Skip to main content

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ထားဝယ် ဩဂုတ် ၇

တနင်္သာရီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဆိုင်ရာ ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် သဘာဝဘေးဖြစ်ပေါ်လာပါက ဖြစ်ပေါ်လာသည့် အခြေအနေအပေါ်မူတည်၍ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သဘာဝဘေးနှင့် ပတ်သက်၍ ဖြစ်စဉ်များအား သက်ဆိုင်ရာတာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီ တင်ပြနိုင်ရန် လိုအပ်ကြောင်း၊ သို့မှသာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ သဘာဝဘေးသင့်ပြည်သူများအား ထောက်ပံ့မှုအချိန်မီပြုလုပ်ပေးနိုင်မည် ဖြစ်ကြောင်း၊ ဆက်သွယ်ရေးမပြတ်တောက်စေရေး ကြိုတင်စီမံဆောင်ရွက်ထားရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသောကော်မတီဝင်များက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေ များအား ရှင်းလင်းဆွေးနွေးရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တနင်္သာရီတိုင်း ဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်က လိုအပ်သည်များ မှာကြားခဲ့သည်။

အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးကျော်ကျော်လတ် (ပြန်/ဆက်)