Skip to main content

နိုင်ငံသားများက နိုင်ငံအနာဂတ်ကိုဖန်တီး

မျက်မှောက်ကာလတွင် နိုင်ငံသားတိုင်း ကျန်းမာရေးအခွင့်အရေးနှင့် နိုင်ငံသားတိုင်း နိုင်ငံသား အခွင့်အရေးရရှိရေးသည် အရေးကြီးသော အခြေခံ အခွင့်အလမ်းများဖြစ်သည်။ ကျန်းမာရေးသည် နိုင်ငံသားတိုင်း၏ တာဝန် ဖြစ်သကဲ့သို့ ရပိုင်ခွင့်ရှိသော အခွင့်အရေးလည်းဖြစ်သည်။ အခြား အခွင့်အရေး တစ်ခုမှာ ရွေးကောက်ပွဲတွင် ပါဝင်မဲပေးခွင့်ရှိရေးဖြစ်သည်။ ယင်းအချက် နှစ်ချက်သည် နိုင်ငံသားများ၏ ရပိုင်ခွင့်နှင့်တာဝန်ဖြစ်ပြီး ယင်းတို့ကို နိုင်ငံတော်အစိုးရက ဖော်ဆောင်ပေး နေသည်။

ပြည်သူ ပြည်သားများ၏ အခွင့်အရေးနှင့်တာဝန်အရ၊ နိုင်ငံ၏သိက္ခာ အရ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင်၊ ကျန်းမာရေးအရ လုံလုံခြုံခြုံ ဖြင့် ကျင်းပနိုင်သည်ကို ပြသလိုပါကြောင်း၊ မိမိတို့ နိုင်ငံသူ နိုင်ငံသားများ၏ အရည်အချင်းသည် ငွေရေးကြေးရေးအပေါ်တွင်သာ အခြေခံခြင်း မဟုတ်ဘဲ တာဝန်သိမှု၊ စည်းကမ်းထိန်းသိမ်းမှု၊ နိုင်ငံအပေါ် သစ္စာစောင့်သိမှုအပေါ် တွင်သာ အခြေခံပြီး အောင်မြင်အောင် လုပ်ဆောင်သွားသည်ကို ပြသလိုပါကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလ အတွင်း ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ စီစဉ်သူများနှင့် အပြန်အလှန်ဆွေးနွေးစဉ် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ငါးနှစ်လျှင်တစ်ကြိမ်ကျင်းပသော ရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ ယခုအခါ ရွေးကောက်ပွဲကျင်းပရန် ရက် ၉၀ ကျော်သာလိုတော့သဖြင့် မဲဆန္ဒရှင်ပြည်သူများ၏ အခွင့်အရေး၊ နိုင်ငံရေးပါတီများ၏ လှုပ်ရှားမှု များကို ပြဋ္ဌာန်းထားသော ဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ကိုင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ရွေးကောက်ပွဲကျင်းပမည့် ၂၀၂၀ ပြည့်နှစ်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကို ဆောင်ရွက် နေသောကာလဖြစ်၍ ထိုကာလတွင် ရွေးကောက်ပွဲ ပြုလုပ်ရာ၌ ရောဂါ ကာကွယ်ရေး ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် နိုင်ပါမှ ရွေးကောက်ပွဲတွင် ပြည်သူများအားလုံး ကျန်းကျန်းမာမာ အောင်အောင်မြင်မြင် ပါဝင်ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။

ရွေးကောက်ပွဲနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်၍ ပြည်သူများ အနေဖြင့် တာဝန်ရှိသကဲ့သို့ ပြည်သူများ၏ ရပိုင်ခွင့်အခွင့်အရေးများလည်းရှိသည်။ ယင်းအခွင့်အ ရေးကို မှန်မှန် ကန်ကန်ရယူနိုင်ခြင်းနှင့် တာဝန်သိသိပါဝင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံသား တာဝန်ကို ကျေပွန်စွာဆောင်ရွက်ခြင်းမည်သလို နိုင်ငံနှင့်နိုင်ငံသားများ၏ ဂုဏ်သိက္ခာကို မြှင့်တင်ဆောင် ရွက်ရာရောက်ပေသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသည် ယခုကာလ၌ အရေးကြီးသော အရေးဖြစ်ပြီး ရောဂါကို ကာကွယ်၊ ထိန်းချုပ်ထားနိုင်ပါက ရွေးကောက်ပွဲများ ကိုလည်း အောင်အောင် မြင်မြင် ချောချောမွေ့မွေ့ ကျင်းပနိုင်မည်ဖြစ်သည်။ ။

မြန်မာနိုင်ငံသည် ဥစ္စာဓနကြွယ်ဝသောနိုင်ငံမဟုတ်သော်လည်း ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်လာနိုင်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုတွင် ရောဂါကင်းစင်ပြီဖြစ်ကြောင်း အသိအမှတ်ပြုနိုင်ခဲ့သည်။ ယင်းသို့ ထိန်းချုပ်ထားနိုင်သည့်အဆင့်သို့ ရောက်ရှိလာသည်ကို နိုင်ငံ အများက အသိအမှတ်ပြုလာကြသည်။ ယခုအခါ မြန်မာပြည်သာမက နိုင်ငံ များကပါ စိတ်ဝင် စားသော ရွေးကောက်ပွဲအကြိုကာလသို့ ရောက်ရှိလာပြီ ဖြစ်သည်။ စိန်ခေါ်မှုများ၊ အခက်အခဲ များကြားမှရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်သူလူထုအများစု စိတ်ဝင်စားမှုရှိကြသည်ကို တွေ့ရှိရသည်မှာ ကောင်းသော လက္ခဏာဖြစ်သည်။ တာဝန်ကျေပွန်သော ပြည်သူလူထုကို အသိ အမှတ်ပြုရမည်ဖြစ်သည်။ နိုင်ငံ၏အနာဂတ်အတွက်၊ မိမိနိုင်ငံ တိုးတက်မှု အတွက် လူတစ် ယောက်၏ ရပိုင်ခွင့်အဆုံးအဖြတ်သည် ရတောင့်ရခဲ အခွင့်အရေးဖြစ်သည်။ မိမိ၏အဆုံးအဖြတ် တစ်ခုသည် နိုင်ငံအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် အရေးပါအရာရောက်သည်ကို ပြည်သူ အားလုံး သိရှိလာကြဖို့အရေးကြီးသည်။

သို့ဖြစ်ရာ ၂၀၂၀ ပြည့်နှစ်ကာလသည် နိုင်ငံ၏အနာဂတ်အတွက် အကောင်းဆုံး အဆုံးအဖြတ် ပေးရမည့် ကာလဖြစ်သည်။ ထိုအဆုံးအဖြတ် သည် ပြည်သူသည်သာ အဓိကဖြစ်သည် ဆိုသည့် အတိုင်း ပြည်သူများကသာ ဆုံးဖြတ်လုပ်ကိုင်ကြရမည်ဖြစ်သည်။ မှန်ကန်သော အသိအမြင် အဆုံးအဖြတ် များ၊ ပူးပေါင်းပါဝင် လက်တွဲမှုများဖြင့် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်သူများ၏ တာဝန်ရှိမှု၊ တာဝန်သိမှု၊ မှန်ကန်သော ဆုံးဖြတ်မှုတို့သည် ဂုဏ်သိက္ခာရှိသော၊ ပိုမိုကောင်းမွန်သော မိမိတို့နိုင်ငံ၏ အနာဂတ်ကို ဖန်တီးပုံဖော်ပေးနိုင်မည်ဖြစ်ပါကြောင်း။