နေပြည်တော် ဇန်နဝါရီ ၁၀
နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝ အလှများ၊ ခရီးသွားစွဲဆောင်သည့်နေရာများ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာ ယဉ်ကျေးမှုဓလေ့စရိုက်များ၊ လူနေမှုဘဝပုံစံများကို ကြည့်ရှုလေ့လာသိမြင် ခံစားနိုင်ရန် အတွက် အပြည်ပြည်ဆိုင်ရာဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံ အတွင်းသို့ အဆက်မပြတ် ဝင်ထွက်သွားလာလည်ပတ်လျက်ရှိသည်။
၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၃)ရက်နေ့မှ ဇန်နဝါရီလ(၉)ရက်နေ့အထိ တာချီလိတ် နယ်စပ် ဝင်/ထွက် ပေါက်မှတစ်ဆင့် ညအိပ်/နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် ထိုင်းနိုင်ငံ သား (၂၅၈၅၇) ဦးနှင့် တတိယနိုင်ငံသားနိုင်ငံခြားသားခရီးသွားဧည့်သည် (၅၁၀) ဦး၊ လန့်တောင်းနေ့ချင်းပြန်ခရီးစဉ်အနေဖြင့် ထိုင်းနိုင်ငံသား (၂) ဉီး ၊ မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ် အနေဖြင့် ထိုင်းနိုင်ငံသားအများစု ပါဝင်သော တတိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည် (၁၇၂) ဦး၊ ပြည်တွင်းခရီးစဉ်သို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွားဧည့်သည် (၁၂၆၀) ဦး ရှိကြောင်း သိရှိရသည်။
နေ့ချင်းပြန်ခရီးစဉ်အဖြစ် တာချီလိတ်မြို့ရှိ တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ် မုနိဘုရားကြီး၊ ဝမ်ကောင်းဈေး၊ ကိုးမြို့ရှင်နတ်နန်း၊ ရွှေတိဂုံစေတီတော်၊ မြို့လယ်ဓမ္မာရုံ၊ ပဒေါင် ကျေးရွာ၊ နဂါးနှစ်ကောင် ဆရာတော်ကျောင်း၊ ကွမ်ရင်မယ်တော်နှင့် တရုတ်ဘုံကျောင်း၊ ကျောက်တန်းဈေးများသို့ သွားရောက်လည်ပတ်ကြပြီး လန့်တောင်းနေ့ချင်းပြန် ခရီးစဉ်အဖြစ် မိုင်းလင်းဆရာတော်ကျောင်း၊ ရှေးဟောင်းတန်ခိုးကြီးစေတီပုထိုးများ၊ ရှမ်း၊ အာခါ၊ လားဟူစသည့် တိုင်းရင်းသားကျေးရွာများသို့ လေ့လာလည်ပတ်ကြသည်။
ညအိပ်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွားဧည့်သည်များသည် မိုင်းဖြတ်မြို့ရှိ မြတ်စွာဘုရားခြေတော်ရာစေတီ၊ ဈေးတန်းကြီးဘုန်းကြီးကျောင်း၊ သမိုင်းဝင် ဆုတောင်းပြည့် ဆံတော်ရှင်၊ ကျိုင်းတုံမြို့အဝင် ဗုဒ္ဓဥယျာဉ်နှင့် ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိ ဘုရား၊ ဟိုခုံကျောင်း၊မြဘုရားကျောင်း၊ ကျိုင်းရင်းဘုန်းကြီးကျောင်း၊ ဝပ်အင်းကျောင်း၊ စွန်တောင်း စေတီ၊ ကျော့မ်ဆရီစေတီ၊ ရမ်းကုန်းဘုန်းကြီးကျောင်း၊ ပါလျန်ကျောင်း၊ ရပ်တော်မူ ဘုရားကြီး၊ သစ်တစ်ပင်တောင်၊ ကမ္ဘာအေးစေတီ၊ စံပြယန်းလောကျေးရွာ၊ ကတ်တောင် ကျေးရွာ အနီးရှိ ကိုးထပ်ရေတံခွန်စသည့် အထင်ကရနေရာများသို့ သွားရောက်လည်ပတ်ခဲ့ကြပြီး တာချီလိတ် မြို့မှ လေကြောင်းဖြင့် တိုက်ရိုက်ပျံသန်းသည့် ဟဲဟိုး- ရန်ကုန်-မန္တလေး-မြစ်ကြီးနား-လားရှိုးမြို့များမှ တဆင့် မြန်မာနိုင်ငံအတွင်းပိုင်းရှိ ခရီးစဉ်များအား ဝင်ရောက် လည်ပတ်ခဲ့ကြသည်။
နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် တောတောင်ရေမြေသဘာဝ ရှုမျှော် ခင်းများကို ပကတိလေ့လာနိုင်စေရန် ၊ နယ်မြေအသီးသီးရှိ အထင်ကရခရီးစဉ်နေရာများ၊ ဒေသတစ်ခုနှင့်တစ်ခုကွဲပြားခြားနားသော ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များနှင့် လူနေမှုဘဝများကို ကိုယ်တိုင်လေ့လာသိရှိခံစားနိုင်စေရန်အတွက် ဝင်/ထွက်လည်ပတ်ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။
တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၁) ရက်နေ့မှ ဇန်နဝါရီလ (၉) ရက်နေ့အထိ နေ့ချင်းပြန်/ညအိပ်ထိုင်းနိုင်ငံသား (၃၃၁၆၆) ဦး၊ တတိယနိုင်ငံသား အများစု ပါဝင်သော ခရီးသည် (၆၉၂) ဦး၊ လန့်တောင်းနေ့ချင်းပြန်ခရီးစဉ်တွင် ထိုင်းနိုင်ငံသား (၂) ဉီး ၊ မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ် စုစုပေါင်းခရီးသည် (၁၉၆) ဦး၊ ဗီဇာ (ဗီဇာကင်းလွတ်ခွင့်) စုစုပေါင်း ခရီးသည် (၁၄၄၄) ဦးတို့ ဝင်ရောက်လည်ပတ်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သတင်းရရှိသည်။
ဟိုတယ်/ခရီး