Skip to main content

ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၏ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့များ    အစည်းအဝေးကျင်းပ

လွိုင်ကော် သြဂုတ် ၇

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲတွင် ကယား ပြည်နယ် အတွင်းရှိ မဲဆန္ဒရှင်များ၏ စာရင်းများ ပြည့်စုံမှန်ကန် စေရေးအတွက် ကယားပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများ၏ မဲဆန္ဒရှင် စာရင်းများ ပြည့်စုံ မှန်ကန်ရေး အတွက် ပံ့ပိုး ကူညီရေးအဖွဲ့ အစည်းအဝေးကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က အဖွင့် အမှာစကား ပြောကြားရာတွင် ယနေ့ အစည်းအဝေးသည် မကြာမီ ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်နယ်တွင်းရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ မဲပေးရာတွင် နစ်နာဆုံးရှုံးမှု မရှိစေရေး ပြည်သူများ အခွင့်အရေးကို အကောင်းဆုံး ရရှိရေးအတွက် ဆောင်ရွက်မည့် အစည်းအဝေး ဖြစ်ပါကြောင်း၊ နိုင်ငံတော် သမ္မတရုံးနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ လမ်းညွှန်ချက်များကို သိရှိပြီး ပြည်သူများ၏ အခွင့်အရေး ဆုံးရှုံးမှု မရှိအောင် ဆောင်ရွက်ပေးကြရမည် ဖြစ်ပါ ကြောင်း၊ မဲစာရင်းများ ပြည့်စုံ မှန်ကန်စေရေး အတွက် ပံ့ပိုးကူညီရေး အဖွဲ့ကို ဖွဲ့စည်းဆောင်ရွက် ပေးလိုက်ပြီး ဖြစ်ကြောင်း၊ အဖွဲ့ဝင် (၅) ဦးဖြင့် ဖွဲ့စည်းထားပြီး ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များလည်း ကြီးမားပါ ကြောင်း၊ ဖက်ဒရယ် ဒီမိုကရေစီကို သွားရန် အားလုံးတွင် တာဝန်ရှိသည့် အတိုင်း ပြည်သူများ၏ မဲပေးရာတွင် နစ်နာဆုံးရှုံးမှု အားနည်းချက်များ မရှိစေရေး အားလုံးက ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထိရောက်စွာ ဆောင်ရွက် နိုင်ရန်အတွက် မြေပြင်အခြေအနေ အခက်အခဲများ ရှိပါက တင်ပြကြစေလိုကြောင်း၊ မြေပြင် အခြေအနေတွင် လွဲမှားနေသည့် အားနည်းချက်ကို ထိရောက်စွာ ပြင်ဆင်ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း၊ သို့ဖြစ်ရာလွဲမှားမှုမရှိစေရေး အတွက်အားလုံးက ကြိုးပမ်းဆောင်ရွက် ကြမည်ဖြစ်ပါကြောင်း၊ အားနည်းချက်များ ကို အစိုးရက ဖြည့်ဆည်း ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ ထိရောက်စွာ ဆောင်ရွက် နိုင်အောင် ဝိုင်းဝန်း ဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း၊ အမျိုးသားရေး တာဝန်တစ်ရပ် အနေနှင့် ဝိုင်းဝန်း ဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးမှ ပြည်နယ်အတွင်း မဲဆန္ဒရှင်များ စာရင်း ပြုစုဆောင်ရွက် ထားရှိမှု အဆင့်ဆင့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မြို့နယ် အလိုက် မဲဆန္ဒရှင်များ စာရင်းနှင့် စာရင်းကောက်ယူ၍ မဲစာရင်း ကပ်ကြော်ငြာ ထားသည့် အခြေအနေများ၊ အသေးစိတ် ရှင်းလင်း တင်ပြခြင်း၊ အောက်ခြေအဆင့်ဆင့်တွင် မဲဆန္ဒရှင်စာရင်း အမှားပြင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှု အခြေအနေများ၊ မဲဆန္ဒရှင်များအနက် နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသေးသည့် အခြေအနေများနှင့် ပြုလုပ် ဆောင်ရွက်ပေးရမည့် အခြေအနေများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အဆင့်ဆင့်တွင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့များနှင့် စပ်လျဉ်း၍ လိုအပ်သည်များအား ရှင်းလင်း တင်ပြခဲ့ သည်။

၎င်းနောက် လွိုင်ကော်ခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် ဘောလခဲခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌမှ ရွေးကောက်ပွဲ ကော်မရှင် လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ ကိုယ်စားလှယ် လောင်း အမည်စာရင်း တင်သွင်းမှုများ စိစစ်လက်ခံ ဆောင်ရွက် နေမှုများအား ရှင်းလင်း တင်ပြခြင်းများ ဆောင်ရွက်ခဲ့ သည်။

ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်မှ မဲစာရင်းများ မကပ်မီ စနစ်တကျ ကောက်ယူရန် ပံ့ပိုးထားပြီး ဖြစ်ကြောင်း၊ မြေပြင် အခြေအနေကို ကွင်းဆင်း စိစစ်သွားမည် ဖြစ်ပြီး အချိန်မီ ပြင်ဆင်နိုင်ရန် ဖြစ်ကြောင်း၊ ပြည်သူများ စိတ်အား ထက်သန်စွာ လာရောက် ကြည့်ရှုရန် လိုကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများက ယင်းသို့ ဆောင်ရွက် ထားရှိနေသည်များကို ကျယ်ကျယ်ပြန့်ပြန့် နှိုးဆော် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လူဦးရေ နည်းပါးသည့် မြို့နယ်များသည် မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ အမှား ပြင်ဆင်နိုင်ရန် အတွက် စိစစ်ရေး အဖွဲ့များ ဖွဲ့စည်း၍ အမြန်ဆုံး ဆောင်ရွက်နိုင်အောင် လုပ်ရမည် ဖြစ်ကြောင်း၊ လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် အတွက် လိုအပ်သည်များကို ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ပံ့ပိုးကူညီ ပေးသွားမည် ဖြစ်ကြောင်း၊ စစ်ဆေးရေး အဖွဲ့များ ဖွဲ့စည်းရာတွင် ပါဝင်သင့်သည့် ဌာနများထည့်သွင်း ဖွဲ့စည်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး မှ အောက်ခြေ အဆင့်ဆင့်အားနည်းချက်များ ရှိနေသည်ကို သုံးသပ် တွေ့ရှိရ၍ မှားယွင်းနေမှုများကို သတ်မှတ်ချိန်အတွင်း တက်ညီ လက်ညီ ဆောင်ရွက်ရ မည်ဖြစ်ရာ သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး များသည် အလေးထား ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ဆွေးနွေးကြသည်။

ယင်းနောက် ပြည်နယ်အတွင်းရှိ မဲဆန္ဒရှင်များ၏ မဲစာရင်းများ မှန်ကန်မှုရှိရေးအတွက် ခရိုင်၊ မြို့နယ်၊ ရပ်/ကျေး အဆင့် စစ်ဆေးရေးအဖွဲ့များနှင့် ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်များအား အသေးစိတ် ဆွေးနွေး၍ ဆုံးဖြတ်ချက် ချမှတ်ခြင်း၊ ပြည်နယ် လဝက ဦးစီးမှူးမှ မဲစာရင်းများတွင် ပါဝင်သည့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ လိုအပ်မှုများ၊ မှားယွင်းနေမှုများနှင့် ပတ်သက်၍ မြေပြင် အခြေအနေ ကွင်းဆင်း စိစစ် ဆောင်ရွက်နေသည့် အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်း တင်ပြ ခြင်းများ ဆောင်ရွက်ခဲ့သည်။

၎င်းနောက် တက်ရောက်လာသူများက မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် အကြံပြု ဖြည့်စွက် ဆွေးနွေး တင်ပြ ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိသည်။

အစည်းအဝေးသို့ ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာန နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး၊ စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ၊ စည်ပင်သာယာ ရေးနှင့် လူမှုရေးဝန်ကြီးဌာန ဝန်ကြီး ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် ရွေးကောက်ပွဲ အရာရှိများ၊ ခရိုင်/ မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အောင်ထွန်းလေး (ပြန်/ဆက်)