ရန်ကုန် ဇန်နဝါရီ ၁၀
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနက စီစဉ်ကျင်းပသည့် ရှားပါးအထောက်အထားများပြပွဲနှင့် New Views, Fresh Finds သုတေသန စာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ အမှတ် (၆၀၄၊ ၆၀၈) ကုန်သည်လမ်း (၃၁-၃၂)လမ်းကြား ပန်းဘဲတန်းမြို့နယ်ရှိ အမျိုးသား စာကြည့်တိုက် (ရန်ကုန်)၌ ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မြန်မာသမိုင်းအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက် အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ မြန်မာသမိုင်းအဖွဲ့ သမိုင်းပညာရှင် ဆရာကြီး၊ ဆရာမကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မြန်မာသမိုင်းအဖွဲ့ သမိုင်းပညာရှင်ကြီးများကို ကျန်းမာစွာ တွေ့ရသည့်အတွက် ဝမ်းမြောက်ပါကြောင်းနှင့် မိမိတို့အနေဖြင့် စာကြည့်တိုက်များနှင့် ကင်းကွာခဲ့ပါကြောင်း၊ ယခုအခါ နိုင်ငံတော်၏ လမ်းညွှန်မှုဖြင့် နိုင်ငံတကာနည်းတူ ကျောင်းသားဗဟိုပြု ပညာရေးစနစ်ကို ဦးတည်သွားနေပါသဖြင့် စာကြည့်တိုက်အသုံးပြုမှု ပိုမိုတိုးတက်များပြားလာပါကြောင်း၊ ယခင် အမျိုးသားစာကြည့်တိုက်သည် ရန်ကင်းမြို့နယ်တွင် ဖွင့်လှစ်ထားပြီး အဆောက်အဦ တည်နေရာသည် အများ ပြည်သူ၏ မြင်ကွင်းနှင့် ဝေးကွာနေသည့်အတွက် စာဖတ်သူ ပြည်သူများ အလွယ်တကူ လာရောက်ဖတ်ရှုရန် ခက်ခဲမှုရှိခဲ့ပါကြောင်း၊ ယခုအခါ နိုင်ငံတော် သမ္မတရုံး၏ ခွင့်ပြုချက်ဖြင့် ရန်ကုန်မြို့လယ်တွင်ရှိသည့် အမှတ် (၆၀၄/၆၀၈) ယင်းအဆောက်အဦကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ အဆောက်အဦ ပြင်ဆင်မွမ်းမံခြင်း လုပ်ငန်းများ၊ နိုင်ငံတကာ အဆင့်မီ စာကြည့်တိုက်စနစ်များ ထည့်သွင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေတို့ကိုလည်း နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတတို့က လာရောက်ကြည့်ရှုခဲ့ပြီး လမ်းညွှန်ချက်များ အသီးသီးပေးခဲ့ပါကြောင်း၊ စာကြည့်တိုက်ဆိုသည်မှာ မျိုးဆက်သစ်များအတွက် ပညာဗဟုသုတ ရှာမှီးရာ၊ တတ်သိပညာရှင်များ မွေးထုတ်ပေးရာ ဌာနကြီး တစ်ခုဖြစ် ပါကြောင်း၊ အသက်အရွယ်မျိုးစုံ ဆွေးနွေးရာ အသိပညာရှာဖွေရာ ဗဟိုဌာနကြီး တစ်ခုဖြစ်ပါကြောင်း၊ ထို့အတွက် ပညာဘဏ်တိုက်ကြီးအဖြစ် အစဉ်ရှင်သန်နေရန် အားလုံးကြိုးစား သွားရမည် ဖြစ်ကြောင်း၊ ဆရာကြီးများ သက်ရှိထင်ရှားရှိနေစဉ် ပညာအမွေကို လက်ဆင့်ကမ်းရန် မျိုးဆက်သစ်များတွင် တာဝန်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက် ဦးစီးဌာနက ကျင်းပသော “New Views, Fresh Finds” သုတေသန စာတမ်း ဖတ်ပွဲကို တက်ရောက်ပြီး “ရှေးဟောင်းရှားပါး အထောက်အထားများပြပွဲ”ကို လေ့လာ ကြည့်ရှုသည်။
ယနေ့ကျင်းပသည့် “New Views, Fresh Finds” သုတေသန စာတမ်းဖတ်ပွဲတွင် ဒေါက်တာ ခင်မောင်ညွန့်၊ ဒေါက်တာသော်ကောင်း၊ ဦးထွန်းအောင်ချိန်နှင့် ဦးစိုင်းအောင်ထွန်း တို့က သုတေသန စာတမ်းများကို ဖတ်ကြားကြရာ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြသည်။
ရှားပါး အထောက်အထားများပြပွဲကို ဇန်နဝါရီ ၉ ရက်မှ ၁၁ ရက်အထိ နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၃ နာရီခွဲအထိ သုံးရက်တာ ကျင်းပလျက်ရှိပြီး ၁၉၃၈ ခုနှစ်မှ ၁၉၄၉ ခုနှစ်အထိ ထုတ်ဝေခဲ့သည့် မြန်မာ့သမိုင်းဆိုင်ရာ အထောက်အထား ရှားပါးစာအုပ်များကို ပြသလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်