Skip to main content

ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူး သြဂုတ် ၇

ပဲခူးတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင် ဟံသာခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက အားကစားကဏ္ဍသည် တိုင်းပြည်အတွင်းရှိ အနာဂတ် လူငယ်/လူရွယ်များ ကိုယ်ကာယကြံ့ခိုင်ရေး၊ စိတ်ဓာတ် မြင့်မားရေးနှင့် ပူးပေါင်းဆောင်ရွက် တတ်သည့် အလေ့အကျင့် ကောင်းများ ဖြစ်ပေါ်စေနိုင်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ခရိုင်(၄)ခု မြို့ကြီးများတွင် အားကစားရွာ (Sport Village) များ ဆောင်ရွက်နိုင်ရေး စီစဉ်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးဂုဏ်ဆောင်မှတစ်ဆင့် နိုင်ငံ ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာနိုင်စေရေး အခြေခံပညာ ဦးစီးဌာနများနှင့် ပေါင်းစပ်ကာ ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးအောင်က ပဲခူးတိုင်းဒေသကြီးအတွင်း နှစ်အလိုက် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေး စီစဉ်ထားရှိမှုများနှင့် အားကစားရုံများ ပြုပြင်နေမှုအခြေအနေများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက အခြေခံပညာကျောင်းများအတွက် ငွေကျပ်(၁၁)သိန်း တန်ဖိုးရှိ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဆရာကြီးဦးဆန်းအောင် မှ လက်ခံရယူခဲ့ သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် ပဲခူးတိုင်းဒေသကြီးမှ ဝင်ရောက်ယှဉ်ပြိုင်မှု၊ ဆုတံဆိပ် ရရှိမှုနှင့် အဆင့်ရရှိမှုအခြေအနေမှာ အားကစားနည်း(၃၀)နည်း ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၂၂)ခု၊ ငွေတံဆိပ်(၂၁)ခု၊ ကြေးတံဆိပ်(၂၉)ခု၊ စုစုပေါင်း (၇၂)ခု၊ ပထမတံခွန်စိုက် ဖလား (၃)ခု ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်(၈) ရရှိခဲ့ကြောင်း သိရှိရသည်။            

တိုင်းဒေသကြီး (ပြန်/ဆက်)