Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၃)သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဖေဖော်ဝါရီ ၉

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၃)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများကို အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အစိုးရ၏ စီးပွားရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဝင်ငွေနှင့်အသုံးစရိတ်မျှတမှုမရှိသည့် လုပ်ငန်းများရှိနေကြောင်း၊ သို့ဖြစ်၍ ဝင်ငွေနှင့်သုံးငွေမျှတမှုရှိစေရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယခင်အစိုးရလက်ထက်တွင် စီမံခန့်ခွဲမှုလွဲမှားမှုများကြောင့် အချို့နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရကြောင်း၊ အချို့လုပ်ငန်းများသည် လုပ်ငန်းဆောင်ရွက်နိုင်မှုမရှိသော်လည်း လစာငွေပေးချေထားရခြင်းများနှင့် ထိန်းသိမ်းမှုကုန်ကျ စရိတ်များ များစွာရှိနေကြောင်း။

ရပ်တန့်ထားသည့်စက်ရုံများသည် နိုင်ငံ့အတွက်အရှုံးများသာဖြစ်သဖြင့် ပြန်လည်လည်ပတ်ခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အကုန်အကျအနည်းဆုံးနှင့် အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်နိုင်ရေးအတွက် မလိုလားအပ်ဘဲ ငွေကြေးကုန်ကျမှုများမဖြစ်ပေါ်စေရေး မှန်မှန်ကန်ကန်ဆောင်ရွက်ကြစေလိုကြောင်း၊ မှန်မှန်ကန်ကန်ဆောင်ရွက်ခြင်းမရှိပါက အရေးယူခြင်းများကိုလည်းဆောင်ရွက်နိုင်ကြောင်း၊ ဦးစီးခေါင်းဆောင်ရသည့် တာဝန်ရှိသူများအနေဖြင့် မိမိတို့၏လုပ်ငန်းတာဝန်များကို သိရှိအောင်ဆောင်ရွက်ပြီး မှန်ကန်သည့်လမ်းညွှန်ချက်များ ချမှတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့အားပေးအပ်လာသည့်တာဝန်ကို မူဝါဒအားဖြင့် သိရှိဆောင်ရွက်နိုင်ရေး‌ ဆောင်ရွက်သွားရန်လိုကြောင်း။

လာမည့်ကာလတွင် ပို့ဆောင်ရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို မဖြစ်မနေဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့်လည်း သက်ဆိုင်ရာကဏ္ဍအလိုက် အထောက်အကူပြုနိုင်ရေး ကြိုးစားဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပညာရေးတွင် KG + 9 သင်ကြားပြီးမြောက်ချိန်တွင် အသက်မွေးဝမ်းကျောင်းပညာရပ်များ ကူးပြောင်းသင်ကြားနိုင်ရေး အောင်မြင်အောင်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ အောင်မြင်သောပညာရေးစနစ်ဖြစ်အောင် ဝိုင်ဝန်းတည်ဆောက်ပေးကြစေလိုကြောင်း။

နောင်ကျင်းပမည့် အခမ်းအနားများနှင့်ပတ်သက်၍ ဘာသာရေး၊ နိုင်ငံရေး သက်ဆိုင်ရာကဏ္ဍအလိုက် အခမ်းအနားများကို ရိုးရာအစဉ်အလာမပျက် အနှစ်သာရပြည့်ဝစွာဖြင့် ထိထိရောက်ရောက် အောင်အောင်မြင်မြင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံတော်၏ ယဉ်ကျေးမှုနှင့် ကိုးကွယ်မှုတို့သည် ပြင်ပပယောဂများကြောင့် ပျောက်ပျက်သွားခြင်းများမရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနများအလိုက် ပေါင်းစပ်ညှိနှိုင်းကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းဖြင့်ပြောကြားပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။