများကို အမှန်အတိုင်းဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်ရရှိစေရေး မဲစာရင်းများကို ပြုစုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်မှသာလျှင် မဲစာရင်းများမှန်ကန်မည်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံတိုင်းတွင် ၁၀၀ ရာခိုင်နှုန်းမှန်ကန်သည့် ရွေးကောက်ပွဲဟူ၍မရှိဘဲ ရာခိုင်နှုန်းအနည်းငယ်ကွဲလွဲမှုများ ရှိကြကြောင်း၊ သို့သော်လည်း ရွေးကောက်ပွဲတွင် ကြီးမားသည့်မဲစာရင်းကွဲလွဲမှုများကို မည်သည့်နိုင်ငံကမျှ လက်မခံကြကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် မှန်ကန်သည့် မဲစာရင်းများဖြစ်စေရေး၊ မဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်ရရှိရေးကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးခြင်း မပေးခြင်းသည် မဲပေးသူများ၏ အခွင့်အရေးဖြစ်ပြီး မဲပေးခွင့်ရရှိအောင် ဆောင်ရွက်ပေးရန်မှာ အစိုးရ၏တာဝန်ပင်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ် စတင်ကျင့်သုံးသည့်ကာလကစပြီး အထွေ ထွေရွေးကောက်ပွဲ (၃)ကြိမ်ကျင်းပခဲ့ပါကြောင်း၊ နိုင်ငံတွင် မြို့နယ် ၃၃၀ မြို့နယ်ရှိပြီး ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ၃၂၅ မြို့နယ်၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ၃၂၃ မြို့နယ်နှင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ ၃၁၅ မြို့နယ်တို့၌ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ပါကြောင်း၊ တဖြည်းဖြည်းဖြင့် ရွေးကောက်ပွဲကျင်းပနိုင်သည့် မြို့နယ်များကျဆင်းလာသည်ကို တွေ့မြင်ရပြီး ဒီမိုကရေစီစနစ်ကိုဖော်ဆောင်မည်ဟူသည့် အစိုးရများလက်ထက်တွင် ပြည်သူ့ဆန္ဒဖော်ထုတ်နိုင်မှု ပိုမိုပြီးနည်းပါးသွားသည်ကို သတိပြုဖွယ်တွေ့ရပါကြောင်း။
ရွေးကောက်ပွဲများ ကျင်းပရာတွင်လည်း နိုင်ငံသားတစ်ဦးချင်း၏ ဆန္ဒသဘောထားကို လွတ်လပ်စွာဖော်ထုတ်နိုင်ရေး ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု၊ မတရားတိုက်တွန်းမှု၊ လူအုပ်စုဖြင့် အနိုင်ကျင့်လွှမ်းမိုးမှု စသည့် မတရားမှုများ ကင်းဝေးရမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် တစ်နိုင်ငံလုံးအကြားအလပ်မရှိ အထွေထွေရွေးကောက်ပွဲကျင်းပပေးနိုင်ရေး၊ မဲပေးကြမည့် နိုင်ငံသားအားလုံး မတရားမှုများမှကင်းဝေးစေရေး ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်မရှင်တစ်ခုတည်း၏ တာဝန်သာမဟုတ်ဘဲ အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ သိက္ခာရှိသည့် ရွေးကောက်ပွဲနှင့် မှန်ကန်သည့်ရွေးကောက်ပွဲဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်းကို အလေးအနက်ထားပြောကြားလိုကြောင်း။
မိမိတို့၏ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့်ပတ်သက်၍ ဆောင်ရွက်သွားရန်လိုအပ်သည်များကို ပြောကြားခဲ့ခြင်းဖြစ်ပြီး ဆက်လက် ပြောကြားလိုသည်မှာ နိုင်ငံတကာဆက်ဆံရေးနှင့်စပ်လျဉ်း၍ မိမိတို့နိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အဓိကအဖွဲ့အစည်းများဖြစ်သည့် အာဆီယံနှင့် ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒမှာ လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒဖြစ်ကြောင်း၊ နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက် ဆက်ဆံရေး၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်အပေါ်တွင်အခြေခံ၍ အားလုံးကို ဆက်ဆံကြောင်း၊ အာဆီယံတွင် ၁၉၉၇ ခုနှစ်၌ နောက်တိုးအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လာခြင်းဖြစ်ကြောင်း။
မိမိတို့နိုင်ငံနှင့်ပတ်သက်၍ နိုင်ငံတကာကပြောဆိုနေသည့်ကိစ္စများတွင် မှားယွင်းနေသည်များရှိကြောင်း၊ အခါအားလျော်စွာ မိမိတို့နိုင်ငံသို့ရောက်ရှိလာသည့် ဧည့်သည်တော်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ သံတမန်များ၊ စီးပွားရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများက ၎င်းတို့ပြည်ပနိုင်ငံများတွင် သိရှိနေသည့်အချက်များနှင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေများမှာ ကွဲလွဲနေသည်ကို သိရှိရသည့်အတွက် အံ့ဩမိသည်ဟု ပြောဆိုကြကြောင်း၊ ၎င်းတို့မှာ မီဒီယာများနှင့် ဘက်လိုက်တင်ပြထားကြသည့် သံတမန်များ၏ အချက်အလက်များကိုအခြေခံ၍ ပြောဆိုနေကြခြင်းဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် အခြေအနေမှန်ကိုသိရှိစေရန်လိုအပ်ကြောင်း၊ မိမိတို့ရပ်တည်ချက်မှာ အာဆီယံ၏ မူဘောင်အတွင်းမှ မှန်မှန်ကန်ကန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများနှင့်စပ်လျဉ်း၍ မိမိတို့နိုင်ငံတွင် နေရပ်စွန့်ခွာသူများကိစ္စမှာ ခေတ်အဆက်ဆက်ဆောင်ရွက်ခဲ့ရသည့်ကိစ္စဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မိမိတို့၏ တိုင်းရင်းသားများကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံသားများကိုလည်း စောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဘင်္ဂါလီများထဲမှ နိုင်ငံသားဖြစ်နေသူများရှိကြောင်း၊ ၎င်းတို့ကိုလည်း ဥပဒေနှင့်အညီ အခွင့်အရေးပေးထားကြောင်း၊ ထို့ပြင် ဘင်္ဂါလီများမှာ ရခိုင်ပြည်နယ်သာမက တစ်နိုင်ငံလုံးရှိ အခြားဒေသများတွင်လည်း နေထိုင်လျက်ရှိကြောင်း၊ ပြန်လည်လက်ခံရေးနှင့်စပ်လျဉ်း၍ ပြဿနာဖြစ်ပေါ်နေသည်မှာ တရားမဝင်လာရောက်နေထိုင်သူများကြောင့် အခက်အခဲဖြစ်နေခြင်းဖြစ်ကြောင်း၊ ပြန်လည်လက်ခံခြင်းကိစ္စနှင့်ပတ်သက်၍ နှစ်နိုင်ငံ သတ်မှတ်ထားသည့် သဘောတူညီချက်များနှင့်အညီသာ လက်ခံသွားမည်ဟု ပြောဆိုထားကြောင်း၊ မကြာခင်က ရခိုင်ပြည်နယ်သို့ တာဝန်ရှိသူများသွားရောက်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် တရားဝင်သဘောတူညီချက်ဖြင့် ဆောင်ရွက်နေမှုအပေါ် ငြင်းဆန်ခြင်းမရှိကြောင်း၊ နှစ်နိုင်ငံသဘောတူညီချက်နှင့်အညီ ပြန်လည်ဝင်ရောက်လာချိန်တွင်လည်း ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့်အညီ အခွင့်အရေးရရှိမည်ဖြစ်ကြောင်း၊ နိုင်ငံသားဥပဒေမှာ ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများအတွက်သာ ဆောင်ရွက်ထားသည့် ဥပဒေမဟုတ်ကြောင်း၊ မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသူများ နိုင်ငံသားပြုခွင့်ရရှိရေးအတွက် ဆောင်ရွက်ထားသည့်ဥပဒေဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများကိစ္စမှာ မိမိတို့အစိုးရသာမက နောင်ပေါ်ပေါက်လာမည့် အစိုးရများကလည်း ဖြေရှင်း ဆောင်ရွက်ရမည့်ကိစ္စဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်အတွက် မှန်မှန်ကန်ကန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
လျှပ်စစ်ဓာတ်အားရရှိရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် လက်ရှိတွင် လျှပ်စစ် ဓာတ်အားအခက်အခဲ ရရှိနေဦးမည်ဖြစ်ကြောင်း၊ ယင်းမှာ ယခင်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းများကို အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းခဲ့ရသည့်အတွက်လည်း ပါဝင်ကြောင်း၊ သို့ဖြစ်၍ မိမိအနေဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းများကို ခွင့်ပြုပေးလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်တွင် အတတ်နိုင်ဆုံး နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက်ကို အပြည့်အဝမဟုတ်သော်လည်း ရာခိုင်နှုန်းမြင့်မြင့်မားမား ပြည့်မီအောင် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ဒေသအစီအစဉ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများကို ကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် စပါးထွက်ရှိသည့်အတွက် စပါးခွံလောင်စာဖြင့်ထုတ်လုပ်သည့် လျှပ်စစ်၊ ဆိုလာလျှပ်စစ်နှင့် လေအားလျှပ်စစ်တို့ကို ဆောင်ရွက်ကြစေလိုကြောင်း၊ ထို့ပြင် လျှပ်စစ်ဓာတ်အားသုံးစွဲရေးတွင်လည်း ဓာတ်အားချွေတာသည့် လျှပ်စစ်ပစ္စည်းများကို သုံးစွဲကြရန်လိုကြောင်း၊ ပို့ဆောင် ရေးစနစ်ကိုလည်း လျှပ်စစ်သုံးစွဲသည့်ပို့ဆောင်ရေးစနစ်ဖြစ်စေရန် မဖြစ်မနေ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လျှပ်စစ်မော်တော်ကားသုံးစွဲမှုကို အောင်မြင်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လျှပ်စစ်မော်တော်ကားတင်သွင်းခွင့်ပြုရာတွင် စိတ်ဝင်စားမှုများနှင့် ကမ်းလှမ်းမှုများရှိကြောင်း၊ ကမ္ဘာ့ရေနံဈေးမှာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာကြောင်း၊ သို့ဖြစ်၍ စက်သုံးဆီသုံးစွဲကိုလျှော့ချနိုင်စေရန် လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်ရန်လိုအပ်ကြောင်း၊ အရည်အသွေးကောင်းမွန်သည့် လျှပ်စစ်မော်တော်ကားများ တွင်တွင်ကျယ်ကျယ်သုံးစွဲနိုင်စေရန် ကြီးကြပ်ရေးအဖွဲ့များက အလေးထား၍ စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ လက်ရှိတွင် ရန်ကုန် - နေပြည်တော် အမြန်လမ်းနှင့် လမ်းဟောင်းတို့တွင် Charging Station များဆောက်လုပ်နေကြောင်း၊ ထပ်မံ၍လည်း နေပြည်တော် - မန္တလေးလမ်း၊ လားရှိုးလမ်း၊ မော်လမြိုင်လမ်းနှင့် ကရင်ပြည်နယ်တို့တွင် တိုးချဲ့ဆောက်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်ကားသုံးစွဲမှုကို တွင်တွင်ကျယ်ကျယ်ဖြစ်စေရန် ဝန်ကြီးဌာနများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ဘက်စုံထောင့်စုံမှ ကြိုးစားဆောင်ရွက်ပါက လာမည့် ၆ လအတွင်း နိုင်ငံတော်အတွက် များစွာ အထောက်အကူဖြစ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။