Skip to main content

အမျိုးသားစာကြည့်တိုက်(ရန်ကုန်)ကို ဧပြီ ပထမပတ်တွင် ဖွင့်လှစ်ရန်လျာထား

ရန်ကုန် ဇန်နဝါရီ ၁၀

မြန်မာနိုင်ငံ၏ အမျိုးသားစာပေဆု အမွေအနှစ်ဗဟိုဌာန ဖြစ်လာစေရန် ရည်ရွယ်၍ အမျိုးသား စာကြည့်တိုက် (ရန်ကုန်)ကို ၂၀၂၀ပြည့်နှစ် ဧပြီပထမပတ်တွင် ဖွင့်လှစ်သွားနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယခင်က အမျိုးသားစာကြည့်တိုက်(ရန်ကုန်)ကို ရန်ကင်းမြို့နယ် အမှတ် ၈၅ (က) သီရိမင်္ဂလာ ရိပ်သာလမ်း ကမ္ဘာအေးဘုရားလမ်းမကြီးတွင် ဖွင့်လှစ်ထားရှိပြီး အများပြည်သူ အလွယ်တကူ သွားလာအသုံးပြုနိုင်မည့် ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် အမှတ် (၆၀၄/၆၀၈) ကုန်သည်လမ်းရှိ အဆောက်အအုံသို့ ပြောင်းရွှေ့ကာ ပြင်ဆင်မွမ်းမံမှုများ ဆောင်ရွက်လျက် ရှိပြီး ၂၀၂၀ ပြည့်နှစ် ဧပြီလ ပထမပတ်အတွင်း ဖွင့်လှစ်သွားမည်ဖြစ်သည်။

အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် မြန်မာနိုင်ငံအတွင်း ထုတ်ဝေသော စာအုပ်စာနယ်ဇင်းများနှင့် မြန်မာနိုင်ငံအကြောင်း ရေးသားထားသည့် ပြည်ပနိုင်ငံထုတ် စာအုပ်များကို အပြည့်စုံဆုံးဖြစ်အောင် စုဆောင်းထားရှိပြီး ယင်းစာပေပစ္စည်းများ ခေတ်အဆက်ဆက် တည်တံ့နေအောင် ထိန်းသိမ်း၍ မြန်မာနိုင်ငံသားအားလုံးကို ဝန်ဆောင်မှုပေးသော စာကြည့်တိုက် ဖြစ်သည်။

အမျိုးသားစာကြည့်တိုက်တွင် မြန်မာနိုင်ငံအတွင်း အစောဆုံးထုတ်ဝေခဲ့သော စာအုပ်များ၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများနှင့် ပေ၊ ပုရပိုက်များမှစ၍ ယနေ့ထိ ထုတ်ဝေနေသော စာအုပ်၊ စာနယ်ဇင်းများအပြင် မြန်မာနိုင်ငံအကြောင်း ရေးသားထားသည့် ပြည်ပနိုင်ငံထုတ် စာအုပ်များပါ စုဆောင်းထားရှိသည်။

အမျိုးသားစာကြည့်တိုက်ကို မြန်မာနိုင်ငံသား မည်သူမဆို လွတ်လပ်စွာ အသုံးပြုနိုင်ပြီး အမျိုးသား စာကြည့်တိုက်တွင် စာပေဖတ်ရှုလိုပါက စာကြည့်တိုက်၏ မှတ်ပုံတင်ဌာနစိတ် (Information Desk) တွင် အထောက်အထားကတ်ပြား တစ်ခုခုကိုပြ၍ စာရင်းသွင်းရမည်။ ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံခြားသားဖြစ်ပါက နိုင်ငံကူးလက်မှတ်၊ ဧည့်နိုင်ငံသား လက်မှတ်ပြ၍ စာရင်းသွင်းရမည်။ အသက် (၁၂)နှစ်အောက် ကလေးစာဖတ်သူများသည် အုပ်ထိန်းသူတစ်ဦးဦးနှင့်အတူ လာရောက်ဖတ်ရှုနိုင်မည် ဖြစ်သည်။

စာကြည့်တိုက်ဝန်ဆောင်မှုများအနေဖြင့် အထွေထွေစာဖတ်ခန်းတွင် လတ်တလော ၇ နှစ်အတွင်း ထုတ်ဝေထားသော စာအုပ်များ၊ အင်္ဂလိပ်ဘာသာ စာအုပ်များ၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများကို စင်ဖွင့်စနစ်ဖြင့် ထားရှိကြောင်း သိရသည်။ စာဖတ်သူအနေဖြင့် ဖတ်ရှုလိုသော စာအုပ်များကို OPAC (Online Public Access) မှလည်းကောင်း၊ စာအုပ်စင်တွင် ကိုယ်တိုင်ရှာဖွေ၍ လည်းကောင်း ရှာဖွေဖတ်ရှုခြင်း၊ ငှားရမ်းခြင်းများ ပြုလုပ်နိုင်သည်။

ရည်ညွှန်းစာဖတ်ခန်းတွင် မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာများဖြင့် ထုတ်ဝေထားသော ရည်ညွှန်းစာအုပ်များ၊ စာတမ်းများ၊ အစိုးရဌာနများမှ ထုတ်ဝေထားသော စာအုပ်များ၊ တိုင်းရင်းသားဘာသာဖြင့် ထုတ်ဝေထားသော စာအုပ်များ၊ ကုလသမဂ္ဂနှင့် အာဆီယံနိုင်ငံများအကြောင်း ရေးသားထားသော စာအုပ်များကို စင်ဖွင့်စနစ်ဖြင့် ထားရှိသည်။

ရှားပါးစာအုပ်စာနယ်ဇင်းများနှင့် ပေပုရပိုက်များကို ၁၉၄၈ ခုနှစ်နှင့် ယင်းနှစ် မတိုင်မီက မြန်မာနိုင်ငံတွင် ထုတ်ဝေခဲ့သော စာအုပ်များ၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများနှင့် ဘားနာဒ် အခလွတ်စာကြည့်တိုက်မှ ရရှိသော ပေ၊ ပုရပိုက်၊ ကမ္မဝါများကို စင်ပိတ်စနစ်ဖြင့်ထားရှိ၍ စာဖတ်သူက ဖတ်လိုသည်များကို OPAC တွင်ရှာ၍ စာကြည့်တိုက်ဝန်ထမ်းထံတွင် တောင်းယူဖတ်ရှုနိုင်သည်။

Digital Library တွင် အမျိုးသားစာကြည့်တိုက်ရှိ စာပေပစ္စည်းများကို PDF Format, e book format နှင့် Online data base များတွင် ရှာဖွေဖတ်ရှုနိုင်သည်။

ခေတ်မီသတင်းအချက်အလက် (Multimedia Service) နည်းပညာအသုံးပြု၍ နိုင်ငံတကာမှ ထုတ်ဝေသော စွယ်စုံကျမ်းများ၊ စာပေနှင့် အင်္ဂလိပ်ဘာသာစကားဆိုင်ရာ စာအုပ်များ စသည့် ပညာရပ်မျိုးစုံကို လေ့လာဖတ်ရှုနိုင်သည်။

ကလေးများ စာကြည့်တိုက်နှင့် ရင်းနှီးစေရန်နှင့် စာဖတ်ခြင်း အလေ့အကျင့် ပျိုးထောင်ပေးရန် ရည်ရွယ်၍ ကလေးစာကြည့်တိုက်ကို ထည့်သွင်းထားရှိသည်။

မသန်စွမ်းသူများအတွက် စာဖတ်ခန်းတွင် အမြင်အာရုံ၊ အကြားအာရုံ ချို့ယွင်းသူများအတွက် စာပေလေ့လာ ဖတ်ရှုနိုင်ရန်နှင့် အသံထွက်စာအုပ်များ နားထောင်နိုင်ရန် စီစဉ်ထားရှိသည်။

အမျိုးသားစာကြည့်တိုက် (ရန်ကုန်) သည် အမှတ် ၆၀၄/၆၀၈ ကုန်သည်လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြား ပန်းဘဲတန်းမြို့နယ်တွင် တည်ရှိကာ Website လိပ်စာဖြစ်သည့် www.nlm.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။ အမျိုးသားစာကြည့်တိုက် (ရန်ကုန်)ကို နေ့စဉ် နံနက် (၉)နာရီခွဲမှ ညနေ (၄)နာရီခွဲအထိ ဖွင့်လှစ်ထားရှိပြီး တနင်္ဂနွေ၊ တနင်္လာနှင့် အစိုးရရုံးပိတ်ရက်များမှအပ အခမဲ့လာရောက် ဖတ်ရှုလေ့လာနိုင်ကြောင်းနှင့် အသေးစိတ်သိရှိလိုပါက ဖုန်း ဝ၉-၂၅၄၃၇၄၆၉၄ နှင့် ဝ၉-၄၃၀၆၅၂၆၆ တို့တွင် ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။

သတင်း-ဝင်းဝင်းမော်

ဓာတ်ပုံ-ဇော်မင်းလတ်